လီဗာပူးလ် နိုင်ပွဲနဲ့လွဲချော်ခဲ့ပြီး မန်စီးတီး၊ စပါးတို့ နိုင်ပွဲဆက်

လီဗာပူးလ် နိုင်ပွဲနဲ့လွဲချော်ခဲ့ပြီး မန်စီးတီး၊ စပါးတို့ နိုင်ပွဲဆက်
Published 22 November 2017

Photo: ESPN

Photo: ESPN

Photo: ESPN

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅) အင်္ဂါညပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ လီဗာပူးလ် နိုင်ပွဲနဲ့လွဲချော်ကာ သရေကျခဲ့ပြီး မန်စီးတီး၊ စပါးတို့ နိုင်ပွဲဆက်ခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းဟာ ဆီဗီလာကွင်းမှာ (၃)ဂိုးပြတ် ဦးဆောင်ခဲ့ပြီးမှ (၃)ဂိုးပြန်ပေးခဲ့ရကာ သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမှာ ဆီဗီလာက ဘောလုံးပိုင်ဆိုင်မှုအသာစီး ရယူနိုင်ခဲ့ပေမယ့် အခွင့်အရေးရရှိမှုပိုင်းမှာတော့ လီဗာပူးလ်က ပိုမိုသာလွန်ခဲ့တာပါ။ လီဗာပူးလ်အတွက် ဂိုးတွေကို ဖေမီနို (၂၊ ၃၀ မိနစ်)၊ မာနေ (၂၂ မိနစ်)တို့ သွင်းယူခဲ့ပြီး ဆီဗီလာအတွက် ချေပဂိုးတွေကို ဘင်ယက်ဒါ (၅၁၊ ၆၀ မိနစ် PG)နဲ့ ပစ်ဇာရို (၉၃ မိနစ်)တို့က သွင်းယူပေးခဲ့တာပါ။ လီဗာပူးလ်ဟာ ၂၀၁၄ မေလမှာ ပဲလေ့စ်နဲ့ (၃-၃)ဂိုးသရေကျခဲ့တဲ့နောက်ပိုင်း (၃)ဂိုးပြတ်ဦးဆောင်ပြီးမှ သရေကျတဲ့ပွဲနဲ့ ပြန်လည်ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

မန်စီးတီးကတော့ ဖီယင်နုကို အိမ်ကွင်းမှာ စတာလင် (၈၈)မိနစ်မှာ သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးဟာ ပွဲကိုထိန်းချုပ်ပြီး ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုကတော့ နည်းပါးခဲ့ပြီး နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ပြိုင်ပွဲစုံမှာ မန်စီးတီးအသင်းရဲ့ နိုင်ပွဲဆက်မှု ကလပ်စံချိန်ကတော့ (၁၇)ပွဲအထိ ရှိလာခဲ့ပါတယ်။

ဂျာမန်ထိပ်သီး ဒေါ့မွန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးကလည်း (၁-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲက အပြန်အလှန်ရှိခဲ့ပေမယ့် စပါးအသင်းက အခွင့်အရေးတွေ ပိုမိုရခဲ့ပြီး (၃)မှတ်ပြည့်ရယူနိုင်ခဲ့တာပါ။ ဦးဆောင်ဂိုးကိုတော့ ဒေါ့မွန်အသင်းရရှိခဲ့ပြီး တိုက်စစ်မှူး အူဘာမီယန်းက (၃၁)မိနစ်မှာ သွင်းယူခဲ့ပါတယ်။ စပါးအသင်းအတွက် ဂိုးတွေကိုတော့ (၄၉)မိနစ်မှာ ဟာရီကိန်း၊ (၇၆)မိနစ်မှာ ဆွန်ဟောင်မင်တို့ သွင်းယူခဲ့တာပါ။ ဟာရီကိန်းကတော့ ၂၀၁၇ ခုနှစ်အတွင်း စပါးအသင်းအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃၈)ပွဲမှာ သွင်းဂိုး(၃၉)ဂိုးအထိရှိလာပါတယ်။ ပိုချက်တီနိုအတွက်တော့ စပါးအသင်းနည်းပြဘဝမှာ နိုင်ပွဲ(၁၀၀)ပြည့်မြောက်တဲ့ပွဲဖြစ်ခဲ့ပြီး (၁၈၂)ပွဲမြောက်မှာ ရာပြည့်နိုင်ပွဲရခဲ့တာပါ။

အခြားပွဲတွေမှာ နာပိုလီက အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့သလို၊ ရီးယဲလ်၊ လိုက်ပ်ဇ်တို့ကလည်း အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲကိုယ်စီရခဲ့ပါတယ်။ အုပ်စုပွဲစဉ်(၅) ကစားပြီးတဲ့အသင်းတွေထဲမှာ နောက်တစ်ဆင့်တက်ဖို့ သေချာနေတဲ့အသင်းတွေကို မန်စီးတီး၊ ဘက်ဆစ်တက်၊ စပါးနဲ့ ရီးယဲလ်တို့ဖြစ်ပါတယ်။

■ ချန်ပီယံလိဂ်ရလဒ်များ
စပါးတပ်မော်စကို ၁-၁ မာရီဘော
ဘက်ဆစ်တက် ၁-၁ ပေါ်တို
ဆီဗီလာ ၃-၃ လီဗာပူးလ်
မန်စီးတီး ၁-၀ ဖီယင်နု
နာပိုလီ ၃-၀ ရှက်တာဒိုးနက်
မိုနာကို ၁-၄ လိုက်ပ်ဇစ်
အပိုးလ်နီကိုးရှား ဝ-၆ ရီးယဲလ်မက်ဒရစ်
ဒေါ့မွန် ၁-၂ စပါး

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
အက်စတွန်ဗီလာ ၂-၁ ဆန်းဒါးလန်း
ဘန်စလေ ဝ-၁ ကာဒစ်ဖ်
ဘရန့်ဖို့ဒ် ၁-၁ ဘာတန်
ဘရစ္စတိုးလ်စီးတီး ၁-၂ ပရက်စတန်
ဒါဘီ ၂-၀ QPR
မီဝေါလ် ဝ-၀ ဟားလ်စီးတီး
နော်တင်ဟမ် ၁-၀ နောဝစ်ချ်
ရှက်ဖီးယူနိုက်တက် ၄-၅ ဖူလ်ဟမ်
ဘော်လ်တန် ၂-၂ ရက်ဒင်း

Most Read

Most Recent