မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူနှင့် Police Tero အသင်း အပြီးသတ်စာချုပ် ချုပ်ဆို

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူနှင့် Police Tero အသင်း အပြီးသတ်စာချုပ် ချုပ်ဆို
Published 1 December 2017

Photo: AT-9 Futsal Complex Facebook

ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့မည့် ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် နိုဝင်ဘာ ၃၀ ရက်က အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ အောင်သူသည် စာချုပ်ချုပ်ဆိုအပြီးတွင် Police Tero အသင်း၏ အိမ်ကွင်းအား သွားရောက်လေ့လာခဲ့ပြီး အမှတ်တရအရောင်းဆိုင်အား ကြည့်ရှုလေ့လာခဲ့သည်။

အောင်သူသည် အပြီးသတ်စာချုပ် ချုပ်ဆိုရန် နိုဝင်ဘာ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင် Police Tero အသင်းပိုင်ရှင် ဘရိုင်ယန်မာကာနှင့် တွေ့ဆုံကာ တစ်ရာသီ အငှားစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ အောင်သူသည် ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးလိဂ် ပြိုင်ပွဲဖြစ်သော ထိုင်းလိဂ်-၁ (ယခင် ထိုင်းပရီးမီးယားလိဂ်) ကလပ် Police Tero အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လစာအဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀၀ ရရှိမည် ဖြစ်သည်။ Police Tero အသင်းသည် အောင်သူအား လစာအပြင် အခြားခံစားခွင့်များ ထည့်သွင်းထားပြီး နေထိုင်ရန် အိမ်တစ်လုံးနှင့် သွားလာရလွယ်ကူစေရန် ကားတစ်စီး စီစဉ်ပေးထားကြောင်း သိရသည်။ အောင်သူ၏ စာချုပ်သက်တမ်းမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးပါက ၎င်း၏ ခြေစွမ်း ပေါ်မူတည်၍ စာချုပ်သက်တမ်းတိုးမြှင့်မည် ဖြစ်သည်။

Photo: AT-9 Futsal Complex Facebook

ရတနာပုံအသင်းမှာလည်း ကစားသမား၏ ခြေစွမ်းပိုမိုတိုးတက်လာစေရန်အတွက် Police Tero အသင်းသို့ အငှားချခဲ့ခြင်းဖြစ်ပြီး အငှားစာချုပ်ပြီးဆုံးပါက ကစားသမားနှင့် စာချုပ်ကိစ္စအတွက် ပြန်လည်ဆွေးနွေးမည် ဖြစ်သည်။ Police Tero အသင်းဝက်ဘ်ဆိုက်နှင့် Facebook တွင် မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁ ရက် နံနက် ၁ နာရီ အထိ အောင်သူ၏ စာချုပ်ချုပ်ဆိုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ ကာယကံရှင် Facebook မှသာ စာချုပ်ချုပ်ဆိုပြီးစီးကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။ အောင်သူသည် ဒီဇင်ဘာဒုတိယပတ်တွင် Police Tero အသင်းနှင့် ပူးပေါင်းမည်ဖြစ်ပြီး ရာသီကြိုလေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်သည်။ အောင်သူပါဝင်ကစားမည့် ထိုင်းလိဂ်-၁ မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ကျင်းပမည် ဖြစ်သည်။ အောင်သူသည် မြန်မာကစားသမားများအနက် လစာငွေ အများဆုံးရရှိမည့် ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ၎င်းအနေဖြင့် အာရှထိပ်သီးလိဂ်များသို့ ပြောင်းရွှေ့ကစားခွင့်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

Most Read

Most Recent