မက်ဆီနှင့် ဆက်လက် ယှဉ်ပြိုင်သွားမည်ဟု ၂၀၁၇ Ballon d'Or ဆုရှင် စီရော်နယ်လ်ဒို ပြောကြား

မက်ဆီနှင့် ဆက်လက် ယှဉ်ပြိုင်သွားမည်ဟု ၂၀၁၇ Ballon d'Or ဆုရှင် စီရော်နယ်လ်ဒို ပြောကြား
Published 9 December 2017

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်သည့် ၂၀၁၇ ခုနှစ် Ballon d'Or အကောင်းဆုံးဆုရှင် စီရော်နယ်လ်ဒိုက ဆုလက်ခံရယူပြီးနောက် လာမည့်နှစ်များတွင်လည်း အဓိကပြိုင်ဘက် မက်ဆီနှင့် ဆက်လက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။

Ballon d’Or ဆုကို ဒီဇင်ဘာ ၇ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့၌ ပေးအပ်ချီးမြှင့်ရာ စီရော်နယ်လ်ဒိုက မက်ဆီ (ဘာစီလိုနာ) နှင့် နေမာ (PSG) တို့ထက် မဲအရေအတွက်အသာရပြီး စုစုပေါင်းရမှတ် ၉၄၆ မှတ်ဖြင့် အကောင်းဆုံးဆု ဆွတ်ခူးရရှိခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါ အမှတ်ပေးချန်ပီယံဆုနှင့် ချန်ပီယံလိဂ်ဖလားရယူပေးခဲ့ပြီး ပြိုင်ပွဲစုံ ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သောကြောင့် ယင်းဆုအား ငါးကြိမ်မြောက် (၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇) ဆွတ်ခူး ရရှိခြင်းဖြစ်သည်။

သို့ဖြစ်ရာ စီရော်နယ်လ်ဒိုသည် Ballon d’Or ဆုအား (၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ FIFA Ballon d’Or အမည်ဖြင့် ချီးမြှင့်ခဲ့) အကြိမ်အများဆုံးရရှိထားသည့် မက်ဆီ၏စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ၎င်းတို့နှစ်ဦးတည်းသာ ငါးကြိမ်စီ ရယူနိုင်ခဲ့သည်။

အီဖယ်မျှော်စင်၌ကျင်းပသည့် ဆုပေးပွဲအခမ်းအနားတွင် အကောင်းဆုံးဆု လက်ခံရယူပြီးနောက် စီရော်နယ်လ်ဒိုက “ဒီဆုက နှစ်စဉ်နှစ်တိုင်း မျှော်လင့်ထားတဲ့ဆုဖြစ်လို့ ပျော်ရွှင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာရရှိခဲ့တဲ့ ဆုဖလားတွေက ဒီဆုရယူနိုင်ဖို့ အထောက်အပံ့ဖြစ်စေခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ဒီလိုအခြေအနေဖြစ်လာအောင် ကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုထိပ်တန်းအဆင့်မျိုးမှာ နောက်ထပ်နှစ်နည်းနည်းလောက် ကစားနိုင်ဖို့၊ မက်ဆီနဲ့လည်း ဆက်ပြီး ယှဉ်ပြိုင်နိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ရီးယဲလ်အသင်း၌ ကစားသမားဘ၀ အဆုံးသတ်ရန် အစီအစဉ် ရှိ၊မရှိ မေးမြန်းမှုနှင့်ပတ်သက်၍ ၎င်းက “ရီးယဲလ်မက်ဒရစ်မှာ ကျွန်တော်ပျော်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီမှာပဲ နေသွားချင်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

Most Read

Most Recent