ရိုးရာ လက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်း ကြိုးဝိုင်းသို့ ပြန်လည်ဝင်ရောက်မည်

ရိုးရာ လက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်း ကြိုးဝိုင်းသို့ ပြန်လည်ဝင်ရောက်မည်
Published 12 December 2017

ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် နီကိုလက်စ်ကာတာနှင့် နောက်ဆုံးထိုးသတ်ခဲ့စဉ်က ထွန်းထွန်းမင်းအား တွေ့ရစဉ် (ဓာတ်ပုံ -ကောင်းထက်အောင်)

မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော်  ထွန်းထွန်းမင်းသည် ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူနေခဲ့ရာမှ ကြိုးဝိုင်းအတွင်းသို့ ပြန်လည် ဝင်ရောက်တော့မည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပမည့် နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပါဝင်ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ယင်းစိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်း ခြောက်ဆိုင်း ပါဝင်မည်ဖြစ်ပြီး ထွန်းထွန်းမင်း (မြန်မာ) နှင့် ဒီဂျေးဆူဆေးလ်ဗား (ဘရာဇီးလ်)၊ ထွန်းလွင်မိုး (နဂါးမာန်) နှင့် ပတ်ကျော်လင်းနိုင် (တိုက်ဂါး)၊ စောမင်းမင်း (T&T) နှင့် ယူကလိန်းမင်း (ဘိလပ်မြေစက်ရုံ)၊ ကျော်ဇင်လတ် (T&T) နှင့် ဗျဃ္ဂ (ကျားဖြူ)၊ စွမ်းထက်နိုင် (ဗမာ့သွေး) နှင့် ရွှေဖားစည် (ဘိလပ်မြေစက်ရုံ)၊ အောက်ချင်းလေး (တောင်ဇလပ်)နှင့် ဒိုးလေး (ရိုးရာပုဂံ) တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည် ကနေဒါ မွေထိုင်းလက်ဝှေ့သမား ဒေ့ဗ်လက်ဒပ် (ခ) ဒေဝနှင့် နှစ်ကြိမ်ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအကြိမ်တွင် သရေကျခဲ့ပြီး ဒုတိယအကြိမ်၌ ဒူးဒဏ်ရာကြောင့် အရှုံးပေးခဲ့ရသည်။

ထို့နောက် ထွန်းထွန်းမင်းသည် ဖေဖော်ဝါရီလအတွင်း အင်္ဂလန်နိုင်ငံသား မွေထိုင်းလက်ဝှေ့ သမား နီကိုလက်စ်ကာတာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ထွန်းထွန်းမင်းသည် WLC ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း ဒေ့ဗ်လက်ဒပ် (ခ) ဒေဝနှင့် ယှဉ်ပြိုင်ထိုးသတ်စဉ်ကရရှိခဲ့သည့် ဒူးဒဏ်ရာမှာ ပြန်လည်ထိုးနှက်လာခဲ့သောကြောင့် ကာလရှည်ကြာအနားယူခဲ့ရပြီး ဆေးကုသမှု ခံယူခဲ့ရသည်။

ထွန်းထွန်းမင်းသည် လက်ရှိတွင် ဘရာဇီးလ်နိုင်ငံသား မွေထိုင်းလက်ဝှေ့သမား ဒီဂျေးဆူဆေးလ်ဗားနှင့်  ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရန် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent