ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၄)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၄)
Published 4 November 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

 

■ အသည်းကွဲတဲ့ ရောဂါ

၂၀၁၅-၁၆ဘောလုံးရာသီ ပထမရာသီဝက်ကာလအတွင်း စီရော်နယ်လ်ဒို ခြေစွမ်းမတည်မငြိမ်ဖြစ်ပြီး ကွင်းထဲမှာ ပြိုင်ဘက်ကစားသမားတွေကို ရန်လိုတဲ့ အပြုအမူတွေ ပြုလုပ်တာနဲ့ ပတ်သက်လို့ စပိန်မီဒီယာတွေက အမျိုးမျိုးသုံး သပ်ဖော်ပြကြပါတယ်။ စီရော်နယ်လ်ဒိုဟာ ရုရှားလူမျိုးချစ်သူ အိုင်ရီနာရှက်ခ်ရဲ့လမ်းခွဲမှုကို ခံရတာကြောင့် အူနုကျွဲခတ်ခံရသလိုဖြစ်ပြီး စိတ်အချဉ်ပေါက်ကာ ကွင်းထဲက သူ့ရဲ့ခြေစွမ်း၊ အပြုအမူတွေကိုပါ ထိခိုက်လာတယ်ဆိုတဲ့ သုံးသပ်မှုတွေကများပါတယ်။ ဒီသုံးသပ်ချက်က အမှန်ကန်ဆုံးနဲ့ အနီးစပ်ဆုံးဖြစ်နိုင်တယ်ဆိုတာ စီရော်နယ်လ်ဒိုရဲ့ ကွင်းပြင်ပလုပ်ရပ်တွေကလည်း သက်သေပြခဲ့ပါတယ်။ အသည်းကွဲသူအများစု စိတ်ဖြေဖျောက်ရာက ယမကာအရက်ဖြစ်သလို၊ စီရော်နယ်လ်ဒိုလည်း အိုင်ရီနာရှက်ခ်နဲ့လမ်းခွဲပြီးနောက် သူ့ခန္ဓာကိုယ်ထဲ တစ်ခါမှအဝင်မခံခဲ့တဲ့ အယ်လ်ကိုဟောကို ဝင်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အယ်လ်ကိုဟောပါဝင်မှုနှုန်းများတဲ့ ပြင်းထန်တဲ့အရက်သောက်တာမဟုတ်ဘဲ အပျော့စားဝိုင်သောက်ပြီး သူ့ရဲ့အသည်းကွဲရောဂါကို ကုစားခဲ့တာပါ။

သူ့ရဲ့နောက်ထပ်ကုစားမှုတစ်ခုကတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်မြူးတာဖြစ်ပြီး၊ မော်ရိုကိုက သူ့ရဲ့သူငယ်ချင်း လက်ဝှေ့သမား ဘာဒါဟာရီဆီကို ကိုယ်ပိုင်သီးသန့် လေယာဉ်နဲ့ မကြာခဏသွားတဲ့ စီရော်နယ်လ်ဒိုကို ပရိသတ်တွေ တွေ့ခဲ့ရပါတယ်။ ဘာဒါဟာရီက သူ့ရဲ့ Instagram Post တစ်ခုမှာ စီရော်နယ်လ်ဒိုနဲ့ လက်ချင်းချိတ်တဲ့ပုံကိုဖော်ပြခဲ့ပြီး အောက်မှာ"ခုမှ လက်ထပ်စ စုံတွဲ၊ ဟားဟားဟား၊ မင်းကိုအမြဲတမ်းကြိုဆိုနေပါတယ် . . .ဘရို"လို့ ရေးသားခဲ့ပါတယ်။ ဒီပုံအပြင် စီရော်နယ်လ်ဒိုကို ဘာဒါဟာရီက မိန်းကလေးတစ်ဦးလို ပွေ့ချီထားတဲ့ပုံလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာခဲ့ပြီး သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးအပေါ် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ ဒီလို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်မြူးနေတာတွေကို အနီးအနားတွေ့မြင်သူတွေက ဖုန်းတွေနဲ့ ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ကြပါတယ်။ ဒီဘက်ခေတ်မှာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေရဲ့ ပျံ့နှံ့မှုအားကောင်းလာတာကြောင့် ဒီဗီဒီယိုဖိုင်တွေကို ပရိသတ်တော်တော်များများက တွေ့မြင်လာရပြီး ဝေဖန်မှုတွေများလာပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ စီရော်နယ်လ်ဒိုဟာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပါးမှုတွေကို လျှော့ချခဲ့ရပါတယ်။ ပေါ်တူဂီမီဒီယာတချို့ကတော့ စီရော်နယ်လ်ဒိုရဲ့ အသည်းကွဲရောဂါကုစားမှုထဲမှာ ဘဟားမားစ်အလှမယ်တိုရီယာနီကိုးလ်ပန်လည်း ပါဝင်ခဲ့ပြီး သူတို့(၂)ဦးကြား လျှို့ဝှက်တဲ့ ဆက်သွယ်မှုတွေရှိတယ်လို့ ဖော်ထုတ်ခဲ့ကြပါတယ်။

