ဘာစီလိုနာဘောလုံးဒါရိုက်တာဟောင်း ဆန်လာဟီအား အာဆင်နယ်ခန့်အပ်

ဘာစီလိုနာဘောလုံးဒါရိုက်တာဟောင်း ဆန်လာဟီအား အာဆင်နယ်ခန့်အပ်
Published 30 November 2017

Photo: Sport

အာဆင်နယ်အသင်းသည် ဘာစီလိုနာအသင်း၏ ဘောလုံးဒါရိုက်တာဟောင်း ရာအူးလ်ဆန်လာဟီအား ခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ဆန်လာဟီ (၄၈ နှစ်)သည် ဘာစီလိုနာအသင်း၏ ဘောလုံးဒါရိုက်တာအဖြစ် ၁၄ နှစ် ကြာဆောင်ရွက်ခဲ့သူဖြစ်ပြီး လူးဝစ်ဆွာရက်ဇ်၊ နေမာ စသည့် နာမည်ကြီးကစားသမားများအား ဘာစီလိုနာသို့ခေါ်ယူပေးခဲ့ဖူးသည်။

၎င်းသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီမှစ၍ အာဆင်နယ်အသင်း၌ စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး နိုင်ငံတကာအပြောင်းအရွှေ့များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းသူအဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။

အာဆင်နယ်အသင်း၏ အပြောင်းအရွှေ့ကိစ္စရပ်များအား အဓိကဆွေးနွေးညှိနှိုင်းရသူ ဒစ်လောသည် ပြီးခဲ့သည့် စက်တင်ဘာတွင် ရာထူးမှ နုတ်ထွက်ခဲ့သောကြောင့် ဆန်လာဟီအား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အာဆင်နယ်အသင်းသည် ဒေါ့မွန်အသင်း၏ နာမည်ကြီး ကင်းထောက်ချုပ် မစ်လင်တက်၊ စာချုပ်ချုပ်ဆိုခြင်းဆိုင်ရာ ကျွမ်းကျင်သူ ဟက်စ်ဖာမီတို့ကိုလည်း မကြာသေးမီကမှ ခန့်အပ်ထားကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အဓိက ကစားသမားနှစ်ဦးဖြစ်သည့် အလက်ဆစ်ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြု မည့်အခြေအနေ ရင်ဆိုင်နေရသဖြင့် ယင်းကဲ့သို့ ရာထူးများ ခန့်အပ်နေခြင်းဖြစ်သည်။

Most Read

Most Recent