မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲတွင် ကမ္ဘောဒီးယားအသင်းကို အနိုင်ရ

ပထမဂိုးသွင်းယူခဲ့သည့် ဇော်မင်းထွန်း အောင်ပွဲခံနေစဉ် (Photo-MFF)

အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းသည် ယနေ့ညနေပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အိုလံပစ်ကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ထားပြီး သီဟစည်သူ၊ ဒေးဗစ်ဒန်း၊ သိန်းသန်းဝင်း၊ တင်ဝင်းအောင်တို့ကို ပွဲအစတွင်မသုံးဘဲ ကျော်ဇင်ထက် (ဂိုး)၊ သက်နိုင်၊ ဇော်မင်းထွန်း၊ ၀င်းမင်းထွဋ်၊ စည်သူအောင်၊ ရန်အောင်ကျော်၊ လှိုင်းဘိုဘို၊ ဇင်မင်းထွန်း၊ ရန်နိုင်ဦး၊ အောင်သူ၊ ကျော်ကိုကိုတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ခြေအသာမရခဲ့သော်လည်း ဂိုးသွင်းခွင့်များဖန်တီးနိုင်ခဲ့ပြီး ၁၄ မိနစ်တွင် ဇော်မင်းထွန်းက အောင်သူကန်တင်ပေးသည့် ဘောလုံးကို ပြစ်ဒဏ်ဘောကို ခေါင်းတိုက်သွင်းကာ ဦးဆောင်ဂိုးရခဲ့သည်။ မိနစ်(၅၀) တွင် ကမ္ဘောဒီးယားအသင်း ချေပဂိုးပြန်ရခဲ့ပြီး မိုယူဒိုက သွင်းယူခဲ့သည်။

ချေပဂိုးပြန်ပေးလိုက်ရသောကြောင့် မြန်မာအသင်းသည် ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်အားမြင့်ခဲ့ပြီး ၇၁ မိနစ်တွင် တိုက်စစ်မှူး အောင်သူက ဂိုးသမားကိုလိမ်ပြီး ဒုတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ကမ္ဘောဒီးယားအသင်းက ချေပဂိုးရရန်ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့၍ ချေပဂိုးထပ်မရဘဲ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့်တွင်လည်း ကမ္ဘောဒီးယားအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် အိန္ဒိယအသင်းနှင့် ကစားမည့် အာရှဖလားခြေစစ်ပွဲအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်းပွဲကစားခြင်းဖြစ်သည်။