ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၂)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၂)
Published 26 October 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

written by: မြတ်ထွဋ်

■ သည်းခံစိတ်မရှိခြင်း
ကော်ဒိုဘာ - ရီးယဲလ်ပွဲမှာ ပြခံခဲ့ရတဲ့ အနီကတ်ဟာ စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝသက်တမ်းတစ်လျှောက် (၉)ကြိမ်မြောက်အနီကတ် ဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ရီးယဲလ်ကစားသမားဘဝမှာ အနီကတ်(၅)ကြိမ် ပြသခံခဲ့ရပါတယ်။ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ပြသခံခဲ့ရတဲ့ အနီကတ်တွေကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် ပြိုင်ဘက်ကစားသမားတွေကို ရန်လိုတဲ့ အပြုအမူတွေပြုလုပ်ခဲ့တာကြောင့် ပြခံခဲ့ရတဲ့ အနီကတ်က (၅)ကတ်အထိရှိပါတယ်။ စီရော်နယ်လ်ဒိုဟာ ပြိုင်ဘက်ကစားသမားတွေကိုသာမက မိမိရဲ့အသင်းဖော်ကစားသမားတွေကိုလည်း သည်းခံစိတ်မရှိဘူးလို့စွပ်စွဲခံရပြီး သူ့ရဲ့ရီးယဲလ်အသင်းဖော်တစ်ဦးဖြစ်သူ အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာက စီရော်နယ်လ်ဒိုဟာ ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ဓာတ်မျိုးလုံးဝမရှိဘူးလို့ အတိအလင်းစွပ်စွဲပြောကြားခဲ့ပါတယ်။ ဒီမာရီယာက "ကျွန်တော်သူ့ကို ခေါင်းဆောင်တစ်ဦးလို့ လုံးဝမမြင်မိပါဘူး။ သူကသာမန်အသင်းသားတစ်ဦး ပါပဲ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တာကလွဲလို့ ကျန်တာက သိပ်မထူးခြားပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြိုင်ဘက်ကစားသမားတွေ၊ အသင်းဖော်တွေကိုသည်းခံစိတ်နည်းပါးရုံမကဘဲ ဂျာနယ်လစ်တွေကိုလည်းစိတ်မထင်ရင် မထင်သလိုပြောဆိုတတ်သူဖြစ်ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ကိုယ့်ရဲ့ဒေါသကို ထိန်းချုပ်ပြီး ပညာသားပါပါပြောဆိုသင့်ပေမယ့် စီရော်နယ်လ်ဒိုဟာ မိမိရင်ထဲမှာရှိတာကို ဟောဟောဒိုင်းဒိုင်းပြောဆိုရုံမက ရိုင်းပျတဲ့အသုံးအနှုန်းတွေကိုပါ ထည့်သွင်းပြောဆိုတတ်သူ ဖြစ်ပါတယ်။ ၂၀၁၅ ဖေဖော်ဝါရီလ (၇)ရက်နေ့က ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ (ဝ-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီ ဒုတိယရာသီဝက်မှာ ဗလင်စီယာ၊ ဘီလ်ဘာအို၊ ဘာစီလိုနာအစရှိတဲ့ အသင်းတွေကိုရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ မြို့ခံပြိုင်ဘက်အသင်းကိုလည်း ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ စီရော်နယ်လ်ဒိုအတွက် ပိုပြီးမခံချိမခံသာဖြစ်စေတာက အက်သလက်တီကိုအသင်းဘက်ကို သူ့ရဲ့ထိုးဖောက်မှုတွေဟာ အရာမရောက်ခဲ့ဘဲ ဂိုးပေါက်ကိုတည့်အောင်တစ်ကြိမ်တောင် မကန်နိုင်ခဲ့တာပါ။ ဒါကြောင့်ပွဲရှုံးတာရော သူ့ရဲ့ စွမ်းဆောင်ရည်အတွက်ပါ စီရော်နယ်လ်ဒိုဟာ အလွန်ဒေါသထွက်နေခဲ့ပါတယ်။ ပွဲအပြီး မီဒီယာသမားတစ်ဦးက သူ့ကို မေးခွန်းမေးမြန်းရာမှာ ကော်ဒိုဘာနဲ့ပွဲမှာ အနီကတ်ပြထုတ်ပယ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီဂျာနယ်လစ်အနေနဲ့ စီရော်နယ်လ်ဒိုရဲ့ သည်းမခံတတ်တဲ့ စိတ်ကိုသိလို့ သူ့စိတ်ကိုဆွတဲ့အနေနဲ့ ဒီလိုမေးမြန်းခဲ့တာလားလို့ တောင်ထင်စရာဖြစ်ခဲ့ပါတယ်။ ဒီလိုစိတ်ကိုဆွတဲ့ သဘောနဲ့ မေးခဲ့တယ်ဆိုရင်တော့ သူ့ရဲ့ရည်ရွယ်ချက်ဟာ လွယ်လွယ်ကူကူနဲ့ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး စီရော်နယ်လ်ဒိုအနေနဲ့ ငါးစာကို ချက်ချင်းဟပ်မိတဲ့ ငါးတစ်ကောင်လိုဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ မေးခွန်းပြီးပြီးချင်းမှာ စီရော်နယ်လ်ဒိုက ဒေါသပါတဲ့ စကားတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ သူ့ရဲ့ အဖြေကို F နဲ့စတဲ့ အဆဲစကားလုံးနဲ့ စတင်လိုက်ပြီး "ခင်ဗျား ဒီနေ့ပွဲအကြောင်းကို မေးချင်တာလား၊ ကော်ဒိုဘာနဲ့ပွဲအကြောင်းကို မေးချင်တာလား။ ကော်ဒိုဘာနဲ့ပွဲက လွန်ခဲ့တဲ့ (၃)လက ကစားခဲ့တဲ့ပွဲလေ။ အခုမှ ဘာလို့ဒါကိုလာပြီး မေးနေရတာလဲ။ ဉာဏ်ရှိတဲ့ ဂျာနယ်လစ်တစ်ဦးဆိုရင် ဒီနေ့ပွဲအကြောင်းပဲမေးမှာ။ ဒီနေ့ပွဲမှာ ရီးယဲလ်အသင်းရဲ့ ကစားပုံဘာလို့ဆိုးရွားခဲ့သလဲဆိုတာမျိုး ကိုမေးရမှာ။ ခင်ဗျားကဉာဏ်မရှိတဲ့သူပဲ" လို့ တစ်ဖက်သားကို အားမနာဘဲဒေါသနဲ့ ကမူးရှူးထိုးဖြေကြားခဲ့ပါတယ်။

■ ဝေဖန်စရာဖြစ်ခဲ့တဲ့ မွေးနေ့ပွဲ
အက်သလက်တီကို (၄-ဝ)ရီးယဲလ်ပွဲအပြီးမှာ စီရော်နယ်လ်ဒိုဟာ သူ့ရဲ့အသက် (၃၀)နှစ်ပြည့်မွေးနေ့ပွဲကို မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ ကျင်းပခဲ့ပါတယ်။ မက်ဒရစ်မြို့မှာရှိတဲ့ နာမည်ကျော် Zalacain စားသောက်ဆိုင်မှာ ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ သူ့ရဲ့မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေထဲက လူ (၁၅၀)ကိုသီးသန့်ဖိတ်ကြားကာ မွေးနေ့ပါတီပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ အမှန်တော့ စီရော်နယ်လ်ဒိုရဲ့မွေးနေ့ဟာ ဖေဖော်ဝါရီလ (၅)ရက်နေ့ဖြစ်ပြီး မက်ဒရစ်ဒါဘီပွဲ မကစားခင် (၂)ရက်အလိုမှာဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ မြို့ခံဒါဘီပွဲ အတွက်ပြင်ဆင်မှုကို မထိခိုက်စေချင်တာကြောင့် ဒီပွဲအပြီးဖေဖော်ဝါရီ (၇)ရက်နေ့ညမှ ကျင်းပဖို့ စီရော်နယ်လ်ဒိုက စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့အသက် (၃၀)နှစ်မြောက် မွေးနေ့ပါတီဖြစ်လို့လည်း ဒီပါတီပွဲကိုသေသေချာချာစီစဉ်ခဲ့ပြီး လွန်ခဲ့တဲ့ (၂)လလောက်ကတည်းက Zalacain စားသောက်ဆိုင်မှာ ကြီးမားတဲ့အခန်းကြီးတစ်ခန်းကို ကြိုတင်မှာကြားထားခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်တစ်သင်းလုံးကို သူ့ရဲ့ဧည့်သည် (၁၅၀)ဦးစာရင်းမှာထည့်သွင်းဖိတ်ကြားခဲ့ပေမယ့် အသင်းဖော်တချို့သာတက်ရောက်လာပြီး တော်တော်များများက ဒီပါတီပွဲကို ရှောင်လွဲှခဲ့ကြပါတယ်။ မြို့ခံပြိုင်ဘက်ကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး ဒီလိုပျော်ပွဲရွှင်ပွဲတစ်ခုကိုတက်ရောက်ဖို့ဆိုတာ ရီးယဲလ်ကစားသမားတွေအတွက် ခက်ခဲတဲ့အရာတစ်ခုဖြစ်နေပါတယ်။

