ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၃)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၃)
Published 4 November 2017

Photos: AFP,Gettyimages,Daily Mail,Marca,Mirror,The Sun ...

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

■ အခန်း(၈)

■ ထိုင်ခုံပူပေါ်ကနောက်နည်းပြတစ်ဦး

 

■ လုပ်ပိုင်ခွင့်နည်းသူ

၂၀၁၅ နွေရာသီမှာ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီနဲ့ လမ်းခွဲပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းဟာ အံ့အားသင့်ဖွယ်ရာ နည်းပြသစ်ခန့်အပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အန်ဆယ်လော့တီကို ထုတ်ပယ်ပြီး တစ်ပတ်အကြာ ၂၀၁၅၊ ဇွန်လ (၃) ရက်နေ့မှာ စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း ရီးယဲလ်အသင်းက တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘင်နီတက်ဇ်ဟာ ၁၉၉၃ ခုနှစ်မှာ ရီးယဲလ်မက်ဒရစ် (B)အသင်းနဲ့ သူ့ရဲ့နည်းပြဘဝကို စတင်ခဲ့တာဖြစ်ပြီး လူငယ်ကစားသမားဘဝက ရီးယဲလ်မက်ဒရစ်လူငယ်အသင်းမှာ (၅)နှစ်ကြာ (၁၉၇၃-၁၉၇၈) ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဗယ်လာဒိုလစ်၊ အိုဆာဆူနာ၊ တီနီရိုက်ဖ်၊ ဗလင်စီယာအစရှိတဲ့ စပိန်ကလပ်အသင်းတွေကို ကိုင်တွယ်ဖူးတဲ့ ဘင်နီတက်ဇ်ဟာ အင်္ဂလန်ကလပ်လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလားရယူပေးခဲ့တဲ့ နည်းပြတစ်ဦးဖြစ်သလို ချယ်လ်ဆီးအသင်းကိုလည်း ယာယီကိုင်တွယ်စဉ်မှာ ယူရိုပါလိဂ်ဖလား ရယူပေးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အီတလီကလပ်အင်တာမီလန်အသင်းကို ကလပ်ကမ္ဘာ့ဖလားနဲ့ အီတလီစူပါဖလား၊ နာပိုလီအသင်းကို ကိုပါအီတာလီယာဖလားနဲ့ အီတလီစူပါဖလားတွေ ရယူပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့နည်းပြဘဝဖြတ်သန်းမှုမှာ ဆုဖလားပေါင်းများစွာရယူပြီး ကလပ်အသင်းကြီးတော်တော်များများကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပေမယ့် ရီးယဲလ်မက်ဒရစ်လိုအသင်းကို သူတာဝန်ယူရာမှာ သိပ်ပြီးမထိုက်တန်သလို မှတ်ချက်ပြုဝေဖန်မှုတွေရှိခဲ့ပါတယ်။ လက်တွေ့မှာလည်း ဘင်နီတက်ဇ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ သူ့ရဲ့အတွေးအခေါ် အယူအဆတွေချပြဖို့ထက် ကလပ်အသင်းရဲ့ မူဝါဒလမ်းစဉ်ကို လိုက်နာရသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းမှာ အရင်နည်းပြတွေထက်စာရင် သူ့အတွက် လုပ်ပိုင်ခွင့် အခွင့်အရေးက နည်းပါးခဲ့ပါတယ်။ အသင်းမှာ လိုအပ်ချက်ရှိလို့ တောင်းဆိုတာကိုတောင် ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ်အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေက သိပ်ပြီးအလေးအနက်မထားဘဲ မဖြည့်ဆည်းပေးတာမျိုးတွေရှိခဲ့ပါတယ်။ ဘင်နီတက်ဇ်က အသင်းရဲ့တိုက်စစ်ကို အားဖြည့်လိုနေပြီး တိုက်စစ်မှူးစစ်စစ်တစ်ဦးခေါ်ယူပေးဖို့တောင်းဆိုရာမှာ အသင်းတာဝန်ရှိသူတွေက မေ့သလိုလျော့သလိုလုပ်နေလို့ နောက်ဆုံးမှာ အသင်းရဲ့ဂိုးသွင်း ဘုရင်စီရော်နယ်လ်ဒိုကိုပဲ တိုက်စစ်မှူးအဖြစ် လုံးလုံးလျားလျားအသုံးချကစားဖို့ စီစဉ်ခဲ့ရပါတယ်။