၂၀၁၅၊ နိုဝင်ဘာလအတွင်း ဆီဗီလာကို (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ စီရော်နယ်လ်ဒိုအပေါ် ကြီးမားတဲ့ ဝေဖန်မှုတွေကျရောက်လာပါတယ်။ ဒီပွဲဟာ ဒီရာသီ ရီးယဲလ်အသင်းအတွက် ပထမဆုံးလာလီဂါရှုံးပွဲဖြစ်ခဲ့ပြီး စီရော်နယ်လ်ဒိုအနေနဲ့လည်း အသင်းအတွက် ဂိုးမသွင်းနိုင်တာ (၉)ပွဲမြောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ မကစားချင်တဲ့ ဗဟိုတိုက်စစ်မှူးနေရာမှာ ကစားစေခဲ့တဲ့ လုပ်ရပ်အတွက် နည်းပြဘင်နီတက်ဇ်ကို စီရော်နယ်လ်ဒို ပြန်ပညာပြနေတယ်လို့လည်း စပိန်မီဒီယာတချို့က ဖော်ပြကြပါတယ်။ စီရော်နယ်လ်ဒိုဟာ အသင်းမှာဂိုးမသွင်းရုံမက အသင်းရဲ့ တိုက်စစ်ပိုင်းကိုလည်း ထိထိရောက်ရောက်ပံ့ပိုးမှုမရှိဘဲ ကစားနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်းရှိခဲ့ပါတယ်။