ဒီမွေးနေ့ပါတီပွဲမှာ ဂီတဖျော်ဖြေမှုကိုလည်းထည့်သွင်းခဲ့ပြီး ပါဝင်သီဆိုသူကိုလံဘီယာအဆိုတော် ကီဗင်ရိုလ်ဒန်ဟာအမှားတစ်ခုကို ကျူးလွန်လိုက်ပါတယ်။ ပါတီပွဲမှာရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့နဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရိုလ်ဒန်က လူမှုကွန်ရက်ဝက်ဘ်ဆိုက်မှာ တင်လိုက်တာဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်မှာတော့ စီရော်နယ်လ်ဒိုဟာ စတိတ်စင်ပေါ်မှာ ရိုလ်ဒန်နဲ့အတူပျော်မြူးစွာနဲ့ သီချင်းသီဆိုနေပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို ဂိုးပြတ်ရှုံးနိမ့်တာကြောင့် မိမိအသင်းအပေါ် စိတ်ဆိုးနေတဲ့ ရီးယဲလ်ပရိသတ်တွေရဲ့ အမျက်ဒေါသက စီရော်နယ်လ်ဒိုအပေါ်ကို စုပြုံရောက်ရှိသွားပါတယ်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရီးယဲလ်ပရိသတ်တွေက ဒီမွေးနေ့ပါတီပွဲကို ရှုတ်ချဝေဖန်ခဲ့ကြပြီး ဂိုးပြတ်ရှုံးတဲ့ပွဲအပြီး ဒီလိုပျော်ပွဲရွှင်ပွဲကို မကျင်းပသင့်ကြောင်း၊ ကြိုတင်စီစဉ်ထားတယ်ဆိုရင်လည်း ဒီမွေးနေ့ပါတီကို ရွှေ့ဆိုင်းသင့်ကြောင်း ရီးယဲလ်ပရိသတ်တွေက ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် Twitter မှာလည်း ဒီမွေးနေ့ပါတီပွဲကို #lafiestadelateshonra (The Party of Shame) "ရှက်စရာပါတီ" ပွဲလို့ ပရိသတ်တွေက အမည်တပ်ခဲ့ကြပါတယ်။

