မိမိသည် ပရိသတ်များကို ဘယ်တော့မှ တလွဲမျှော်လင့်ချက် မပေးဘဲ အမှန်အတိုင်းသာပြောသည်ဟု ကွန်တီ ပြောကြား

မိမိသည် ပရိသတ်များကို ဘယ်တော့မှ တလွဲမျှော်လင့်ချက် မပေးဘဲ အမှန်အတိုင်းသာပြောသည်ဟု ကွန်တီ ပြောကြား
Published 14 December 2017

 

Photo: AFP

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက မိမိသည် ပရိသတ်များကို ဘယ်သောအခါမှ တလွဲ မျှော်လင့်ချက်မပေးဘဲ အမှန်အတိုင်းသာ ပြောကြားသည်ဟု ဟတ်ဒါဖီးလ်(၁-၃)ချယ်လ်ဆီးပွဲ အပြီး ပြောကြားခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်က လန်ဒန်ဒါဘီပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် ဝက်စ်ဟမ်းအသင်းအား အဝေးကွင်း၌ (ဝ-၁)ဂိုး ဖြင့်ရှုံးနိမ့်ခဲ့ပြီး၊ ယင်းပွဲအပြီးတွင် ကွန်တီက မိမိတို့ အသင်းအနေဖြင့် ချန်ပီယံဆုကို ပြန်လည်ထိန်း သိမ်းရန် မလွယ်ကူတော့ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အင်္ဂါ၊ ဗုဒ္ဓဟူး ကြားပွဲစဉ်များမကစားမီ ပွဲစဉ်(၁၆)အပြီး၌ ချယ်လ်ဆီးအသင်းသည် မန်စီးတီးအသင်းနှင့် ရမှတ်(၁၃)မှတ်အထိ ကွာဟသွားခဲ့သည်။ ဝက်စ်ဟမ်းအသင်းအားရှုံးနိမ့်ခဲ့ ပြီးနောက် ကွန်တီက မိမိတို့ ချယ်လ်ဆီးအသင်း အနေဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်မည့် အဆင့်(၄)နေရာအတွင်းဝင်ရန်သာ ပစ်မှတ်ထားရမည်ဖြစ်ကြောင်း ရည်ရွယ်ပြောကြားခဲ့သည်။ သူ၏လက်လျှော့စကားကြောင့် ဝေဖန်မှု အချို့ထွက်ပေါ်လာရာ ကွန်တီက ပြန်လည်တုံ့ပြန် ပြောကြားခဲ့ခြင်းဖြစ်သည်။

"အမှန်တရားတစ်ခုကို ပြောတယ်ဆိုရင် ဒီအမှန်တရားက အမှန်တကယ် ဖြစ်သင့်တာပဲဖြစ်ရပါမယ်။ မန်စီးတီးအသင်းလိုအသင်းမျိုးနဲ့ ယှဉ်ပြိုင်ရာမှာ ချန်ပီယံဆုအတွက် ခက်ခဲတယ်ဆိုတာ လက်ခံနိုင်ရပါမယ်။ သူတို့က ပွဲ တိုင်းကို အနိုင်ကစားနေတဲ့အသင်းပါ။ ဒီလိုအသင်းမျိုးနဲ့ ယှဉ်ပြိုင်ရာမှာ အကောင်းမြင်တာနဲ့ အဆိုးမြင်တာ နှစ်မျိုးရှိပါတယ်။ ကျွန်တော်က တော့ အမှန်တကယ်လက်တွေ့ကိုပဲ မြင်အောင် ကြည့်ပါတယ်။ စကားလုံးလှလှပပတွေနဲ့ လိမ်ညာ နေတာထက်စာရင် အမှန်ကိုပြောဖို့ပဲ ကျွန်တော် လိုလားပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ အမြဲ တမ်းရိုးသားစွာနဲ့ မှန်မှန်ကန်ကန်ပြောဆိုနေတာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားတွေ၊ ကျွန် တော့်ရဲ့ပရိသတ်တွေအပေါ် ကျွန်တော် ရိုးသားမှု အပြည့်ရှိပါတယ်" ဟု ကွန်တီက ပြောကြားခဲ့သည်။

သို့သော် ယင်းကဲ့သို့ပြောဆိုခြင်းမှာ မိမိအ နေဖြင့် အလွယ်တကူအလျှော့ပေးခြင်းမဟုတ် ကြောင်းလည်း ကွန်တီက ပြောကြားခဲ့သည်။ " ဒီလိုမျိုးပြောခဲ့တာ မန်စီးတီးအသင်းကို လိုက်မီဖို့ မကြိုးစားတော့ဘူးလို့ ကျွန်တော် ရည်ရွယ်တာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ မျှော်လင့်ချက်တစ်ခု တော့ရှိပါတယ်။ အဲဒါကတော့ သူတို့အသင်း လာမယ့်ပွဲစဉ်တွေမှာ ခြေချော်လက်ချော်ဖြစ်ပြီး ရှုံးပွဲ တွေတွေ့ကြုံဖို့နဲ့ ကျွန်တော့်အသင်းက နိုင်ပွဲတွေ ဆက်တိုက်ရရှိဖို့ပါပဲ" ဟု ကွန်တီက ပြောကြားခဲ့သည်။

Most Read

Most Recent