■ Ronaldo မှတ်တမ်းရုပ်ရှင်

ဆီဗီလာကိုရှုံးနိမ့်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ၂၀၁၅၊နိုဝင်ဘာ(၉)ရက်နေ့မှာ စီရော်နယ်လ်ဒိုရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကိုဖော်ပြတဲ့ Ronaldo မှတ်တမ်းရုပ်ရှင်ဇာတ်ကား ထွက်ပေါ်လာခဲ့ပါတယ်။ ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး Universal က ထုတ်လုပ်ဖြန့်ချိတဲ့ ဒီဇာတ်ကားကို လန်ဒန်မြို့က Leicester Square ရုပ်ရှင်ရုံမှာ အထူးပွဲအဖြစ်ပြသခဲ့ရာမှာ စီရော်နယ်လ်ဒိုတက်ရောက်လာခဲ့ပြီး ရုပ်ရှင်မပြမီ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သူ့ကို ပွဲကြည့်ပရိသတ်တွေရှေ့ အင်တာဗျူးခဲ့ပါတယ်။ ဒီအထူးပွဲကို ရီးယဲလ်နည်းပြဟောင်း (ထိုစဉ်က ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေသည့်) မော်ရင်ဟိုလည်း လာရောက်အားပေးကြည့်ရှုခဲ့သလို၊ စီရော်နယ်လ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ကလည်း ရုပ်ရှင်ရုံရဲ့ ဟိုးနောက် တစ်နေရာကနေ လူမြင်သူမြင်မခံဘဲ ကြည့်ရှုခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကားရဲ့ ဇာတ်ဝင်ခန်း တော်တော်များများမှာ မန်ဒက်စ်လည်းပါဝင်ခဲ့ပါတယ်။ ၂၀၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စီရော်နယ်လ်ဒိုအောင်ပွဲခံတဲ့ ပြကွက်တွေနဲ့ ဒီရုပ်ရှင်ကားကိုစတင်ခဲ့ပြီး၊ သူ့ကို အကောင်းဘက်က ဖော်ပြထားတဲ့ ပြကွက်များစွာနဲ့ ဒီဇာတ်ကားကို တန်ဆာဆင်ထားပါတယ်။ စီရော်နယ်လ်ဒိုက ဒီဇာတ်ကားဟာ သူ့ဘဝအစစ်မှန်ကို ပရိသတ်တွေသိရှိစေခဲ့တယ်လို့ အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီအထူးပွဲကို ရီးယဲလ်မက်ဒရစ်အသင်းက တာဝန်ရှိသူတစ်ဦး တစ်ယောက်မှ မတက်ရောက်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းက ရီးယဲလ်အသင်းဟာ ဆီဗီလာအသင်းကို အဝေးကွင်းမှာရှုံးခဲ့တာကြောင့် အမှတ်ပေးဇယားမှာအပြိုင်ဖြစ်နေတဲ့ ဘာစီလိုနာနဲ့ (၃)မှတ်ကွာသွားပြီး အသင်းအနေနဲ့ ဖိအားများနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဘာပဲပြောပြော ဒီမှတ်တမ်းရုပ်ရှင်ကားဟာ စီရော်နယ်လ်ဒိုရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို သူ့ရဲ့ ပရိသတ်တွေသိရှိစေခဲ့ပြီး စီရော်နယ်လ်ဒိုအနေနဲ့ မိခင်နဲ့ ဖခင်အပေါ် တာဝန်ကျေတဲ့ သားတစ်ဦးအဖြစ်ရော၊ သားဖြစ်သူခရစ္စတီယာနိုဂျူနီယာကို လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ဖခင်ကောင်းတစ်ဦးအဖြစ်ပါ ဖော်ညွှန်းထားတဲ့ ဇာတ်ကွက်တွေကို ပရိသတ်တွေတွေ့ခဲ့ရပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ မက်ဆီကို ရန်သူတစ်ဦးလို သဘောမထားဘဲ ပြိုင်ဘက်ကောင်းတစ်ဦးအဖြစ်သာ သဘောထားတယ်ဆိုတဲ့ အချက်ကိုလည်း စီရော်နယ်လ်ဒိုအတွက် ရုပ်ရှင်ဖန်တီးသူတွေက ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ မက်ဆီဟာ စီရော်နယ်လ်ဒိုအတွက် အမြဲတမ်းခါးသီးနေတဲ့ ပြိုင်ဘက်တစ်ဦးသာဖြစ်ခဲ့ပါတယ်။

■ လူသိမခံတဲ့ အမုန်းတရား

ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တစ်ပွဲကို ရီးယဲလ်အသင်းဖော်တွေနဲ့အတူ ညစာစားရင်း TV က ကြည့်နေတဲ့ စီရော်နယ်လ်ဒိုဟာ မက်ဆီဂိုးသွင်းချိန်မှာ မဆီမဆိုင်ဒေါသပေါက်ကွဲခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပွဲကြည့်နေရာကနေ သူ့ရဲ့ လက်ကိုင်ပုဝါကို လွှင့်ပစ်လိုက်ပြီး သူထိုင်နေတဲ့ ခုံကိုကျော်ခွကာ ဒေါသတကြီးနဲ့ အော်ဟစ်ပြီး သူ့ရဲ့အခန်းကို ဝင်သွားခဲ့တာပါ။ လူမမြင်ကွယ်ရာမှာ မက်ဆီနဲ့ ပတ်သက်လာရင် ဒီလိုခါးသီးတဲ့ အမုန်းတရားတွေရှိနေပေမယ့် လူရှေ့သူရှေ့ရောက်ရင်တော့ စီရော်နယ်လ်ဒိုဟာ သူ့ရင်ထဲက စိတ်ထားအမှန်ကို ဖုံးကွယ်နိုင်အောင်ကြိုးစားလေ့ရှိပါတယ်။ ၂၀၁၅ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် စီရော်နယ်လ်ဒိုနဲ့ ဘာစီလိုနာကစားသမား မက်ဆီ၊ နေမာတို့ ပဏာမ(၃)ဦးအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ စီရော်နယ်လ်ဒိုက ဒီဘာစီလိုနာကစားသမား (၂)ဦးနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြခဲ့ပြီး မက်ဆီနဲ့ နေမာအကြား သူကစကားပြန်တောင် ပြုလုပ်ပေးခဲ့ပါသေးတယ်။ အဲဒီဆုပေးပွဲမှာတော့ မဲအရေအတွက်စုစုပေါင်းရဲ့ (၄၁.၃၃%)ရရှိတဲ့ မက်ဆီက ၂၀၁၅ ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို (၅)ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့ပါတယ်။ (၃)ကြိမ်ဆွတ်ခူးထားတဲ့ စီရော်နယ်လ်ဒိုက မဲရာခိုင်နှုန်း(၂၇.၇၆%)နဲ့ ဒုတိယနေရာသာရခဲ့ပြီး၊ အကောင်းဆုံးဆုပဏာမစာရင်းကို ပထမဆုံးပါဝင်လာတဲ့ နေမာက (၇.၈၇%) ရခဲ့ပါတယ်။

နည်းပြဘင်နီတက်ဇ်ကို ခန့်အပ်စဉ်ကတည်းက ရီးယဲလ်ပရိသတ်တော်တော်များများဟာ အလိုမကျဖြစ်ခဲ့ကြပြီး အသင်းရလဒ်တွေ စတင်ဆိုးရွားလာချိန်မှာ အသင်းအပေါ်ဖိအားတွေ ပိုများလာပါတယ်။ အသင်းမှာလည်း ဘင်နီတက်ဇ်နဲ့ ရီးယဲလ်ကစားသမားတချို့အကြား မပြေလည်မှုက ပိုမိုကြီးထွားလာပြီး သူနဲ့ဆက်ဆံရေးအဆိုးရွားဆုံးဖြစ်ခဲ့တာက စီရော်နယ်လ်ဒို ဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဆီဗီလာကို ရှုံးတဲ့ပွဲမှာ အသင်းဖော်နောက်ခံလူရာမို့စ်ကို "ဒီလိုပုံစံသာ ကစားနေလို့ကတော့ ဒီရာသီမှာဘာဖလားမှ ရမှာမဟုတ်ဘူး"လို့ ပြောခဲ့ကြောင်း စပိန်ရုပ်သံလိုင်း Cuatro က သူတို့ (၂)ဦး ကွင်းထဲက ပါးစပ်လှုပ်ပြောဆိုပုံကို အဓိပ္ပါယ်ကောက် ဖော်ပြခဲ့ပါတယ်။ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲတွေမှာ ဘင်နီတက်ဇ်ဟာ ရှုံးမှာကြောက်ပြီး ခံစစ်အားသန်တဲ့ နည်းဗျူဟာနဲ့ ကစားခဲ့ကြောင်း၊ ဘင်နီတက်ဇ်အနေနဲ့ ဘောလုံးနည်းပြရာမှာ ရဲရင့်သူတစ်ဦးမဟုတ်ကြောင်း စီရော်နယ်လ်ဒိုက ပြောဆိုခဲ့တယ်လို့ စပိန်မီဒီယာတချို့က ဖော်ပြကြပါတယ်။

