ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၂၇)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၂၇)
Published 16 October 2017

Photos: AP,Gettyimages,PA,FIFA,Man Utd,Daily Mail,Mirror,The Sun ...

 

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

 

■ ခါးပြီးရင်းခါးလာတဲ့ ဘာစီလိုနာ

စပိန်မြေမှာ ရီးယဲလ်နဲ့ဘာစီလိုနာအသင်းတွေဟာ သမိုင်းကြောင်းတစ်လျှောက် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ကလပ်အသင်းတွေဖြစ်သလို စပိန်မြေကို စီရော်နယ်လ်ဒိုရောက်ရှိလာခြင်းကလည်း နဂိုကတည်းကတောက်လောင်နေတဲ့ ဒီနှစ်သင်းရဲ့ အမုန်းမီးတောက်တွေကို လေပင့်သလို ဖြစ်စေခဲ့ပါတယ်။ ရီးယဲလ်မှာ စီရော်နယ်လ်ဒိုက အဓိကပြယုဂ်တစ်ခုဖြစ်လာသလို၊ ဘာစီလိုနာမှာလည်း မက်ဆီကအသင်းကို ကိုယ်စားပြုရာ Icon တစ်ဦး ဖြစ်လာခဲ့ပါတယ်။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ ပြိုင်ဆိုင်မှုက လာလီဂါပွဲစဉ်တွေမှာ သွင်းဂိုးတွေနဲ့အတူ အပြိုင်အဆိုင်ဖြစ်လာပါတယ်။ လာလီဂါ ရက်သတ္တပတ်တိုင်းမှာ သူတို့နှစ်ဦးက ပြိုင်ဘက်အသင်းတွေကို ဂိုးဘယ်လောက်သွင်းယူကြမလဲဆိုတာ ပရိသတ်တွေစောင့်ကြည့်စရာဖြစ်လာပါတယ်။ ရီးယဲလ်နဲ့ဘာစီလိုနာတို့တွေ့ဆုံတဲ့ El Clásico ပွဲစဉ်မှ မဟုတ်ဘဲ ရက်သတ္တပတ်တိုင်း၊ နေ့ရက်တိုင်းမှာ သူတို့နှစ်ဦးကြားကပြိုင်ဆိုင်မှုက မီးရထားသံလမ်းတွေလို မဆုံးနိုင်တဲ့ ပြိုင်မျဉ်းတွေသဖွယ် ဖြစ်လာပါတယ်။ လာလီဂါဂိုးသွင်းအများဆုံး (ပီချီချီ)ဆုအတွက် ရာသီတိုင်းမှာ သူတို့နှစ်ဦးက အပြိုင်လိုဖြစ်နေပြီး စီရော်နယ်လ်ဒို စပိန်မြေကိုရောက်ရှိလာချိန်ကစပြီး (၆)ရာသီအတွင်း သူတို့နှစ်ဦးကပဲ ပီချီချီဆုကို(၃)ကြိမ်စီဆွတ်ခူးခဲ့ကြပါတယ်။ ၂၀၁၁-၁၂ ဘောလုံးရာသီမှာ ရီးယဲလ်အသင်းက စံချိန်တင်ရဂိုး၊ ရမှတ်တွေနဲ့ လာလီဂါချန်ပီယံဆုဆွတ်ခူးခဲ့ပေမယ့် အဲဒီရာသီမှာ မက်ဆီကလာလီဂါသမိုင်းမှာ တစ်ကြိမ်တစ်ခါမှမရှိဖူးတဲ့ တစ်ရာသီအတွင်းလိဂ်သွင်းဂိုး(၅၀)နဲ့ ပီချီချီဆုရယူသွားလို့ (၄၆)ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုတစ်ယောက် ကြိတ်မနိုင်၊ ခဲမရ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင်၂၀၁၁-၁၂ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံးဘောလုံးသမားဆု(UEFA Best Player In Europe Award) ကို ချီးမြှင့်ရာမှာ ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာက ရယူဆွတ်ခူးသွားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ချန်ပီယံလိဂ်မှာရော၊ ယူရိုပြိုင်ပွဲမှာပါ သူ့ရဲ့ကလပ်အသင်းရီးယဲလ်နဲ့ လက်ရွေးစင်အသင်းပေါ်တူဂီတို့ အောင်မြင်မှုမရတော့ အဲဒီနှစ်ဖီဖာအကောင်းဆုံးဘောလုံးသမားဆု (FIFA Ballon d'Or)အတွက်လည်း မျှော်လင့်ချက်က ေ၀ဝါးနေပြီး မက်ဆီကပဲ (၄)နှစ်ဆက်ရယူဖို့ ပိုရေပန်းစားလာပါတယ်။ မက်ဆီဟာ စပိန်မြေကို စီရော်နယ်လ်ဒို ရောက်ရှိလာချိန်ကစပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုတွေကို ဆက်တိုက်ရယူနေတာကြောင့် စီရော်နယ်လ်ဒိုအဖို့ ဒီဆုနဲ့ပတ်သက်လာရင် မက်ဆီကိုအတော်ကျွဲ မြီးတိုနေရပါတယ်။ စပိန်ဂျာနယ်လစ် ဒီယေဂိုတောရက်စ်ရေးသားတဲ့ စီရော်နယ်လ်ဒိုအတ္ထုပ္ပတ္တိစာအုပ်ထဲမှာတော့ စီရော်နယ်လ်ဒိုနဲ့မော်ရင်ဟိုတို့ဟာ မက်ဆီကို "Midget" (လူပုလေး)လို့ ခေါ်ဝေါ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ မက်ဆီကိုပုဂ္ဂိုလ်ရေး ထိပါးစော်ကားတဲ့၊ လေးစားမှုမရှိတဲ့ စကားလုံးတွေနဲ့ နောက်ကွယ်မှာ မကြာခဏခေါ်ဝေါ်ပြောဆိုလေ့ရှိကြောင်း စပိန်သတင်းစာတွေကလည်း ဖော်ပြခဲ့ကြပါတယ်။

