Police Tero အသင်းနှင့် ရာသီကြိုပြင်ဆင်မှုများပြုလုပ်ရန် အောင်သူ ဒီဇင်ဘာ ၁၅ ရက် ထွက်ခွာမည် တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသော်လည်း သက်တမ်းထပ်တိုးရန် Police Tero အသင်း ဆန္ဒရှိ

Police Tero အသင်းနှင့် ရာသီကြိုပြင်ဆင်မှုများပြုလုပ်ရန် အောင်သူ ဒီဇင်ဘာ ၁၅ ရက် ထွက်ခွာမည် တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသော်လည်း သက်တမ်းထပ်တိုးရန် Police Tero အသင်း ဆန္ဒရှိ
Published 4 December 2017

ထိုင်းကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ကစားမည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ (ဓာတ်ပုံ - ညီညီစိုးညွန့်)

ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ကစားမည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်ရန် ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အောင်သူသည် နိုဝင်ဘာ ၃၀ ရက်တွင် Police Tero အသင်းနှင့် တစ်ရာသီအငှားစာချုပ် ချုပ်ဆိုခဲ့ပြီး ဒီဇင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ထိုင်းနိုင်ငံသို့ သွားရောက်ရန် နေရပ်သို့ပြန်၍ ပြင်ဆင်လျက်ရှိသည်။ မြန်မာပြည်ဖွား ဘရိုင်ယန်မာကာ ပူးတွဲပိုင်ဆိုင်သည့် Police Tero အသင်းသည် အောင်သူကို တစ်ရာသီအငှားစာချုပ်ဖြင့်သာ ခေါ်ယူခဲ့သော်လည်း စာချုပ်သက်တမ်း ကုန်ဆုံးပါက သက်တမ်းတိုးရန် ဆန္ဒရှိနေပြီး အနည်းဆုံး တစ်နှစ်သက်တမ်း တိုးဖွယ်ရှိနေသည်။ အောင်သူသည် Police Tero အသင်းတွင် တစ်လလျှင် ဒေါ်လာ ၇၀၀၀ ရရှိမည်ဖြစ်ပြီး ပွဲနိုင်ကြေးနှင့် အခြားခံစားခွင့်များလည်း ရရှိမည်ဖြစ်သည်။ အောင်သူနှင့် Police Tero အသင်း စာချုပ်ချုပ်ဆိုရာတွင်  တစ်ဦးချင်း ဆုကြေးပါဝင်မည်မဟုတ်ဘဲ အသင်းလိုက်ချီးမြှင့်မည့် ဆုကြေးကိုသာ ခံစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ အောင်သူသည် လက်ရှိ မြန်မာပရော်ဖက်ရှင်နယ် ကစားသမားများအနက် ထိုင်းအဆင့်မြင့်ဆုံးလိဂ်တွင် ပထမဆုံးသွားရောက် ကစားသူဖြစ်လာခဲ့သည်။ ရတနာပုံ အသင်းသည် ကစားသမားအချို့အား ပြည်ပကလပ်အသင်းများသို့ အငှားချခဲ့ဖူးပြီး ပိုင်စိုး၊ ရှိုင်းသူရနှင့် နန္ဒလင်းကျော်ချစ်တို့ သွားရောက်ကစားဖူးသည်။ ပိုင်စိုးမှာ ထိုင်းပထမတန်းကလပ် ဖူးခက်အသင်း၊ ရှိုင်းသူရမှာ ထိုင်းဒုတိယတန်းကလပ် ဆာမတ်ဆာခွန်အသင်း၊ နန္ဒလင်းကျော်ချစ်မှာ စင်ကာပူကလပ် ဘလက်စတီးယားအသင်းတွင် သွားရောက်ကစားခဲ့ဖူးသည်။

အောင်သူသည် Police Tero အသင်းသို့ ပြောင်းရွှေ့ကစားမည် ဖြစ်သောကြောင့် ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် M - 150 Cup ဖိတ်ခေါ်ပြိုင်ပွဲကို လွဲချော်မည်ဖြစ်ပြီး အာရှဖလားခြေစစ်ပွဲမှသာ ပြန်လည်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent