ယူရို ၃ ဒသမ ၃ သန်း အခွန်ရှောင်မှုအတွက် မော်ရင်ဟိုအား စတင်စစ်ဆေး

ယူရို ၃ ဒသမ ၃ သန်း အခွန်ရှောင်မှုအတွက် မော်ရင်ဟိုအား စတင်စစ်ဆေး
Published 4 November 2017

နိုဝင်ဘာ ၃ ရက်တွင် တရားရုံးမှပြန်လည်ထွက်ခွာလာသည့် မော်ရင်ဟိုအား မီဒီယာများက မေးမြန်းနေစဉ် (Photo: AFP)

မန်ယူအသင်းနည်းပြ မော်ရင်ဟိုအား ယူရို ၃ ဒသမ ၃ သန်း (ဒေါ်လာ ၃ ဒသမ ၈ သန်း) အခွန်ပေးဆောင်ရန် ပျက်ကွက်မှုဖြင့် နိုဝင်ဘာ ၃ ရက်က စပိန်နိုင်ငံ မက်ဒရစ်မြို့ ဆင်ခြေဖုံးဒေသဖြစ်သည့် Pozuelo de Alarcon ရှိ တရားရုံး၌ စတင် ကြားနာစစ်ဆေးခဲ့ကြောင်း သိရသည်။

မော်ရင်ဟို (၅၄ နှစ်) သည် ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်စဉ် ပုံရိပ်အသုံးပြုခ ဝင်ငွေအား တရားဝင်ကြေညာရန် ပျက်ကွက်ခဲ့ကြောင်း စပိန်အစိုးရရှေ့နေများက စွပ်စွဲထားပြီး ၂၀၁၁ ခုနှစ်တွင် ယူရို ၁ ဒသမ ၆ သန်းနှင့် ၂၀၁၂ ခုနှစ်တွင် ယူရို ၁ ဒသမ ၇ သန်း ပေးဆောင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ၎င်းသည် စပိန်နိုင်ငံတွင် အခွန်ပေးဆောင်ရန် ပျက်ကွက်မှုကြောင့် တရားရုံး၌ စစ်ဆေးမေးမြန်းခံရသည့် ဘောလုံးလောကမှ ကြယ်ပွင့်များအနက် တစ်ဦးအပါအဝင်ဖြစ်လာပြီး ၎င်းမတိုင်မီ ဘာစီလိုနာအသင်းမှ မက်ဆီ၊ မာရှေရာနို၊ ရီးယဲလ်အသင်းမှ စီရော်နယ်လ်ဒို၊ (ကစားသမားဟောင်း) ဒီမာရီယာ၊ ကွန်ထရာအို၊ ကာဗယ်လ်ဟိုနှင့် အက်သလက်တီကို တိုက်စစ်မှူးဟောင်း ဖယ်လ်ကာအို (ယခုမိုနာကို) တို့လည်း အလားတူပြဿနာ ကြုံတွေ့နေရသည်။ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် မော်ရင်ဟိုသည် တရားရုံးအတွင်းသို့ တစ်ဦးတည်းဝင်သွားပြီး (ရှေ့နေများမှာ ကြိုတင်ရောက်ရှိနေ) မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ မန်ယူအသင်းသည် နိုဝင်ဘာ ၅ ရက်တွင် လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် အဝေးကွင်း ပွဲကျပ်ကစားရမည်ဖြစ်ရာ မော်ရင်ဟိုသည် ယနေ့ ညနေပိုင်းမှာပင် မန်ချက်စတာသို့ပြန်သွားကြောင်း သိရသည်။ ယင်းပွဲမတိုင်မီ မော်ရင်ဟိုက အသင်းဟောင်းပရိသတ်များသည် ချယ်လ်ဆီးအသင်း၌ မိမိရယူပေးခဲ့သည့် အောင်မြင်မှုများကို မေ့ပျောက်သွားပြီဖြစ်ကြောင်း ဝေဖန်ပြောကြားသည်။

 

 

Most Read

Most Recent