 

■ ကိုယ့်ကိုယ်ကိုယ်ကြည့်သူ

စီရော်နယ်လ်ဒိုအနေနဲ့ မက်ဆီနဲ့နှိုင်းယှဉ်ရင်တစ်ဖက်သားကိုလေးစားမှုမရှိတဲ့၊ ကိုယ့်အတွက်ကိုယ်ပိုကြည့်တတ်တဲ့လုပ်ရပ်တွေကြောင့် စပိန်မှာ မီဒီယာတချို့ရဲ့မျက်မုန်းကျိုးမှုကိုခံရပြီး တချို့ ဖြစ်ရပ်တွေမှာ သူ့ကိုပရိသတ်တွေအမြင်ပိုစောင်းစေမယ့်သာသာထိုးထိုးဖော်ပြမှုတွေကိုလည်း ခံခဲ့ရပါတယ်။ နာမည်ကျော်စပိန်သတင်းစာ Marcaရဲ့ အယ်ဒီတာအော်စကာကမ်ပီလိုက သူတို့နှစ်ဦးကို နှိုင်းယှဉ်ပြီးအခုလို ပြောပြဖူးပါတယ်။ "မက်ဆီကို လူတွေကပိုချစ်ကြပြီး သူ့ကိုတော့ဘာလို့မျက်မုန်းကျိုးနေတာလဲလို့ စီရော်နယ်လ်ဒိုက ကျွန်တော့်ကိုမေးခဲ့ဖူးပါတယ်။ မက်ဆီက လူတွေချစ်အောင်နေတတ်လို့ပေါ့ လို့ သူ့ကိုကျွန်တော်ပြန်အဖြေပေးခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံး ကွင်းထဲမှာ ဂိုးသွင်းနိုင်ဖို့ ဆာလောင်ကြတာ၊ ကိုယ့်အသင်းအောင်မြင်မှုရဖို့ ဆန္ဒပြင်းပြတာ ချင်းကတူကြပါတယ်။ ဒါပေမဲ့ မတူတာကတော့ မက်ဆီက အသင်းဖော်တွေကို အမြဲတလေးတစားရှိတာပါပဲ။ သူဂိုးသွင်းပြီးရင် ဘာစီလိုနာအသင်းဖော်တွေနဲ့ အတူပွေ့ဖက်အောင်ပွဲခံသလို၊ သူ့အသင်းဖော်တွေ ဂိုးသွင်းရင်လည်း သူကပါလိုက်ပြီး တပျော်တပါး အောင်ပွဲခံတတ်ပါတယ်။ နောက်ပြီး အသင်းဖော်တွေနဲ့ပတ်သက်လို့ ပြောဆိုရင်လည်း အမြဲဖေးဖေးမမရှိတဲ့ စကားလုံးတွေနဲ့ ပြောဆိုတတ်ပါတယ်။ စီရော်နယ်လ်ဒိုကတော့ ဒီနေရာမှာဆန့်ကျင်ဘက်ပါ။ စီရော်နယ်လ်ဒိုဟာ ဂိုးသွင်းပြီးရင် သူ့ရဲ့ Muscle (ကြွက်သား) တွေကိုပြပြီး သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားတတ်သလို၊ တစ်ခါတစ်ရံမှာ အခြားသူတွေဂိုးသွင်းရင် သူကမကျေမချမ်းတဲ့ ပုံစံမျိုးတွေရှိနေပါတယ်" လို့ အော်စကာကမ်ပီလိုက သုံးသပ်ခဲ့ပါတယ်။

