ဘီဘီစီ၏ ပြည်ပအားကစား ထူးချွန်ဆုကို ဖက်ဒါရာ လေးကြိမ်မြောက်ဆွတ်ခူး

ဘီဘီစီ၏ ပြည်ပအားကစား ထူးချွန်ဆုကို ဖက်ဒါရာ လေးကြိမ်မြောက်ဆွတ်ခူး
Published 16 December 2017

ဖက်ဒါရာအား ၂၀၁၇ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်း ဆုဖလားနှင့်တွေ့ရစဉ် (Photo: AFP)

ဆွစ်ဇာလန်ဂန္ထဝင် တင်းနစ်သမား ရော်ဂျာဖက်ဒါရာသည် ၂၀၁၇ ခုနှစ်အတွက် ဗြိတိန်အခြေစိုက် ဘီဘီစီသတင်းဌာနက ပေးအပ်ချီးမြှင့်သည့် ပြည်ပအားကစားထူးချွန်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဖက်ဒါရာ (၃၆ နှစ်) သည် ၂၀၁၇ ခုနှစ် အတွင်း သြစတြေးလျအိုးပင်းနှင့် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းပြိုင်ပွဲနှစ်ပွဲ အပါအဝင် စုစုပေါင်း ချန်ပီယံဆု ခုနစ်ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် (၂) နေရာအထိ ပြန်လည်မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ၎င်းအနေဖြင့် အမေရိကန် NFL ကစားသမား တွမ်ဘရက်ဒီ၊ အမေရိကန်အမျိုးသမီး ရေကူးကစားသမား လီဒက်ကီ၊ အမေရိကန်အမျိုးသမီး မသန်စွမ်း ပြေးခုန်ပစ် ကစားသမား မက်ဖက်ဒန်၊ သြစတြေးလျအမျိုးသမီး တန်းကျော် ပြေးကစားသမား ဆယ်လီပီယာဆန်၊ နယ်သာလန်မြားသေးပစ် ကစားသမား ဗန်ဂါဝန်တို့ထက် မဲအသာရကာ ထူးချွန်ဆုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ဖက်ဒါရာသည် ဘီဘီစီ ပြည်ပအားကစားထူးချွန်ဆုကို စံချိန်တင်အဖြစ် လေးကြိမ်မြောက် (၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၇) ဆွတ်ခူးရရှိခြင်းဖြစ်ပြီး ယခင်က သုံးကြိမ်စီရရှိထားသည့် အမေရိကန်ဂန္ထဝင် လက်ဝှေ့သမား မိုဟာမက်အလီနှင့် ဂျမေကာ တာတိုအပြေးစံချိန်ရှင် ယူစိန်ဘော့တို့ကို ကျော်ဖြတ်၍ အအောင်မြင်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

“ဗြိတိန် ပရိသတ်တွေက ဘီဘီစီရဲ့ တစ်နှစ်တာ ပြည်ပ အားကစား ထူးချွန်ဆုရရှိသူအဖြစ် ကျွန်တော့်ကို ရွေးချယ်ပေးခဲ့လို့ အတိုင်းမသိ ဂုဏ်ယူမိပါတယ်” ဟု ဖက်ဒါရာက ပြောကြားသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်တွင် လီဗာပူးလ်မြို့ရှိ Echo Arena ၌ ကျင်းပမည်ဖြစ်ပြီး ပြည်တွင်းအားကစားထူးချွန်ဆု ဆန်ခါတင်စာရင်းတွင် ဟာရီကိန်း (ဘောလုံး)၊ ဂျိုရှူအာ (လက်ဝှေ့)၊ မိုဖာရက် (အပြေး)၊ ဟာမီလ်တန် (ဖော်မြူလာဝမ်း) တို့ ပါဝင်နေကြောင်း သိရသည်။      Ref: AFP

Most Read

Most Recent