မန်စီးတီး ကစားသမားများမှာ လေတိုက်ရုံဖြင့် လဲကျတတ်သည်ဟု ဒါဘီပွဲမတိုင်မီ မော်ရင်ဟို စကားစစ်ထိုး

မန်စီးတီး ကစားသမားများမှာ လေတိုက်ရုံဖြင့် လဲကျတတ်သည်ဟု ဒါဘီပွဲမတိုင်မီ မော်ရင်ဟို စကားစစ်ထိုး
Published 10 December 2017

၂၀၁၆-၂၀၁၇ ရာသီ အိုးလ်ထရက်ဖို့ဒ်ကွင်း၌ကစားသည့်ပွဲတွင် မော်ရင်ဟိုနှင့် မန်စီးတီးအသင်းကစားသမား စတာလင် စကား အချေအတင်ပြောနေစဉ် (Photo: AFP)

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက မြို့ခံပြိုင်ဘက် မန်စီးတီးကစားသမားများသည် လေတိုက်ရုံမျှဖြင့် လဲကျတတ်ကြောင်း ဒီဇင်ဘာ ၈ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားသည်။

မန်ယူနှင့် မန်စီးတီးအသင်းသည် ဒီဇင်ဘာ ၁၀ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ မော်ရင်ဟိုက ပြိုင်ဘက်အသင်းအား စကားစစ်ထိုးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “သူတို့က အသင်းကောင်း တစ်သင်းပါ။ သူတို့က ဘောလုံးဆုံးရှုံးနေချိန်မှာ ခံစစ်ကစားပုံကောင်းမွန်ပြီး တိုက်စစ်ပိုင်းကလည်း ရွေ့လျားဖန်တီးမှုတွေ ကောင်းပါတယ်။ သူတို့အသင်းမှာ အံ့အားသင့်စရာ ကစားသမားတွေရှိသလို ထူးချွန်ထက်မြက်တဲ့ နည်းပြလည်း ပိုင်ဆိုင်ထားပါ တယ်။ သူတို့ဆီမှာ ကောင်းတဲ့အချက်တွေ အများကြီးပါပဲ။ ကျွန်တော်မကြိုက်တဲ့အချက်ဆိုရင်တော့ သူတို့က ဟန်ချက်မထိန်းနိုင်ဘဲ ခပ်လွယ်လွယ် လဲကျတတ်တာပါ။ လေနည်းနည်းလောက် တိုက်ရင်တောင် သူတို့လဲကျတတ်တာ ခင်ဗျားလည်းသိပါတယ်”  ဟု မော်ရင်ဟိုက ပြောကြားသည်။ ထို့ပြင် မန်စီးတီး နည်းပြ ဂွါဒီယိုလာအနေဖြင့် ကာတာလိုနီယာ ဒေသမှ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးသမားများ လွတ်မြောက်ရေးအတွက် အင်္ကျီရင်ဘတ်တွင် ဖဲကြိုးဝါတပ်ဆင်ခြင်းနှင့် ပတ်သက်၍ မော်ရင်ဟိုက “ကျွန်တော်ဆိုရင် အဲဒီလိုလုပ်ခွင့်ရမှာ မဟုတ်ဘူးလို့ထင်တယ်။ ဒါက ကျွန် တော့်အတွေးသက်သက်ပါ။ စည်းမျဉ်းအရဆိုရင်တော့ သူက လွတ်လပ်တဲ့နိုင်ငံသားတစ်ဦးဖြစ်လို့ စိတ်ကြိုက်လုပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာ နိုင်ငံရေးအပြုအမူတွေ လုပ်ဖို့ ခွင့်ပြုထားသလားဆိုတာတော့ ကျွန်တော်လည်း အသေအချာမသိပါဘူး”  ဟု ပြောကြားသည်။ ချန်ပီယံဆုအတွက် မန်ချက်စတာနှစ်သင်းသာ ယှဉ်ပြိုင်ရမည်လားဟု မေးမြန်းမှုကို မော်ရင်ဟိုက ငြင်းဆန်ပယ်ချပြီး မိမိအသင်းအပြင် အခြားအသင်းများလည်း ဖြစ်နိုင်ခြေရှိကြောင်း သုံးသပ်ပြောကြားသည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကမူ မိမိနှင့် မော်ရင်ဟိုသည် အောင်မြင်မှုအား ဆာလောင်သည့်နေရာတွင် အမြွှာများကဲ့သို့ တူညီမှုကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲ ၌ ပြောကြားသည်။ ယနေ့ပွဲတွင် ဒဏ်ရာမှ သက်သာလာသည့် နောက်ခံလူ ဖီးလ်ဂျုံးစ်နှင့် အီဘရာဟီမိုဗစ် ပါဝင်နိုင်မည်ဖြစ်ပြီး ဖယ်လေနီ၏အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း မော်ရင်ဟိုက ပြောကြားပြီး မန်စီးတီးအသင်းတွင်လည်း ဒေးဗစ်ဆေးလ်ဗား ပါဝင်မည်ဟု ဂွါဒီယိုလာက ဆိုသည်။

Most Read

Most Recent