■ အက်ကြောင်းပြန်ထင်လာ
၂၀၁၄-၁၅ ရာသီအဆုံးသတ်ပိုင်းက စီရော်နယ်လ်ဒိုနဲ့ ရီးယဲလ်ပရိသတ်တွေကြား ဆက်ဆံရေးအက်ကြောင်းပြန်ထင်လာတဲ့ ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်း အဆင့်မှာ ဂျာမန်ကလပ်ရှော်လ်ကေးကို ပထမအကျော့အဝေးကွင်းမှာ (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့အိမ်ကွင်းမှာ (၃-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နှစ်ကျော့ပေါင်း (၅-၄)ဂိုးအနိုင်ကြောင့် နောက်တစ်ဆင့်တက်ခဲ့ပေမယ့် အိမ်ကွင်းမှာ ရှုံးနိမ့်တဲ့ပွဲစဉ်အတွက် ရီးယဲလ်ပရိသတ်တွေက စီရော်နယ်လ်ဒိုကို အဓိကထားပြီး ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ အဲဒီနောက်လီဗန်တေးနဲ့ ကစားတဲ့ အိမ်ကွင်းပွဲစဉ်မှာ စီရော်နယ်လ်ဒိုကို ဘာနေဗျူး ပွဲကြည့်စင်ပေါ်ကနေ ရီးယဲလ်ပရိသတ်တွေက လှောင်ပြောင်အော်ဟစ်ခဲ့ကြပါတယ်။ စီရော်နယ်လ်ဒိုဟာ ပွဲအပြီး ကွင်းပြင်ကိုထွက်ခွာလာရာမှာ သူ့ရဲ့ခေါင်းကိုခါယမ်းလိုက်ပြီး လှောင်ပြောင်နေတဲ့ ပရိသတ်တွေကို "Fodase" ဆိုတဲ့ စကားလုံးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒီစကားက တစ်ဖက်သားကိုဆဲဆိုတဲ့၊ ရိုင်းပျတဲ့ စကားတစ်ခွန်းလည်း ဖြစ်ပါတယ်။ ၂၀၁၄-၁၅ ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းဟာ အီတလီကလပ်ဂျူဗင်တပ်စ်အသင်းကို ဆီမီးဖိုင်နယ်မှာ မကျော်ဖြတ်နိုင်တာကြောင့် ဗိုလ်လုပွဲနဲ့ ဝေးနေရပါတယ်။ ပထမအကျော့ အဝေးကွင်းမှာ (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယ အကျော့အိမ်ကွင်းမှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့တာပါ။ ဒီနှစ်ကျော့စလုံး ရီးယဲလ်အသင်းရရှိခဲ့တဲ့ ဂိုး(၂)ဂိုးကို စီရော်နယ်လ်ဒိုက သွင်းယူပေးခဲ့ပါတယ်။ ၂၀၁၄-၁၅ ရာသီမှာ စီရော်နယ်လ်ဒိုဟာ ဟက်ထရစ် (၇)ကြိမ်အပါအဝင် ပြိုင်ပွဲစုံ ဂိုးစုစုပေါင်း (၆၁)ဂိုးသွင်းယူပေးခဲ့ပါတယ်။ အသင်းအတွက်ကစားခဲ့တဲ့ (၅၄)ပွဲမှာ ဒီအရေအတွက် အထိရအောင်သွင်းခဲ့တာဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ လာလီဂါဂိုးသွင်းအများဆုံးဆု (ပီချီချီဆု)နဲ့ ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆု (ESMဆု) တွေကို ထပ်မံဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကထွက်ခဲ့ရပေမယ့် (၁၀)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အဲဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ နေမာတို့နဲ့ ပူးတွဲရပ်တည်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံး သွင်းယူတဲ့ကစားသမားအဖြစ်ရပ်တည်နေတဲ့ မက်ဆီရဲ့ (၇၇)ဂိုးစံချိန်ကိုလည်း စီရော်နယ်လ်ဒိုက လိုက်မီသွားခဲ့ပါတယ်။ ၂၀၁၄-၁၅ ဘောလုံး ရာသီဒုတိယပိုင်းမှာ ရုန်းကန်ရမှုတွေရှိခဲ့ပေမယ့် စီရော်နယ်လ်ဒိုအနေနဲ့ တစ်ဦးချင်းမှတ်တမ်းကောင်းများစွာကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်းကတော့ ရာသီကုန်မှာ ချန်ပီယံလိဂ် ချန်ပီယံဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့ရုံမက လာလီဂါမှာလည်း ဘာစီလိုနာအောက် (၂)မှတ်အကွာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာလည်း လက်ရှိချန်ပီယံဂုဏ်ပုဒ်ကိုဆုံးရှုံးခဲ့ရပြီး၊ ရှုံးထွက် (၁၆)သင်းအဆင့်မှာကတည်းက ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၄-၁၅ ရာသီကုန်မှာပြိုင်ဘက်ဘာစီလိုနာအသင်းက လာလီဂါဖလား၊ စပိန်ဘုရင့်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေရယူဆွတ်ခူးခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းကတော့ရာသီကုန်မှာ ဖလားတစ်လုံးမှမရခဲ့ဘဲ အဲဒီရာသီပြစရာဖလားဆိုလို့ ၂၀၁၄ ခုနှစ်အတွင်းရယူခဲ့တဲ့ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတွေသာရှိခဲ့ပါတယ်။

