အဲဗာတန်အသင်း နည်းပြ ရော်နယ်လ်ကိုးမင်းကို ရာထူးမှ ထုတ်ပယ်

အဲဗာတန်အသင်း နည်းပြ ရော်နယ်လ်ကိုးမင်းကို ရာထူးမှ ထုတ်ပယ်
Published 24 October 2017

Photo: Guardian

အဲဗာတန်အသင်းသည် ရလဒ်ဆိုးများနျှင့် ရင်ဆိုင်နေရသည့် နည်းပြ ရော်နယ်လ်ကိုးမင်းကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ရော်နယ်လ်ကိုးမင်းသည် ပြီးခဲ့သည့်ရာသီကမှ အဲဗာတန်အသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အဆင့်(၇)နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း လက်ရှိရာသီတွင်မူ ရလဒ်ဆိုးများနှင့် ဆက်တိုက်ရင်ဆိုင်ခဲ့ရသည်။

အဲဗာတန်အသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး လူကာကူကို ဆုံးရှုံးခဲ့ရသော်လည်း ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ခဲ့သည်။

သို့သော် ရော်နယ်လ်ကိုးမင်းအနေဖြင့် တောင့်တင်းသည့်အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခြင်းမရှိခဲ့ဘဲ ရလဒ်များ ဆက်တိုက်ကျဆင်းနေသည့်အတွက် အသင်းတာဝန်ရှိသူများက လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရော်နယ်လ်ကိုးမင်း ကိုယ်တိုင်ကလည်း ရာထူးကို စွန့်လွှတ်ရနိုင်ကြောင်း ဝန်ခံခဲ့ဖူးပြီး တနင်္ဂနွေနေ့က အာဆင်နယ်အသင်းကို အိမ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်အပြီးတွင် ပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲအထိ ကျရောက်သွားသည့်အတွက် အသင်းတာဝန်ရှိသူများ၏ စိတ်ရှည်သည်းခံနိုင်မှုကို ကုန်ဆုံးသွားစေခဲ့ခြင်းဖြစ်သည်။

အဲဗာတန်အသင်း၏ နည်းပြသစ် ဖြစ်လာနိုင်သူများအဖြစ် မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီက ရေပန်းအစားဆုံးဖြစ်နေပြီး နည်းပြဟောင်း ဒေးဗစ်မွိုက်စ်နှင့် အန်ဆယ်လော့တီတို့လည်း ပါဝင်နေကြောင်း သိရှိရသည်။

 

Most Read

Most Recent