Dementia ပြဿနာအား ဇန်နဝါရီမှစ၍ သုတေသနပြုလုပ်မည်

Dementia ပြဿနာအား ဇန်နဝါရီမှစ၍ သုတေသနပြုလုပ်မည်
Published 25 November 2017

ဦးနှောက်ထိခိုက်မှု အခြေအနေအား အလန်ရှီးယား စမ်းသပ်စစ်ဆေးနေစဉ် Dementia (Photo – Telegraph)

ဘောလုံးအား ခေါင်းဖြင့် ကြိမ်ဖန်များစွာ တိုက်ခြင်းကြောင့်ဖြစ်ပွားသည့် Dementia (ဦးနှောက်ထိခိုက်ဒဏ်ရာရရှိမှု) ပြဿနာအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) နှင့် ဗြိတိန်ရှိ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အဖွဲ့ချုပ် (PFA) တို့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှစ၍ သုတေသနလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသုတေသနလုပ်ငန်းကို စကော့တလန်နိုင်ငံရှိ ဂလပ်စဂိုတက္ကသိုလ်နှင့် ဟမ့်ဒန်အားကစားဆေးခန်းမှ ဒေါက်တာဝီလီယံ စတီးဝပ်နှင့် လုပ်ဖော်ကိုင်ဖက်များက နှစ်နှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ FIELD ဟု အမည်ပေးထားသည့် သုတေသနလုပ်ငန်းမှ သိပ္ပံပညာရှင်များသည် ပရော်ဖက်ရှင် နယ်ဘောလုံးသမားဟောင်း ၁၅,၀၀၀ ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေအား သာမန်လူများနှင့် ကွဲပြားခြားနားမှု ရှိ၊ မရှိ လေ့လာဆန်းစစ်မည်ဖြစ်ပြီး ခေါင်းတိုက်ကစားခြင်းနှင့် Dementia ဖြစ်ပွားခြင်း ဆက်စပ်မှု ရှိ၊ မရှိ အဖြေရှာရမည် ဖြစ်သည်။ ၂၀၀၂ ခုနှစ်က ကွယ်လွန်ခဲ့သည့် အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဂျက်ဖ်အက်စ်တယ် (၅၉ နှစ်) သည် ဦးနှောက် ထိခိုက်ပျက်စီးမှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ဒေါက်တာဝီလီယံစတီးဝပ်က ၂၀၁၄ ခုနှစ်တွင် သက်သေအထောက်အထားဖြင့် ဖော်ထုတ်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကလည်း ဘီဘီစီ သတင်းဌာနနှင့်ပူးပေါင်း၍ အက်စ်တယ် ကွယ်လွန်ရသည့်အကြောင်းရင်းအား မှတ်တမ်းဗီဒီယို ရိုက်ကူးတင်ဆက်ခဲ့သည်။ ထို့ကြောင့် အင်္ဂလန်နိုင်ငံတစ်ဝန်း၌ Dementia ပြဿနာအား အဖြေရှာရန် တောင်းဆိုမှုများ ထွက်ပေါ်လာပြီး FA နှင့် PFA ကလည်း သုတေသနလုပ်ငန်းအတွက် ပူးပေါင်းကူညီရန် ကတိပြုခဲ့ခြင်းဖြစ်သည်။ အလန်ရှီးယားကိုယ်တိုင်ကလည်း မိမိအနေဖြင့် ယင်းဝေဒနာခံစား ရဖွယ်ရှိကြောင်း ဝန်ခံပြောကြားထားသည်။

Most Read

Most Recent