ဒီလိုကလပ်အသင်းရဲ့ကျရှုံးမှုဟာ နည်းပြဖြစ်သူအန်ဆယ်လော့တီရဲ့ အနာဂတ်ကို အဆုံးသတ်ရာရောက်စေခဲ့ပြီး၊ အန်ဆယ်လော့တီနဲ့ လမ်းခွဲတော့မယ်လို့ ရာသီပြီးပြီးချင်းသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုသတင်းတွေ ထွက်ပေါ်လာချိန်မှာ စီရော်နယ်လ်ဒိုဟာ အန်ဆယ်လော့တီဘက်က ရပ်တည်တဲ့ သူ့ရဲ့သဘောထားကို အတိအလင်းထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ Instagram မှာ "သူ(အန်ဆယ်လော့တီ)ဟာ ထူးခြားတဲ့သူတစ်ဦးဖြစ်ပြီး အရည်အသွေးရှိတဲ့ နည်းပြတစ်ဦးပါ။ သူနဲ့နောက်ရာသီကိုဖြတ်သန်းရဖို့ မျှော်လင့်နေပါတယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရီးယဲလ်အသင်းတာဝန်ရှိသူတွေဟာ သူတို့ရဲ့ကျရှုံးတဲ့ရာသီအတွက် တာဝန်အရှိဆုံးနည်းပြဖြစ်သူကို မညှာတာဘူးဆိုတဲ့သဘောထားကို ပြသခဲ့ကြပါတယ်။ လာလီဂါနောက်ဆုံးပွဲစဉ်အပြီး (၂)ရက် အကြာဖြစ်တဲ့ ၂၀၁၅၊ မေလ(၂၅)ရက်နေ့မှာပဲ အန်ဆယ်လော့တီကို နည်းပြရာထူးက ထုတ်ပယ်လိုက်ပါတယ်။

အဲဒီနောက် ၂၀၁၅နွေရာသီအပြောင်းအရွှေ့ကာလမှာလည်း အသင်းကို အပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး ရီးယဲလ်အသင်းမှာ ကစားသမားဘ၀ (၁၆)နှစ်ကြာဖြတ်သန်းခဲ့တဲ့ စပိန်ဂိုးသမား ကာဆီးလက်စ်ကို ပေါ်တိုအသင်းထံ ပြောင်းရွှေ့ခွင့်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေက အိုဇေးလ်၊ ဒီမာရီယာ၊ အလွန်ဆိုအစရှိတဲ့ အသင်းရဲ့အဓိက, ကစားသမားတွေနဲ့ လမ်းခွဲမှုအပြီး ဒီနွေရာသီမှာ ကာဆီးလက်စ်လို အသင်းရဲ့အဓိကအကျဆုံး အသင်းခေါင်းဆောင်တစ်ဦးနဲ့ လမ်းခွဲတာကို စီရော်နယ်လ်ဒိုတွေ့မြင်ရပြီးနောက်မှာ ရီးယဲလ်အသင်းမှာ ဘယ်သူမှမတည်မြဲနိုင်ဘူးဆိုတဲ့အတွေးတစ်ခုကို ရရှိသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅နွေရာသီကာလအတွင်း ဘယ်မီဒီယာနဲ့မှမတွေ့ဘဲရှောင်ရှားခဲ့သလို၊ ဇွန်လ(၅)ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ "Leave me alone" ဆိုတဲ့စာသားတစ်ခုကိုတင်ခဲ့ပါတယ်။ စပိန်မီဒီယာတွေကတော့ လွန်ခဲ့တဲ့(၂)နှစ်ကလိုပဲ ရီးယဲလ်ကနေ စီရော်နယ်လ်ဒိုထွက်တော့မယ်ဆိုတဲ့ ထင်ကြေးသတင်းတွေကို ၂၀၁၅နွေရာသီကာလတစ်လျှောက် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

ဆက်လက်ဖော်ပြပါမည်။

 

Most Read

Most Recent