လီဗာပူးလ် အဝေးကွင်း စံချိန်တင်ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၃)သင်းစလုံး ရလဒ်ကောင်းခဲ့

လီဗာပူးလ် အဝေးကွင်း စံချိန်တင်ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၃)သင်းစလုံး ရလဒ်ကောင်းခဲ့
Published 18 October 2017

 

Photo: AFP/Getty Images

Photo: Getty Images

Photo: Getty Images

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃) အင်္ဂါညပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ လီဗာပူးလ် အဝေးကွင်းစံချိန်တင် ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် (၃)သင်းစလုံးရလဒ်ကောင်းခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဆလိုဗေးနီးယားကလပ် မာရီဘောအသင်းရဲ့ ကွင်းမှာ (၇)ဂိုးပြတ် အနိုင်ရခဲ့ပြီး ဥရောပ အဝေးကွင်းပွဲတွေမှာ စံချိန်တင်ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။ အဖွင့်(၂)ပွဲဆက် သရေကျခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဖိဖိစီးစီးကစားလာပြီး ဖေမီနို၊ ဆာလာ၊ ကော်တင်ဟိုတို့ တိုက်စစ်က ခြေစွမ်းပြကာ ဂိုးမိုးရွာခဲ့တာပါ။ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ဖေမီနို(၄၊ ၅၄)မိနစ်၊ ကော်တင်ဟို (၁၃)မိနစ်၊ ဆာလာ(၁၉၊ ၃၉)မိနစ်၊ ချိန်ဘာလိန် (၈၆)မိနစ်နဲ့ အလက်ဇန်ဒါးအာနိုး (၉၀)မိနစ်တို့က သွင်းယူပေးခဲ့တာပါ။

ပြိုင်ပွဲစုံမှာ နိုင်ပွဲဆက်နေပြီး သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲတွေမှာ ဦးဆောင်နေကြတဲ့ မန်စီးတီးနဲ့ နာပိုလီတို့ တွေ့ဆုံတဲ့ပွဲမှာတော့ မန်စီးတီးက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးတွေကို စတာလင်(၉)မိနစ်၊ ဂျေးဆူ (၁၃)မိနစ်တို့ သွင်းယူပေးခဲ့ကြပြီး နာပိုလီအသင်းအတွက် ချေပဂိုးကိုတော့ ဒိုင်ယာဝါရာက (၇၃)မိနစ်မှာ ပယ်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ နာပိုလီအသင်းဟာ ဒီပွဲမှာ ပယ်နယ်တီ(၂)လုံးရခဲ့ပြီး (၃၈)မိနစ်မှာရရှိတဲ့ ပယ်နယ်တီကို တိုက်စစ်မှူး မာတင်စ် လွဲချော်ခဲ့တာကြောင့် ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာပါ။

လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်နဲ့ စပါးအသင်းတို့ ပွဲစဉ်ကတော့ (၁-၁)ဂိုး သရေကျခဲ့ပါတယ်။ ပွဲချိန်(၂၈)မိနစ်မှာ ရီးယဲလ်နောက်ခံလူ ဗာရန် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် ရီးယဲလ် နောက်က လိုက်ကစားခဲ့ရပြီး စီရော်နယ်လ်ဒိုက (၄၃)မိနစ်မှာ ပယ်နယ်တီကတစ်ဆင့် ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဘာနေဗျူးမှာ အနိုင်ရဖို့ တိုက်စစ်ဆင် ကစားခဲ့ပြီး အခွင့်အရေးလည်း အများအပြားရခဲ့ပေမယ့် စပါးဂိုးသမား လိုရစ် လက်စွမ်းပြကာကွယ်သွားတာကြောင့် သရေကျခဲ့တာပါ။ စပါးအသင်းအတွက်တော့ ဘာနေဗျူးမှာ တစ်မှတ်ရခဲ့တာက ကျေနပ်စရာရလဒ် ဖြစ်ခဲ့ပါတယ်။

■ ချန်ပီယံလိဂ်ရလဒ်များ
စပါးတပ်မော်စကို ၅-၁ ဆီဗီလာ
မာရီဘော ဝ-၇ လီဗာပူးလ်
မန်စီးတီး ၂-၁ နာပိုလီ
ဖီယင်နု ၁-၂ ရှက်တာဒိုးနက်
မိုနာကို ၁-၂ ဘက်ဆစ်တက်
လိုက်ပ်ဇစ် ၃-၂ ပေါ်တို
အပိုးလ်နီကိုးရှား ၁-၁ ဒေါ့မွန်
ရီးယဲလ်မက်ဒရစ် ၁-၁ စပါး

Most Read

Most Recent