■ ခံစစ်ကိုမကူတဲ့ ကွင်းလယ်

ရီးယဲလ်မက်ဒရစ်အသင်းဟာ ၂၀၁၄ ခုနှစ်မှာ (၁၀) ကြိမ်မြောက် La Decima ဖလားကို ရယူနိုင်ခဲ့ပေမယ့် လာလီဂါချန်ပီယံဆုနဲ့ဝေးကွာနေခဲ့တာ (၂၀၁၂ ခုနှစ်နောက်ပိုင်း) (၃) ရာသီရှိသွားခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံး (၃) ရာသီအတွင်း စပိန်စူပါဖလား၊ ချန်ပီယံလိဂ်ဖလား၊ စပိန်ဘုရင့်ဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား အစရှိတဲ့ ဖလားပေါင်းစုံကို ရယူနိုင်ခဲ့ပေမယ့် လာလီဂါပြိုင်ပွဲမှာတော့ နောက်ဆုံး (၇)ရာသီအတွင်း တစ်ကြိမ်သာချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီလို တစ်ရာသီလုံး ရေရှည်ကစားရတဲ့ ပြိုင်ပွဲမှာ အောင်မြင်မှုမရတာဟာ အသင်းရဲ့အဓိက ကွင်းလယ်ကစားသမားတွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ဘင်နီတက်ဇ် တွေ့မြင်ခဲ့ပါတယ်။ ကွင်းလယ်မှာ တိုနီကရူးစ်၊ မိုဒရစ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ အစ္စကိုအစရှိတဲ့ ကစားသမားတွေဟာ တိုက်စစ်ဆင်ရာမှာရော၊ ဂိုးရဖို့ပံ့ပိုးရာမှာပါ အပြစ်ပြောစရာမရှိပေမယ့် ဘောလုံးဆုံးရှုံးချိန်မှာ ဒီကစားသမားတွေရဲ့ လုပ်အားနှုန်းက လျော့နည်းနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အသင်းရဲ့ ကွင်းလယ်ကို အပြောင်းအလဲပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကိုမကျော်နိုင်တာကြောင့် ပီရက်ဇ်စိတ်ကြိုက်ကစားသမားတွေကိုသာ အသုံးပြုခဲ့ရပါတယ်။ ပေါ်တိုအသင်းမှာ အငှားသွားကစားရာကနေ ၂၀၁၅ နွေရာသီမှာ ပြန်ရောက်လာတဲ့ ခံစစ်အားသန်တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကက်စမဲရိုးကို Box-to-Box ကွင်းလယ်လူအဖြစ်အသုံးပြုပြီး အသင်းရဲ့ စိတ်မချရတဲ့ခံစစ်ကို အားဖြည့်ချင်ပေမယ့် ပီရက်ဇ်ကတော့ ကွင်းလယ်မှာ အထက်ပါကစားသမား (၄)ဦးကိုသာ အဓိကအသုံးပြုတာမြင်ချင်သူပါ။

နောက်အခက်အခဲတစ်ခုကတော့ ရီးယဲလ်မက်ဒရစ်အသင်းက စီနီယာကစားသမားတချို့ ကိုယ်တိုင် ဘင်နီတက်ဇ်ကို ရီးယဲလ်မက်ဒရစ်အသင်းနည်းပြရာထူးနဲ့ မထိုက်တန်ဘူးဆိုတဲ့ အတွေးအမြင်တွေ ရှိနေကြတာပါ။ ဒါကြောင့် ရီးယဲလ်အသင်းမှာ ဘင်နီတက်ဇ်နဲ့ ကစားသမားတွေရဲ့ ဆက်ဆံရေးက ဆိုးဆိုးဝါးဝါးမရှိဘူးဆိုရင်တောင် မပေါက်ကွဲသေးတဲ့၊ ငြိမ်သက်နေတဲ့ မီးတောင်တစ်ခုလို အခြေအနေမျိုးရှိခဲ့ပါတယ်။ ဘယ်အချိန်မှာ ပြာပူတွေမှုတ်ထုတ်ပြီးပေါက်ကွဲမလဲဆိုတာကို နှစ်ဦးနှစ်ဖက်စောင့်ကြည့်နေကြပြီး ကစားသမားနဲ့ နည်းပြထိန်းထိန်းသိမ်းသိမ်းပြောဆို ဆက်ဆံနေရတဲ့အခြေအနေမျိုးပါ။

