သွင်းဂိုးမှတ်တမ်းနှင့် PSG၊ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို၊ ချယ်လ်ဆီးတို့ အနိုင်ရခဲ့ပြီး မန်ယူအသင်း ရှုံးနိမ့်ခဲ့

သွင်းဂိုးမှတ်တမ်းနှင့် PSG၊ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို၊ ချယ်လ်ဆီးတို့ အနိုင်ရခဲ့ပြီး မန်ယူအသင်း ရှုံးနိမ့်ခဲ့
Published 23 November 2017

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅) ကို ဆက်လက်ကစားခဲ့ရာ
ဘိုင်ယန်မြူးနစ်၊ PSG၊ ချယ်လ်ဆီးစသည့်အသင်းကြီးများ အနိုင်ရရှိခဲ့သော်လည်း
မန်ယူအသင်းသည် ဘေဆယ်ကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ဂျူဗင်တပ်စ်နှင့် ဘာစီလိုနာအသင်းတို့၏ ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး
ဆဲလ်တစ်ကို (၇-၁)ဂိုးဖြင့် အနိုင်ရခဲ့သော PSG သည်
ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် သွင်းဂိုးအများဆုံးသွင်းယူနိုင်သည့်အသင်းအဖြစ်
မှတ်တမ်းဝင်ခဲ့သည်။

ဂျူဗင်တပ်စ်နှင့် ဘာစီလိုနာအသင်းတို့၏ပွဲမှာ အပြန်အလှန်ထိုးဖောက်မှုများဖြင့်
စိတ်လှုပ်ရှားစရာဖြစ်ခဲ့ရသည်။  ဘာစီလိုနာအသင်းသည်
မက်ဆီကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့ပြီး တိုက်စစ်တွင် ဆွာရက်ဇ်၊ ပေါ်လင်ဟို၊
ဒယ်လိုဖူတို့ကို အသုံးပြုခဲ့သည်။ နောက်တစ်ဆင့်တက်ရောက်ရန် နိုင်ပွဲလိုအပ်နေသည့်
ဂျူဗင်တပ်စ်အသင်းသည် ဒီဘားလား၊ ဟီဂွါအင်၊ ယာနစ်တို့အပါအဝင်
အဓိကကစားသမားအစုံအလင်ဖြင့် ဘာစီလိုနာအသင်းကို ရင်ဆိုင်ခဲ့သည်။
နှစ်သင်းစလုံးအပြန်အလှန်ထိုးဖောက်ခဲ့သော်လည်း ပထမပိုင်းတွင် အပိုင်အခွင့်အရေး
သိပ်မရရှိခဲ့ဘဲ ရာကီတစ်၏ ဖရီးကစ်ကန်တင်ပေးပို့မှု တိုင်ထိထွက်ခဲ့သည်နှင့်
ဒီဘားလား၏ တစ်ကိုယ်တော်ဆွဲပြေး၍ ကန်သွင်းမှုတစ်ကြိမ်သာ ဂိုးရရှိရန်
နီးစပ်ခဲ့သည်။ ဒုတိယပိုင်းတွင် ဘာစီလိုနာအသင်းသည် ဒယ်လိုဖူနေရာ
မက်ဆီကိုထည့်၍ တိုက်စစ်ကို ပြင်ဆင်ခဲ့သည်။
ယင်းနောက်တွင် ဂျူဗင်တပ်စ်အသင်းကစားပုံပျက်သွားခဲ့ပြီး ဘာစီလိုနာအသင်း၏
ဖိအားပေးခြင်းကို ခံခဲ့ရသည်။ မိနစ် (၈၀)နောက်ပိုင်းမှသာ
ဂျူဗင်တပ်စ် အခွင့်အရေးတစ်ချို့ပြန်ရခဲ့ပြီး ဒီဘားလား၏ ကန်ချက်ကို
ဘာစီလိုနာဂိုးသမား စတီဂန်ကာကွယ်နိုင်ခဲ့သလို
ဘာစီလိုနာကလည်း အပိုင်အခွင့်အရေးများသိပ်မရခဲ့ဘဲ ဂိုးမရှိသရေကျခဲ့သည်။

ယင်းအုပ်စုတွင် ဂျူဗင်တပ်စ်နှင့် စပို့တင်းလစ္စဘွန်းအသင်းတို့ နောက်တစ်ဆင့်တက်ရန်အခွင့်အရေးကိုယ်စီရှိနေပြီး

ဂျူဗင်တပ်စ်အသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် အဝေးကွင်းတွင်အိုလံပီယာကော့စ်နှင့် ကစားရမည်ဖြစ်ပြီး စပို့တင်းလစ္စဘွန်းအသင်းသည် အဝေးကွင်းတွင် ဘာစီလိုနာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းအောင်ပွဲခံနေစဉ် Photo: AFP

ဘိုင်ယန်မြူးနစ်အသင်းသားများ
အောင်ပွဲခံနေစဉ်

မန်ယူအသင်းဂိုးပေးလိုက်ရစဉ်
Photo: AFP

ချန်ပီယံလိဂ်အုပ်စုအဆင့်
သွင်းဂိုးအများဆုံးမှတ်တမ်းပိုင်ဆိုင်ခဲ့သည့် PSG အသင်း
Photo: Twitter

