မိမိသာလျှင် အကောင်းဆုံး ကစားသမားဖြစ်ပြီး အခြားသူများ အနေဖြင့် မိမိကဲ့သို့ ပြီးပြည့်စုံသူဖြစ်လာမည် မဟုတ်ဟု ရီးယဲလ်အသင်းကစားသမား စီရော်နယ်လ်ဒို ကြုံးဝါး

မိမိသာလျှင် အကောင်းဆုံး ကစားသမားဖြစ်ပြီး အခြားသူများ အနေဖြင့် မိမိကဲ့သို့ ပြီးပြည့်စုံသူဖြစ်လာမည် မဟုတ်ဟု ရီးယဲလ်အသင်းကစားသမား စီရော်နယ်လ်ဒို ကြုံးဝါး
Published 11 December 2017

ဒီဇင်ဘာ ၉ ရက်က ဘာနေဗျူးကွင်း၌ စီရော်နယ်လ်ဒို ရရှိထားသည့် Ballon d'Or ဆုများအား ပြသနေစဉ် (Photo: AFP)

ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက မိမိသာလျှင် ဘောလုံးလောက၏ အကောင်းဆုံးကစားသမားဖြစ်ကြောင်း ကြုံးဝါး ပြောဆိုခဲ့သည်။

စီရော်နယ်လ်ဒိုသည် ဒီဇင်ဘာ ၇ ရက်က ချီးမြှင့်သည့် Ballon d'Or ဆုကို လက်ခံရယူပြီးနောက် ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ယခုလို ပြောကြားခြင်းဖြစ်သည်။ “ဘယ်ကစားသမားမျှ ကျွန်တော့်လောက် တစ်ဦးချင်းဆုတွေ မရဖူးပါဘူး။ ကျွန်တော်က Ballon d'Or ဆုတစ်မျိုးတည်း ပြောတာမဟုတ်ဘဲ တခြားအရာတွေလည်းပါပါတယ်။ ဒီလိုဖြစ်လာတာဟာ လူတွေထင်နေသလို အားကစားရုံမှာ လေ့ကျင့်နေရုံတင်မဟုတ်ဘဲ အမျိုးမျိုးသော အကြောင်းအရာတွေ ပေါင်းစပ်ပြီးမှ ဖြစ်လာတာပါ။ ဖလွိုက်မေဝယ်သာ (လက်ဝှေ့)၊ လီဘရွန်ဂျိမ်းစ် (ဘတ်စကက်ဘော)တို့လို ဂန္ထဝင်တွေလည်း ကံတရားတစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့ အခြေအနေ ရောက်လာတာမဟုတ်ဘဲ အကြောင်းအရာများစွာအတူ ပေါင်းစပ်ပြီးမှ ရရှိလာတာပါ။ ထိပ်ဆုံးနေရာရောက်ဖို့နဲ့ အဲဒီနေရာမှာ နေနိုင်ဖို့ဆိုရင် တခြားသူတွေထက် အမြဲတမ်း ပိုတော်နေရမှာပါ။ လူတွေ အားလုံးရဲ့ ရွေးချယ်မှုကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ထက်ပိုတော်တဲ့သူ ဘယ်သူမျှမရှိဘူးလို့ပဲ အမြဲတမ်း တွေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို စွမ်းဆောင်နိုင်တဲ့ ဘောလုံးသမား ဘယ်သူမျှမရှိပါဘူး။ ကျွန်တော့်လောက် ပြီးပြည့်စုံတဲ့ ကစားသမားလည်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ခြေထောက်နှစ်ဖက်စလုံးနဲ့ ကောင်းကောင်းကစားနိုင်တယ်၊ လျင်မြန်မှု ရှိတယ်၊ အင်အားရှိတယ်၊ ခေါင်းတိုက်ကောင်းတယ်၊ ဂိုးတွေသွင်းနိုင်သလို ဂိုးဖန်တီးမှုတွေလည်း လုပ်နိုင်တယ်။ လူတွေက နေမာ ဒါမှမဟုတ် မက်ဆီတို့ကို ရည်ညွှန်းပြီး ပြောနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ်တိုင်ထက်ပိုပြီး ပြည့်စုံတဲ့သူမရှိဘူးလို့ ခံယူထားပါတယ်။ ကျွန်တော်က ဘဝင်မြင့်နေတယ်လို့ ခင်ဗျားက ပြောလိမ့်မယ်။ ထိပ်ဆုံးရောက်နေချိန်မှာ ဝေဖန်ခံရတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က သမိုင်းတစ်လျှောက် အကောင်းဆုံးပါပဲ” ဟု ၎င်းက ပြောကြားသည်။

စီရော်နယ်လ်ဒိုနှင့် မက်ဆီသည် FIFA နှင့် Ballon d'Or ဆုကို ငါးကြိမ်စီ ဆွတ်ခူးရရှိထားသည်။

Most Read

Most Recent