■ အေးစက်လာတဲ့ ဆက်ဆံရေး

ဒါပေမဲ့ ဘင်နီတက်ဇ်ဟာ စီရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ၂၀၁၅ သြစတြေးလျခြေစမ်းခရီးစဉ် ပထမဆုံးမီဒီယာတွေ့ဆုံမှုမှာပဲ စကားမှားသွားခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ အမြင်မကြည်မှုကို ဦးဦးဖျားဖျား ရရှိခဲ့ပါတယ်။ ဘင်နီတက်ဇ်က ရီးယဲလ်အသင်းမှာသူ့အတွက်အကောင်းဆုံးကစားသမားဆိုတာ ပြောဖို့ခက်ခဲကြောင်း၊ စီရော်နယ်လ်ဒို၊ ဘန်ဇီမာ၊ ဘေးလ်၊ ဂျိမ်းရိုဒရီဂွက်ဇ် အစရှိတဲ့ ကစားသမားတွေဟာ သူ့အရည်အချင်းနဲ့သူ ရှိကြသူတွေဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီပြောဆိုမှုဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၃) ကြိမ်တိုင်ရယူခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာ (၅)ရာသီဆက်တိုက် ဂိုးအများဆုံးသွင်းယူပေးထားတဲ့ စီရော်နယ်လ်ဒိုအတွက် နှာကစ်စရာစကားတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိကတာဝန်ရှိသူတစ်ဦးကတော့ ဘင်နီတက်ဇ်ကို စီရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ သတိထားဖို့နဲ့ စီရော်နယ်လ်ဒိုဟာ မိမိတို့ရဲ့ ရာထူးတွေကို ဆုံးရှုံးသွားစေနိုင်သူတစ်ဦးဖြစ်ကြောင်း စေတနာနဲ့ သတိပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စီရော်နယ်လ်ဒိုနဲ့ ဘင်နီတက်ဇ်တို့ရဲ့ ဆက်ဆံရေးဟာ အေးတိအေးစက်ဖြစ်လာခဲ့ပါတယ်။ ဘင်နီတက်ဇ်ဟာ ရီးယဲလ်အသင်းမှာ အန်ဆယ်လော့တီ အသုံးပြုခဲ့တဲ့ (၄-၃-၃) ကစားကွက်ကို (၄-၂-၃-၁)၊ (၄-၄-၂) အစရှိတဲ့ ကစားကွက်တွေနဲ့ အစားထိုးခဲ့ပြီး စီရော်နယ်လ်ဒိုကို အထောင်တိုက်စစ်မှူးတစ်ဦးအဖြစ် ကစားစေကာ ဘေးလ်ကိုလည်း အတွင်းထဲဝင်ပြီး စီရော်နယ်လ်ဒိုရဲ့ နောက် တိုက်စစ်ပံ့ပိုးသူတစ်ဦးအဖြစ် ကစားစေခဲ့ပါတယ်။ ဒါပေမဲ့ ရာသီမစမီပဲ ဒီလိုကစားရတာ အဆင်မပြေကြောင်း စီရော်နယ်လ်ဒိုထံက စောဒကတက်မှုကို ဘင်နီတက်ဇ် ကြုံတွေ့ခဲ့ရပါတယ်။ ရီးယဲလ်နဲ့ ရိုးမားတို့ကစားခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ စီရော်နယ်လ်ဒိုက ဘေးလ်ဟာ သူ့ကို ဘောလုံးဖန်တီးပေးပို့မှုတွေ မပြုလုပ်ခဲ့ကြောင်း စောဒကတက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅-၁၆ ရာသီစတင်ချိန်မှာလည်း စီရော်နယ်လ်ဒိုက အထောင်တိုက်စစ်မှူးအဖြစ် သူမကစားလိုကြောင်း၊ အရင်လိုပဲ ဘယ်တောင်ပံမှာ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးအဖြစ်ကစားရတာ သူ့အတွက် ပိုကောင်းကြောင်း ဘင်နီတက်ဇ်ကို ပြောခဲ့ပါတယ်။ တစ်ရက်မှာ ဘင်နီတက်ဇ်ရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးက စီရော်နယ်လ်ဒိုကို USB Drive (Memory Stick) တစ်ခုပေးပြီး ဒီထဲမှာ စီရော်နယ်လ်ဒိုအနေနဲ့ တစ်ဖက်အသင်းကို ထိုးဖောက်ရာမှာ ဘယ်လိုကစားရမယ်ဆိုတဲ့ ကစားကွက်နည်းဗျူဟာတွေပါဝင်ကြောင်း၊ တစ်ဖက်ခံစစ်ကွက်လပ်လွတ်တွေထဲမှာ ဘယ်လိုပြေးလွှားကစားရမလဲဆိုတဲ့ ညွှန်ကြားချက်တွေပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီမှာ စီရော်နယ်လ်ဒိုက "ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ သွင်းယူခဲ့တဲ့ ဂိုးတွေအားလုံးကို USB Drive ထဲထည့်ပြီး ပြန်ပေးမယ်လို့ ဘင်နီတက်ဇ်ကို ပြောလိုက်ပါ။ ဒါတွေကိုကြည့်ပြီး သူလေ့လာလို့ ရတာပေါ့" လို့ ပြန်ပြောခဲ့ကြောင်း စပိန်သတင်းစာ El Pais က ဖော်ပြခဲ့ပါတယ်။

■ ဘင်နီတက်ဇ်အလျှော့ပေးသော်လည်း

ဒီလိုပြောဆိုတာဟာ နည်းပြတစ်ဦးအတွက် စိတ်ဆိုးဒေါသထွက်စရာဖြစ်ပေမယ့် ဘင်နီတက်ဇ်အနေနဲ့ စီရော်နယ်လ်ဒိုနဲ့ အဆင်ပြေချောမွေ့စေမယ့် လမ်းကိုသာရွေးခဲ့ပါတယ်။ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေထဲမှာ လက်ရှိရီးယဲလ်အသင်းဟာ အကောင်းဆုံးအသင်းဖြစ်ကြောင်း၊ မိမိရဲ့ နည်းပြဘဝကိုင်တွယ်ခဲ့တဲ့ ကစားသမားတွေထဲမှာ စီရော်နယ်လ်ဒိုကအကောင်းဆုံး ကစားသမားဖြစ်ကြောင်းပြောဆိုပြီး စီရော်နယ်လ်ဒိုအကြိုက်စကားတွေနဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပြန်လည်နွေးထွေးလာအောင် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးအက်ကြောင်းတစ်ခုဟာ အလုံးစုံပြန်လည်ကောင်းမွန်ဖို့ ခက်ခဲသလို စီရော်နယ်လ်ဒိုအနေနဲ့လည်း ဘင်နီတက်ဇ်ဘက်က အလျှော့ပေးလိုက်လျောမှုတွေကို မသိလိုက်မသိဘာသာ,သာ ဆက်ဆံခဲ့ပါတယ်။ ပိုပြီးဆိုးရွားတာက ESPN တွေ့ဆုံတဲ့ အင်တာဗျူးမှာ ရီယဲလ်အရင်နည်းပြ အန်ဆယ်လော့တီဟာ တကယ်ကိုထူးခြားတဲ့နည်းပြတစ်ဦးဖြစ်ကြောင်းနဲ့ အန်ဆယ်လော့တီနဲ့ ပြန်လက်တွဲလိုကြောင်း၊ အန်ဆယ်လော့တီကို အလွန်ပဲသတိရလွမ်းဆွတ်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီလို မိမိကစားသမားတစ်ဦးက တခြားနည်းပြတစ်ဦးကို အလိုရှိတယ်လို့ လူသိရှင်ကြားပြောဆိုခြင်းဟာ နည်းပြတစ်ဦးအတွက် မခံမရပ်နိုင်စရာဖြစ်ပေမယ့် ဘင်နီတက်ဇ်ကတော့ စီရော်နယ်လ်ဒိုအပေါ် ဗွေမယူနိုင်ဘဲ သူ့စကားကိုမသိသလိုသာ နေခဲ့ရပါတယ်။

၂၀၁၅-၁၆ ပထမရာသီဝက်ကာလကတော့ စီရော်နယ်လ်ဒိုအတွက် ခြေစွမ်းမတည်ငြိမ်တဲ့ ကာလတစ်ခုဖြစ်ခဲ့သလို သူကိုယ်တိုင်လည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေကြောင်း၊ သူ့မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေရှိနေကြောင်း၊ တခြားသူတွေကို မိမိရဲ့အပူမီးတွေ မကူးစက်စေလိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ခြေစွမ်းမတည်ငြိမ်ရုံမက ကွင်းထဲမှာ မလုပ်သင့်တဲ့ လုပ်ရပ်တွေကိုပါ အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါတယ်။ လက်စ်ပါးမားစ်ကစားသမား ဒေးဗစ်ဆိုင်မွန်၊ စပို့တင်းဂီဂျွန်ကစားသမားနာချိုကာဆက်စ်၊ ရီးယဲလ်ဘက်တစ်ကစားသမား မိုလီနီရိုတို့ကို ဘောလုံးမပါဘဲ အသားလွတ်ကန်ခဲ့သလို၊ ဆီဗီလာကစားသမား ခရီဟိုယက်ကို လက်ပြန်ရိုက်တာ၊ ဘာစီလိုနာကစားသမား အဲလ်ဗတ်စ်ကို တံတောင်နဲ့တွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent