မြန်မာယူ-၂၃ အသင်း ဥဇဘက်ကစ္စတန်ကို သရေသာကစားနိုင်ခဲ့၍ အုပ်စုမှထွက်ရရန် နီးစပ်

မြန်မာယူ-၂၃ အသင်း ဥဇဘက်ကစ္စတန်ကို သရေသာကစားနိုင်ခဲ့၍ အုပ်စုမှထွက်ရရန် နီးစပ်
Published 12 December 2017

Photo: vtv

မြန်မာ(ယူ-၂၃) ၂-၂ ဥဇဘက်ကစ္စတန်(ယူ-၂၃)

အုပ်စုအဖွင့်ပွဲမှာ ဗီယက်နမ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ ဒီပွဲမှာလည်း အနိုင်ဂိုးတွေကို မထိန်းနိုင်ခဲ့တာကြောင့် သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းက ဗီယက်နမ်နဲ့ပွဲက လူစာရင်းကို အပြောင်းအလဲတချို့လုပ်ခဲ့ပြီး တိုက်စစ်မှာ သန်းပိုင် ပါဝင်လာခဲ့ပါတယ်။
မြန်မာအသင်းရဲ့ကစားပုံလည်း ကောင်းမွန်ခဲ့ပြီး (၁၇)မိနစ်မှာပဲ စည်သူအောင်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ စည်သူအောင်က မြန်မာအသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် (၄၄)မိနစ်မှာ ဥဇဘက်ကစ္စတန်ကစားသမား ခိုဂျက်ဘာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် မြန်မာအသင်း တစ်ယောက်အသာရရှိခဲ့ပါတယ်။
ဒါပေမဲ့ တစ်ယောက်လျော့ ဥဇဘက်ကစ္စတန်အသင်းက ဒုတိယပိုင်းမှာ မြန်မာအသင်းကို အသာစီးယူ ကစားသွားနိုင်ခဲ့တာကြောင့် မြန်မာအသင်း ရုန်းကန်ခဲ့ရပါတယ်။
မြန်မာအသင်း တန်ပြန်တိုက်စစ်နဲ့သာ အားပြုကစားနေခဲ့ရပြီး (၇၄)မိနစ်မှာတော့ ထောင့်ကန်ဘောကတစ်ဆင့် လွင်မိုးအောင်က ဒုတိယဂိုး ထပ်သွင်းနိုင်ခဲ့တာကြောင့် မြန်မာအသင်း နိုင်ပွဲရရှိဖို့ အလားအလာကောင်းခဲ့ပါတယ်။
ဒါပေမဲ့ ပွဲပြီးခါနီးမှာ နှစ်ဂိုးဆက်တိုက် ပြန်ပေးလိုက်ရတာကြောင့် သရေရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ရတာပါ။
(၈၈)မိနစ်မှာ အက်ဘ်ဒီဇိုလီကော့ဗ်က ပထမချေပဂိုး သွင်းယူခဲ့ပြီး နာကျင်အချိန်ပိုမှာ ယူရင်ဘိုအက်ဗ်က ပယ်နယ်တီကနေ ဒုတိယချေပဂိုး သွင်းယူသွားခဲ့တာပါ။
ဒီပယ်နယ်တီကတော့ မြန်မာအသင်း ဖျက်ထုတ်ခဲ့ချိန်မှာ ဂိုးစည်းအပြင်ဘက်မှာသာ ရှိနေတာကြောင့် အငြင်းပွားစရာတော့ ဖြစ်ခဲ့ရပါတယ်။
မြန်မာအသင်းအနေနဲ့ နှစ်ပွဲကစားအပြီးမှာ တစ်မှတ်သာ ရရှိခဲ့တာကြောင့် အုပ်စုက ထွက်ရဖို့ နီးစပ်သွားခဲ့ပြီး ဗီယက်နမ်နဲ့ ဥဇဘက်ကစ္စတန်ပွဲမှာ ဗီယက်နမ်အသင်းက ဥဇဘက်ကစ္စတန်ကို (၄)ဂိုးထက်ပိုပြတ်တဲ့ရလဒ်နဲ့ အနိုင်ရမှသာ အုပ်စုဒုတိယနေရာကို မျှော်လင့်နိုင်တော့မှာပါ။

Most Read

Most Recent