ဟတ်ဒါဖီးလ်ကို အနိုင်ယူပြီး ဒုတိယနေရာက မန်ယူကို ဖိအားပေးလိုက်တဲ့ ချယ်လ်ဆီး

ဟတ်ဒါဖီးလ်ကို အနိုင်ယူပြီး ဒုတိယနေရာက မန်ယူကို ဖိအားပေးလိုက်တဲ့ ချယ်လ်ဆီး
Published 13 December 2017

 

ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အင်္ဂါညပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ချယ်လ်ဆီးက ဟတ်ဒါဖီးလ်ကွင်းမှာ အနိုင်ရပြီး ဒုတိယနေရာက မန်ယူ ပွဲမကစားရသေးခင်မှာ အမှတ်တူအနေအထားနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှာ မိုရာတာ နောက်ကျောဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဝီလီယံ ခြေစွမ်းပြပြီး ဟတ်ဒါဖီးလ်ကို (၁-၃)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ၃-၄-၃ နဲ့ ပြန်လည်ပွဲထွက်လာပြီး တိုက်စစ်မှာ ဟာဇက်၊ ပတ်ဒရို၊ ဝီလီယံ၊ ကွင်းလယ်မှာ အလွန်ဆို၊ ဘာကာယိုကို၊ ကွန်တေ၊ မိုဆက်စ်၊ နောက်တန်းမှာ အက်ဇ်ပီလီကွယ်တာ၊ ခရစ္စတန်ဆန်၊ ရူဒီဂါတို့ ပွဲထွက်လာပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကစားကွက်ပိုင်းမှာ အသာရခဲ့သလို၊ ပွဲချိန်(၂၃)မိနစ်မှာပဲ ဟတ်ဒါဖီးလ် ဂိုးသမားရဲ့ ပေးပို့မှုအမှားကတစ်ဆင့် အခွင့်အရေးရခဲ့ပြီး ဝီလီယံရဲ့ ဖန်တီးမှုကို ဘာကာယိုကို အဆုံးသတ်ကာ ဦးဆောင်ဂိုးရခဲ့ပါတယ်။

(၄၃)မိနစ်မှာလည်း အလွန်ဆိုရဲ့ ဖန်တီးပေးပို့မှုကို ဝီလီယံက ခေါင်းတိုက်သွင်းယူခဲ့ပြီး (၅၀)မိနစ်မှာတော့ ဝီလီယံရဲ့ ပေးပို့မှုကို ပတ်ဒရိုက ဧရိယာထဲကနေ အပြင်းကန်သွင်းခဲ့တာပါ။

ဟတ်ဒါဖီးလ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လူစားဝင် ကစားသမား ဒီပွိုင်ထရီက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

အလွန်ဆိုက ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာပြီးနောက်ပိုင်းမှာ သွင်းဂိုး(၉)ဂိုး၊ ဖန်တီးမှု(၄)ကြိမ် ပြုလုပ်ထားပြီး သွင်းဂိုးအတွက် တိုက်ရိုက်ပါဝင်ပတ်သက်မှု (၁၃)ကြိမ်ရှိခဲ့ကာ ဒီကာလအတွင်း ဘယ်ပရီးမီးယားလိဂ်နောက်ခံလူထက်မဆို (၂)ကြိမ်အသာစီးရနေပါတယ်။

ဝီလီယံကတော့ ချယ်လ်ဆီးကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲအတွင်း သွင်းဂိုး(၃)ဂိုးစလုံးမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်မိနစ်(၈၀)မှာ ခရစ္စတန်ဆန်အစား လူစားဝင်ခဲ့တဲ့ ကွင်းလယ်လူ အမ်ပါဒူကတော့ အသက်(၁၇)နှစ် (၈၉)ရက်နဲ့ မော်ရစ်ကစ် နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအသင်းအတွက် ဒုတိယအသက်အငယ်ဆုံး ပွဲထွက်ကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အခြားပွဲတွေမှာတော့ ဘန်လေက အိမ်ကွင်းမှာ စတုတ်စီးတီးကို အက်ရှ်လေဘန်းစ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့သလို၊ ခရစ္စတယ်ပဲလေ့စ်ကလည်း ဝက်ဖို့ဒ်ကို တစ်ပွဲလုံးနီးပါး ရှုံးနေခဲ့ပေမယ့် (၈၉)မိနစ်နဲ့ အချိန်ပိုတို့မှာ ဆာခို၊ မက်အာသာတို့က ဂိုးတွေဆက်တိုက်သွင်းယူပြီး (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
ဘန်လေ ၁-၀ စတုတ်စီးတီး
ဟတ်ဒါဖီးလ် ၁-၃ ချယ်လ်ဆီး
ခရစ္စတယ်ပဲလေ့စ် ၂-၁ ဝက်ဖို့ဒ်

Photo: Ian Hodgson

■ ကလပ်ကမ္ဘာ့ဖလားရလဒ်များ
ဂရီမီယို ၁-၀ ပါချူကာ (ဆီမီးဖိုင်နယ်)
(မိနစ် ၉၀ ဝ-၀၊ အချိန်ပိုတွင် ဂရီမီယိုနိုင်)
ဝီဒတ် ၂-၃ အူရာဝရတ်စ် (ပဉ္စမနေရာလုပွဲ)

■ ကိုပါအီတာလီယာရလဒ်
အင်တာမီလန် ဝ-၀ ပေါ်ဒန်နိုနီ
(ပယ်နယ်တီတွင် ၅-၄ ဂိုးဖြင့် အင်တာမီလန်နိုင်)

■ ဘွန်ဒစ်လီဂါရလဒ်များ
ဝုလ်ဖ်ဘတ် ၁-၁ လိုက်ပ်ဇစ်
ဖရိုင်းဘတ် ၁-၀ မိုချန်ဂလာဘတ်
ဟမ်းဘတ် ၁-၂ ဖရန့်ဖတ်
မိန့်ဇ် ဝ-၂ ဒေါ့မွန်

■ ပြင်သစ်ဖလားရလဒ်များ
တူးလူး ၂-၀ ဘော်ဒိုး
မိုနာကို ၂-၀ ကိန်း
အန်ဂါစ် ၁-၀ မက်ဇ်

 

Most Read

Most Recent