အသရေဖျက်မှုအတွက် ရရှိသည့် လျော်ကြေးအား နယ်စည်းမခြားဆရာဝန်အဖွဲ့ထံ မက်ဆီ လှူဒါန်း

အသရေဖျက်မှုအတွက် ရရှိသည့် လျော်ကြေးအား နယ်စည်းမခြားဆရာဝန်အဖွဲ့ထံ မက်ဆီ လှူဒါန်း
Published 6 November 2017

မက်ဆီအား ဇနီးဖြစ်သူ အန်တိုနယ်လာရော့ကက်ဇိုနှင့် တွေ့ရစဉ် (Photo: AFP)

ဘာစီလိုနာအသင်း၏ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူး မက်ဆီသည် အသရေဖျက်မှုအတွက် ရရှိသည့် လျော်ကြေးအား နယ်စည်းမခြားဆရာဝန်များအဖွဲ့ထံ ပြန်လည် လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် စပိန်နိုင်ငံ မက်ဒရစ်မြို့အခြေစိုက် La Razon သတင်းစာက ဂျာနယ်လစ် အယ်လ်ဖွန်ဆို အူစီယာ၏ ‘Sonatina’ အမည်ရှိ ဆောင်းပါးအား ဖော်ပြခဲ့သည်။ အူစီယာသည် ယင်းဆောင်းပါးတွင် မက်ဆီအား ပြင်းထန်စွာ ဝေဖန်ရေးသားထားပြီး စွမ်းဆောင်မြင့်မားစေသည့် နန်ဒရိုလုန်းတားမြစ်ဆေး သုံးစွဲခဲ့ကြောင်း၊ ဆံပင်တုဝတ်ဆင်ခဲ့ကြောင်း စသည်ဖြင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် မက်ဆီက အသရေဖျက်မှုအတွက် တရားစွဲဆိုခဲ့ရာ ဘာစီလိုနာတရားရုံးက နစ်နာကြေး ယူရို ၇၂,၇၈၃ ပေးအပ်ရန် ပြီးခဲ့သည့်နှစ်တွင် ဆုံးဖြတ်ခဲ့သည်။ La Razon သတင်းစာက ပြစ်ဒဏ်အား စပိန်တရားရုံးချုပ်ထံ အယူခံဝင်ခဲ့သော်လည်း ဘာစီလိုနာတရားရုံး၏ ဆုံးဖြတ်ချက်ကိုသာ အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။ မက်ဆီသည် ကြိုတင်ကတိပြုထားသည့်အတိုင်း လျော်ကြေးရရှိသည့် ပမာဏအားလုံးကို နယ်စည်းမခြားဆရာဝန်များအဖွဲ့ထံ ပြန်လှည်လှူဒါန်းခဲ့ကြောင်း ၎င်း၏စီမံခန့်ခွဲမှုကုမ္ပဏီက နိုဝင်ဘာ ၃ ရက်တွင် ESPN သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

Most Read

Most Recent