မန်ယူအသင်းနှင့် ဘေဆယ်အသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းက ဘေဆယ်ကို
ဖိကစားနိုင်ခဲ့သော်လည်း ပထမပိုင်းတွင် တိုက်စစ်အခင်းအကျင်း
ထက်မြက်မှုနည်းပါးခဲ့သဖြင့် အပိုင်အခွင့်အရေးမရရှိခဲ့ဘဲ မာစီယဲလ်နဲ့ ရိုဟိုတို့၏ ကန်ချက်များ
တိုင်ထိ၊ဘားတန်းထိခဲ့ခြင်းသာ ရင်ခုန်စရာရှိခဲ့သည်။
ဒုတိယပိုင်းတွင် မန်ယူအသင်း၏ စုစည်းမှုနှင့် ကစားပုံမှာ စိတ်ပျက်စရာကောင်းခဲ့ပြီး
ဘေဆယ်က အခွင့်အရေးများဖန်တီးလာနိုင်ခဲ့သည်။
အစောပိုင်းတွင် မန်ယူအသင်းဂိုးသမား ရိုမဲရိုးကာကွယ်နိုင်ခဲ့သဖြင့်
မန်ယူဂိုးမပေးခဲ့ရသော်လည်း ပွဲပြီးခါနီးတွင် ဘေဆယ်အသင်းမှ
လန်းက အနီးကပ်ပိတ်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့သဖြင့် မန်ယူအရေးနိမ့်ခဲ့ရသည်။
မန်ယူအသင်းသည် ဒုတိယပိုင်းတွင် မိုဗစ်၊ ရပ်ရှ်ဖို့ဒ်တို့ဖြင့်
တိုက်စစ်အပြောင်းအလဲလုပ်ခဲ့သော်လည်း ကစားပုံထူးခြားလာခြင်းမရှိဘဲ
အနိုင်ဂိုးပါပေးခဲ့ရကာ ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။
မန်ယူအသင်းသည် သင်္ချာနည်းအရ နောက်တစ်ဆင့်သို့ မတက်ရောက်သေးသော်လည်း
ဘေဆယ်၊ CSKA မော်စကိုတို့နှင့် သုံးသင်းပတ်လည်ထိပ်တိုက်တွေ့ဆုံမှုတွင် အသာစီးရထားသဖြင့်
CSKA မော်စကိုနှင့် နောက်ဆုံးပွဲတွင် (၄)ဂိုးပြတ်အရေးနိမ့်ခြင်းမရှိပါက
နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ကာရာဘတ်ကို
အဝေးကွင်းတွင် ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်သို့
တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ကာရာဘတ်အသင်းသည် ပွဲအစပိုင်းတွင်သာ ချယ်လ်ဆီးအသင်းကို
ယှဉ်ကစားနိုင်ခဲ့ပြီး ကွင်းလယ်လူ မီချယ်လ်၏ ကန်ချက်တစ်ကြိမ်တိုင်ထိထွက်ခဲ့သဖြင့်
ကံဆိုးခဲ့ရသည်။ ပွဲချိန် (၁၉)မိနစ်တွင် ဝီလီယံ၏ တိုက်စစ်ဆင်မှုကို တားဆီးရန်ကြိုးပမ်းမှု ကြမ်းတမ်းမှုကြောင့်
ကာရာဘတ်အသင်းခေါင်းဆောင် ဆာဒီကော့ဗ် တိုက်ရိုက်အနီကတ်ဖြင့်
ထုတ်ပယ်ခံခဲ့ရသလို ပယ်နယ်တီလည်း ပေးခဲ့ရသည်။
ယင်းပယ်နယ်တီကို ဟာဇက်က အမှားအယွင်းမရှိကန်သွင်းခဲ့ပြီး ချယ်လ်ဆီးအတွက်
ဦးဆောင်ဂိုးရယူပေးခဲ့သလို၊ (၃၆)မိနစ်တွင် ဟာဇက် နောက်ပေါက်ဖြင့်
လှလှပပချပေးသည်ကို ချယ်လ်ဆီးအသင်းနှင့် ပွဲ (၂၀၀)ပြည့်ခဲ့သော ဝီလီယံက အပိုင်ကန်သွင်းကာ ဒုတိယဂိုးသွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ချယ်လ်ဆီးအသင်း ပွဲကိုဆက်လက်စိုးမိုးခဲ့ပြီး
(၇၃)မိနစ်တွင် ဖာဘရီဂတ်စ်က ပယ်နယ်တီမှ တတိယမြောက်ဂိုးနှင့်
ပွဲသိမ်းအနိုင်ဂိုးကို ဝီလီယံတို့က သွင်းယူပေးခဲ့ကြောင်း သိရသည်။

အခြားပွဲစဉ်များတွင် PSG၊ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို၊
စပို့တင်းလစ္စဘွန်းစသည့်အသင်းများအနိုင်ရခဲ့သည်။
PSG အသင်းသည် ဆဲလ်တစ်ကို (၇-၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂိုးများကို
နေမာ (၂ ဂိုး)၊ ကာဗာနီ(၂ ဂိုး)၊ ဘာပေ၊ ဗာရက်တီနှင့် အဲလ်ဗတ်စ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြသည်။
အန်ဒါလက်ချ်ကို အဝေးကွင်းတွင် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်
ဘိုင်ယန်မြူးနစ်အသင်းသည် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

 

ရလဒ်များ

CSKA မော်စကို ၂-၀ ဘင်ဖီကာ
ဘေဆယ် ၁-၀ မန်ယူ
ဂျူဗင်တပ်စ် ဝ-၀ ဘာစီလိုနာ
စပို့တင်းလစ္စဘွန်း ၃-၁ အိုလံပီယာကော့စ်
အန်ဒါလက်ချ် ၁-၂ ဘိုင်ယန်မြူးနစ်
PSG ၇-၁ ဆဲလ်တစ်
ကာရာဘတ် ဝ-၄ ချယ်လ်ဆီး
အက်သလက်တီကို ၂-၀ ရိုးမား

Most Read

Most Recent