ဒေါ့မွန်အသင်း၏ ကင်းထောက်ချုပ် ဆဗန်မစ်လင်တက်ကို အာဆင်နယ်အသင်း ခေါ်ယူခန့်အပ်

Photo: BVB

အာဆင်နယ်အသင်းသည် ဒေါ့မွန်အသင်း၏ ကင်းထောက်ချုပ် ဆဗန်မစ်လင်တက်ကို ခေါ်ယူခန့်အပ်လိုက်ကြောင်း သိရှိရသည်။

မစ်လင်တက်သည် ဒေါ့မွန်အသင်းတွင် ၂၀၀၉ ခုနှစ်ကတည်းက ကင်းထောက်ချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လီဝန်ဒေါစကီး၊ ကာဂါဝါ၊ အူဘာမီယန်း၊ ဒမ်ဘီလီ စသည့် ကစားသမားများကို ဒေါ့မွန်အသင်းသို့ ခေါ်ဆောင်ပေးခဲ့သူဖြစ်သည်။

သူသည် ငွေကုန်ကြေးကျသက်သာသည့် ရွက်ပုန်းသီးကစားသမားများကို ရှာဖွေပေးနိုင်သူဖြစ်ခြင်းကြောင့် အာဆင်နယ်အသင်းနှင့် အံဝင်ခွင်ကျ ဖြစ်လိမ့်မည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း “ကျွန်တော်တို့နဲ့ ဆဗန် လာပူးပေါင်းတဲ့အတွက် ကျေနပ်မိပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့ ဘောလုံးဒသနကို ပိုပြီးတိုးတက်အောင် မြှင့်တင်ပေးနိုင်မယ့်သူပါ” ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် (၂၅)နှစ်ဝန်းကျင် လက်တွဲခဲ့သည့် ကင်းထောက်ချုပ် စတိဗ်ရိုလေ နုတ်ထွက်သွားသည့်အတွက် မစ်လင်တက်ကို ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကိုပါ ခေါ်ယူရန် ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။

သို့သော် ဒေါ့မွန်အသင်းက မိုက်ကယ်ဇော့သည် မိမိတို့နှင့် လမ်းခွဲရန် အစီအစဉ်မရှိကြောင်းနှင့် မည်သည့်အသင်းကိုမှ ပြောင်းရွှေ့လိမ့်မည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်ဟု သိရှိရသည်။