ဆီဗီလာကို ရှုံးနိမ့်တဲ့ပွဲအပြီး နောက်ထပ်ကစားရတဲ့ လာလီဂါပွဲစဉ်ကတော့ ပြိုင်ဘက်ထိပ်သီး ဘာစီလိုနာနဲ့ ကစားရတဲ့ El Clásico ပွဲစဉ်ပဲဖြစ်ပါတယ်။ ဒီပွဲကို ရီးယဲလ်အသင်းရဲ့ ဘာနေဗျူးကွင်းမှာ ကစားခဲ့တာဖြစ်ပြီး ပွဲမတိုင်ခင် စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ El Confidencial က သတင်းတစ်ခုကိုဖော်ပြခဲ့ပါတယ်။ အဲဒါကတော့ အသင်းဥက္ကဋ္ဌပီရက်ဇ်က စီရော်နယ်လ်ဒိုလိုပဲ "ဘင်နီတက်ဇ်နဲ့ ရှေ့ဆက်နေရင် ဘာဖလားမှ ရမှာမဟုတ်ဘူး"လ့ို ပြောခဲ့ကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီဖော်ပြမှုကို စီရော်နယ်လ်ဒိုရော၊ ပီရက်ဇ်ပါ ငြင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ရီးယဲလ်အသင်းမှာ ဘင်နီတက်ဇ်ဟာ သူကစားချင်တဲ့ လူအခင်းအကျင်းနဲ့ မကစားရဘဲ ပီရက်ဇ်စိတ်ကြိုက်ကစားသမားတွေနဲ့ အသင်းကိုဖွဲ့စည်းနေရတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဘာစီလိုနာနဲ့ကစားခဲ့တဲ့ပွဲမှာလည်း ဘင်နီတက်ဇ်ဟာ ကတ်စ်မဲရိုး၊ အစ္စကိုအစရှိတဲ့ကစားသမားတွေကိုအသုံးပြုဖို့ မူလကရည်ရွယ်ခဲ့ပေမယ့် တကယ့်လက်တွေ့ပွဲထွက်လူစာရင်းမှာတော့ ပီရက်ဇ်အကြိုက်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ တိုနီကရူးစ်၊ မိုဒရစ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကိုသာ အသုံးပြုခဲ့ရပါတယ်။ အသင်းမှာ ဥက္ကဋ္ဌရဲ့စွက်ဖက်မှုကို ဘင်နီတက်ဇ်က စိတ်ပျက်၊ အသင်းရဲ့ရလဒ်ဆိုးတွေကို ပီရက်ဇ်က စိတ်ညစ်၊ ဘင်နီတက်ဇ်ကစားခိုင်းတဲ့ ဗဟိုတိုက်စစ် ကစားသမားနေရာမှာမကစားချင်လို့ စီရော်နယ်လ်ဒိုက မကျေနပ်၊ အသင်းက ဗဟိုတိုက်စစ်မှူးတစ်ဦးဝယ်ဖို့ ငြင်းဆန်ခဲ့တာကြောင့် အသင်းဥက္ကဋ္ဌကို စီရော်နယ်လ်ဒိုနဲ့ ဘင်နီတက်ဇ်ကမကျေနပ် အစရှိသဖြင့် ရီးယဲလ်အသင်းရဲ့အဓိကပုဂ္ဂိုလ်တွေကြားမှာ အစာမကြေတာတွေက လုံးလည်ချာလည် လိုက်နေပါတယ်။

