အေစီမီလန်အသင်း နည်းပြ မွန်တဲလားကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ဂတ်တူဆိုကို အစားထိုးခန့်အပ်

အေစီမီလန်အသင်း နည်းပြ မွန်တဲလားကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ဂတ်တူဆိုကို အစားထိုးခန့်အပ်
Published 27 November 2017

Photo: ESPN

အေစီမီလန်အသင်းသည် ယခုတစ်ပတ်စီးရီးအေပွဲစဉ်တွင် အိမ်ကွင်း၌ တိုရီနိုအသင်းကို သရေသာကစားနိုင်ခဲ့ပြီးနောက် နည်းပြ မွန်တဲလားကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

တရုတ်သူဌေးများ ပိုင်ဆိုင်ထားသည့် အေစီမီလန်အသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း(၂၀၀)ကျော်သုံးစွဲကာ ပြင်ဆင်ခဲ့သော်လည်း မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။

စီးရီးအေပွဲစဉ်(၁၄)ပွဲ ကစားပြီးချိန်၌ အဆင့်(၇)နေရာသို့ ရောက်ရှိနေပြီး ထိပ်ဆုံးမှ နာပိုလီအသင်းနှင့် (၁၈)မှတ်ကွာဟနေသလို အဆင့်(၄)နေရာမှ ရိုးမားအသင်းနှင့်လည်း (၁၁)မှတ်ကွာဟနေသည့်အတွက် အသင်းတာဝန်ရှိသူများက အပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မွန်တဲလားသည် အေစီမီလန်နည်းပြရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု အစောပိုင်းကတည်းက သတင်းပြေးနေခဲ့သော်လည်း အသင်းတာဝန်ရှိသူများက အခွင့်အရေးဆက်ပေးထားသည့်အတွက် ယခုအချိန်အထိ ခရီးဆက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

Photo: ESPN

အေစီမီလန်အသင်းသည် မွန်တဲလားကို ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာလိုက်သည့်နည်းတူ အသင်း၏ကွင်းလယ်ကစားသမားဟောင်း ဂတ်တူဆိုကို နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ကြောင်းလည်း ပူးတွဲကြေညာခဲ့သည်။

အသက်(၃၉)နှစ်အရွယ်ရှိ အေစီမီလန်ကစားသမားဟောင်း ဂတ်တူဆိုသည် ၂၀၁၃ ခုနှစ်က ဆွစ်ဇာလန်ကလပ် ဆီယွန်အသင်းတွင် ကစားသမားနည်းပြအဖြစ် ဆောင်ရွက်ကာ နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် အေစီမီလန်ယူ-၁၉ အသင်းကို ကိုင်တွယ်နေသူလည်းဖြစ်သည်။

ဂတ်တူဆိုသည် လာမည့်တစ်ပတ် ဘင်နီဗန်တိုနှင့်ပွဲတွင် အေစီမီလန်နည်းပြအဖြစ် စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။