ဒီလိုအသင်းအတွင်း မပြေလည်မှုတွေများနေခြင်းက အသင်းရဲ့ရလဒ်တွေကိုလည်း သိသိသာသာထိခိုက်စေခဲ့ပါတယ်။ ဆီဗီလာကို (၂-၃) ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ရီးယဲလ်အသင်းဟာ ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ (ဝ-၄)ဂိုးနဲ့ ဂိုးပြတ်ဆက်အရေးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲအပြီးမှာ စီရော်နယ်လ်ဒိုက "El Clásico ပွဲမှာ ဒီလို (ဝ-၄)ဂိုးနဲ့ ရှုံးတာ တစ်မျိုးကောင်းပါတယ်။ ကျွန်တော်တို့အသင်းကို လှုပ်နှိုးလိုက်သလိုဖြစ်သွားတာပေါ့။ ဒီလို ရှုံးနိမ့်မှုမျိုးဖြစ်လာရင် အသင်းကို မဖြစ်မနေအပြောင်းအလဲပြုလုပ်ရတော့မှာပါ"လို့ ပြောလိုက်ပြီး၊ နည်းပြနေရာအပြောင်းအလဲလုပ်ဖို့ လိုအပ်ပြီလို့ မပြောရုံတမယ်နှပ်ကြောင်း ပေးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ရီးယဲလ်အသင်းထိပ်တန်းတာဝန်ရှိသူတွေက ဘင်နီတက်ဇ်ဘက်က အံ့အားသင့်ဖွယ်ကာကွယ်ခဲ့ပြီး တကယ်လို့ လိုအပ်လာမယ်ဆိုရင် စီရော်နယ်လ်ဒိုကို အရံခုံထိုင်ခိုင်းချင်လည်း ထိုင်ခိုင်းလို့ရတယ်ဆိုတဲ့ ညွှန်ကြားချက်ထွက်ပေါ်လာခဲ့ပါတယ်။

■ ဖိအားကိုယ်စီနဲ့ (၃)ဦး

၂၀၁၅၊ ဒီဇင်ဘာလ(၂၀)ရက်နေ့မှာကစားတဲ့ ဗယ်လက်ကာနိုနဲ့ပွဲစဉ်ဟာ ဘင်နီတက်ဇ်၊ စီရော်နယ်လ်ဒို၊ ပီရက်ဇ်တို့အတွက် ဖိအားတွေများပြားခဲ့ပြီး သူတို့(၃)ဦးစလုံး အသင်းကနေ ချက်ချင်းထွက်သွားရတော့မလောက် အော်ဟစ်သံတွေ ဆူညံခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ဗီလာရီးယဲလ်ကို(ဝ-၁)ဂိုးနဲ့ရှုံးခဲ့တာကြောင့် ရီးယဲလ်အသင်းဟာ ပွဲစဉ်(၁၅)မှာပဲ ရှုံးပွဲ(၃)ပွဲထိရှိသွားခဲ့ပြီး အဲဒီရာသီလာလီဂါချန်ပီယံဆုကို မေ့ပစ်ရတော့မယ့်အနေအထားမျိုးဖြစ်သွားခဲ့ပါတယ်။ ဗယ်လက် ကာနိုနဲ့ပွဲစဉ်မှာလည်း (၃)မိနစ်မှာ အဖွင့်ဂိုးရရှိခဲ့ပေမယ့် (၁၀)မိနစ်နဲ့ (၁၂)မိနစ်တွေမှာ ချေပဂိုးနဲ့ဦးဆောင်ဂိုးတွေပြန်ပေးခဲ့ရလို့ (၁-၂)ဂိုးနဲ့ နောက်ကလိုက်ကစားခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပွဲကြည့်စင်ပေါ်က "ဘင်နီတက်ဇ်ထွက်သွား"၊ "ပီရက်ဇ်ထွက်သွား"ဆိုတဲ့အသံတွေနဲ့ စီရော်နယ်လ်ဒိုအပေါ် လှောင်ပြောင်သံတွေက ဆူညံနေခဲ့ပါတယ်။ ရီးယဲလ်ပရိသတ်တွေအနေနဲ့ ရလဒ်မကောင်းတာကြောင့် နည်းပြဘင်နီတက်ဇ်ကို အလိုမရှိတော့သလို၊ ဘင်နီတက်ဇ်ကိုခန့်အပ်ခဲ့တာအပြင် ကာကွယ်ခဲ့တဲ့လုပ်ရပ်အတွက် အသင်းဥက္ကဋ္ဌပီရက်ဇ်ကိုပါ ဒေါသထွက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းမှာခြေစွမ်းကျဆင်းလာတဲ့ စီရော်နယ်လ်ဒိုကိုလည်း ရှုတ်ချလှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲမှာ ပိုဆိုးသွားတာက သည်းခံစိတ်မရှိတဲ့ စီရော်နယ်လ်ဒိုဟာ ပရိသတ်တွေကိုပိုပြီး ဒေါသထွက်အောင်တုံ့ပြန်လိုက်တာပါပဲ။ သူ့ရဲ့လက်ချောင်းတစ်ခုကိုထောင်ပြီး ပရိသတ်ကိုဝှေ့ယမ်းပြလိုက်ရာမှာ ရီးယဲလ်ပရိသတ်တွေ ပိုဒေါသထွက်ပြီး သူ့ကိုပိုမိုပစ်မှတ်ထားကာ ပြင်းပြင်းထန်ထန် လှောင်ပြောင်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ ရီးယဲလ်အသင်းဟာ ပွဲချိန်(၂၅)မိနစ်အထိ (၁-၂)ဂိုးနဲ့ ရှုံးနိမ့်နေပေမယ့် နောက်ပိုင်းမိနစ်တွေမှာတော့ (၉)ဂိုးအထိသွင်းယူကာ နှစ်ဦးထုတ်ပယ်ခံရတဲ့ ဗယ်လက်ကာနိုအသင်းကို (၁၀-၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ စီရော်နယ်လ်ဒိုဟာ(၂)ဂိုး သွင်းယူခဲ့ပေမယ့် (ပရိသတ်တွေကို မကျေမနပ်ဖြစ်နေတာကြောင့်) ဂိုးသွင်းအပြီးအောင်ပွဲခံမှုမပြုလုပ်ဘဲ နေခဲ့ပါတယ်။ ပွဲအပြီးမှာ စီရော်နယ်လ်ဒိုက ရီးယဲလ်အသင်းက ထွက်ခွာတော့မယ်လို့ပြောခဲ့ကြောင်း စပိန်ရေဒီယိုတစ်ခုက ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စီရော်နယ်လ်ဒိုနဲ့ ရီးယဲလ်ပရိသတ်တွေရဲ့ကြား အဆင်မပြေမှုက အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိလာတယ်လို့ဆိုနိုင်ပြီး ရုပ်သံလိုင်းတွေမှာ စီရော်နယ်လ်ဒိုရဲ့ပုံကိုတွေ့မြင်ရရင် ရီးယဲလ်ပရိသတ်အများစုက ဆက်မကြည့်ဘဲလိုင်းပြောင်းပစ်တာကို ရုပ်သံလိုင်းအချက်အလက်မှတ်တမ်းတွေအရ တွေ့ခဲ့ရပါတယ်။

■ ဘင်နီတက်ဇ်လမ်းခွဲချိန်

၂၀၁၆၊ ဇန်နဝါရီလ(၃)ရက်နေ့မှာ ဗလင်စီယာအသင်းနဲ့ (၂-၂)ဂိုးသရေကျပြီးနောက် အသင်းနည်းပြ ဘင်နီတက်ဇ်အပေါ် ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ်ရဲ့ စိတ်ရှည်သည်းခံမှုဟာ ကုန်ဆုံးသွားခဲ့ပါတယ်။ သတင်းတွေအရတော့ ဒီပွဲမတိုင်ခင်ကတည်းက ဘင်နီတက်ဇ်နဲ့လမ်းခွဲဖို့ ပီရက်ဇ်က ကြိုတင်ဆုံးဖြတ်ထားပြီး အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ်နဲ့ စီရော်နယ်လ်ဒိုတို့ကို သီးခြားစီတွေ့ဆုံကာ သူ့ရဲ့အစီအစဉ်အချို့ကိုပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အသင်းမှာ စီနီယာကစားသမားတွေနဲ့ အဆင်မပြေမှုကြီးထွားလာတဲ့ နည်းပြဘင်နီတက်ဇ်ကိုလမ်းခွဲခြင်းကသာ အကောင်းဆုံးနည်းလမ်းလို့ ပီရက်ဇ်စဉ်းစားမိခဲ့ပြီး ဗလင်စီယာနဲ့ သရေကျအပြီးမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆၊ ဇန်နဝါရီ(၄) ရက်နေ့မှာ နည်းပြ ဘင်နီတက်ဇ်နဲ့ လမ်းခွဲပြီဖြစ်ကြောင်း ရီးယဲလ်အသင်းက တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပြီး အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ဇီဒန်းကိုနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ နည်းပြ အန်ဆယ်လော့တီရဲ့ လက်အောက်မှာ လက်ထောက်နည်းပြလုပ်ဖူးပြီး ရီးယဲလ်မက်ဒရစ်(B)အသင်းမှာ (၂)နှစ်ကြာ နည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်ပရိသတ်တွေတန်ဖိုးထားလေးစားတဲ့ သူတစ်ဦးဖြစ်သလို ရီးယဲလ်ကစားသမားတွေအပေါ်ကို သြဇာညောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ခါပီရက်ဇ်ရဲ့ နည်းပြအပြောင်းအလဲကို ရီးယဲလ်မက်ဒရစ်ပရိသတ်တွေ ကလိုလိုလားလားလက်ခံကြပြီး၊ ကစားသမားတွေကြားမှာလည်း ဘာသံမှထွက်မလာဘဲ ဇီဒန်းကို ကြိုဆိုတဲ့လက္ခဏာပဲပြခဲ့ပါတယ်။ ရီးယဲလ်နည်းပြ အဖြစ်ထုတ်ပယ်ခံရတဲ့ ဘင်နီတက်ဇ်ကတော့ ရီးယဲလ်အသင်းဆိုတာ အဖိုးတစ်ဦး (ပီရက်ဇ်)အုပ်ချုပ်နေတဲ့နေအိမ်မှာ မြေး(၂၅)ဦးရှိနေပြီး သူတို့ရဲ့ဖခင်ဖြစ်ဖို့ နည်းပြတစ်ဦးက ခက်ခက်ခဲခဲကြိုးပမ်းနေရတာနဲ့ တူနေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ လူ့လောကမှာရှိစဉ်တုန်းက တည့်အောင်မနေဘဲ မရှိတော့မှ အကောင်းပြောလေ့ရှိတဲ့ လူ့သဘောသဘာဝအတိုင်း ရီးယဲလ်နည်းပြရာထူးက ဘင်နီတက်ဇ်ထုတ်ပယ်ခံရမှ စီရော်နယ်လ်ဒိုက ဘင်နီတက်ဇ်ရဲ့ကောင်းကြောင်းတွေကို စပိန်ဂျာနယ်လစ်ပတ်ရဲရိုးလ်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ "နည်းပြတိုင်းဆီက မတူညီတဲ့အရာတွေကို သင်ကြားရလေ့ရှိပါတယ်။ ဘင်နီတက်ဇ်ဟာ ကျွန်တော့်ကို ဖရီးကစ်တွေ ဘယ်လိုကန်ရမလဲဆိုတာ သင်ကြားပြသပေးခဲ့ရုံတင်မကပါဘူး။ ဘောလုံးကိုဘယ်လိုဆွဲပြေးရမလဲ၊ ဘယ်လိုဂိုးသွင်းရမလဲဆိုတဲ့ နည်းစနစ်နည်းဗျူဟာများစွာကိုပါ ပြသပေးခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ် ... ။

ဆက်လက်ဖော်ပြပါမည်။

Photos: AFP,Gettyimages,CR7,Daily Mail,Mirror,The Sun ...

Most Read

Most Recent