အော်စကာကမ်ပီလိုသုံးသပ်တာ တကယ့်လက်တွေ့မှာလည်းအမှန်ပါပဲ။ ရီးယဲလ်မက်ဒရစ်ရဲ့ သွင်းဂိုးအချို့မှာ စီရော်နယ်လ်ဒိုဟာ ဂိုးသွင်းသူကို ဂုဏ်ပြုအောင်ပွဲခံတာမျိုးတွေပြုလုပ်လေ့မရှိသလို၊ အောင်ပွဲခံတဲ့ကစားသမားအုပ်စုထဲဝင်မရောဘဲ သူတစ်ဦးတည်းသီးခြားရှိနေတာကို ပရိသတ်တွေ မကြာမကြာတွေ့မြင်ရလေ့ရှိပါတယ်။ ဒါကြောင့် စီရော်နယ်လ်ဒိုကို မီဒီယာသမားအချို့နဲ့ ပရိသတ်အချို့ကစိတ်ကြီးဝင်နေသူလို့ သတ်မှတ်ကြပါတယ်။ CNN သတင်းထောက်တစ်ဦးဖြစ်သူပက်ဒရိုပင်တိုက စီရော်နယ်လ်ဒိုကို "ဒီစိတ်ကြီးဝင်တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ"လို့ မေးခဲ့ဖူးပါတယ်။ အဲဒီအခါမှာသူဟာ စိတ်ကြီးဝင်နေသူတစ်ဦးမဟုတ်ကြောင်း စီရော်နယ်လ်ဒိုက အခုလိုပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော့်ကို စိတ်ကြီးဝင်နေတယ်လို့ ပြောနေတဲ့သူတွေကို ဖိတ်ခေါ်ပြီး စကားအတူ ပြောချင်တယ်။ အဲဒီလို ကျွန်တော်နဲ့ စကားပြောပြီးရင် သူတို့ကျွန်တော့်ကို အမြင်မှားနေတယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒီလိုစွပ်စွဲတဲ့သူတွေအနေနဲ့ စီရော်နယ်လ်ဒိုအစစ်က ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော်နဲ့ တစ်ကြိမ်တစ်ခါလောက် စကားပြောဖူးဖို့တော့ လိုအပ်နေပါတယ်" လု့ိ စီရော်နယ်လ်ဒိုက ပြောခဲ့ပါတယ်။ အဲဒီမှာ ပက်ဒရိုပင်တိုက "ဒါဆိုရင်စီ ရော်နယ်လ်ဒိုအစစ်က ဘယ်လိုလူမျိုးလဲ" လို့ထပ်မေးတဲ့အခါ သူက "ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ပြီးသုံးသပ်ဖော်ပြရရင် ကျွန်တော်ဟာ ကျွန်တော့်ရဲ့ မိတ်ဆွေသူငယ်ချင်းတိုင်းအတွက် မိတ်ဆွေကောင်းပီသသူပါ။ ကျွန်တော်ကရှုံးနိမ့်မှုကို မုန်းပါတယ်။ ရိုးသားမှုကိုလက်ကိုင် ထားသူတစ်ဦးပါ။ ဘယ်သူ့ကိုမဆိုပွင့်လင်းမြင်သာစွာဆက်ဆံပါတယ်" လို့ ပြန်အဖြေပေးခဲ့ပါတယ်။

■ ထိန်းချုပ်သူ မန်ဒက်စ်

မီဒီယာတွေအနေနဲ့ စီရော်နယ်လ်ဒိုတွေ့ဆုံရာမှာ အရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ သူ့ရဲ့အေးဂျင့်ဖြစ်သူဂျော့ချ်မန်ဒက်စ်ကို ကျော်လုပ်လို့မရတာပါပဲ။ မန်ဒက်စ်ဟာ စီရော်နယ်လ်ဒိုရဲ့ ပြင်ပလူမှုဆက်ဆံရေးနဲ့ပတ်သက်ရင် အလွန်ကိုသတိထားပြီး၊ အတိမ်းအစောင်း၊ အထိအပါးမခံဘဲကိုင်တွယ်သူပါ။ စီရော်နယ်လ်ဒိုရဲ့ ပုံရိပ်ထိပါးစေမယ့် ကိစ္စမျိုးတွေကို မန်ဒက်စ်က အတတ်နိုင်ဆုံးကြိုးပမ်းကာကွယ်လေ့ရှိပါတယ်။ ဒါကြောင့် စီရော်နယ်လ်ဒိုကိုလည်း မီဒီယာတွေနဲ့ ပတ်သက်ရာမှာ စိတ်ထဲရှိတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းမပြောဖို့ မန်ဒက်စ်က အမြဲထိန်းချုပ်ထားပါတယ်။ စီရော်နယ်လ်ဒိုရဲ့ ပုံရိပ်ကောင်းမွန်မှုက ကာယကံရှင်ဖြစ်သူ အတွက်ရော၊ သူ့အတွက်ပါ ပေါင်သန်းချီတန်တဲ့ ငွေကြေးဖြစ်တယ်ဆိုတာ အတွေ့အကြုံရင့် စူပါအေးဂျင့်မန်ဒက်စ်က ကောင်းကောင်းသဘောပေါက်နေပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာတစ်ဦးချင်းထူးချွန်ဆုတွေ ဆွတ်ခူးရရှိဖို့ဖြစ်စေ၊ ငွေကြေးကိန်းဂဏန်းများစွာတန်ကြေးရှိတဲ့ စီးပွားရေးစပွန်ဆာစာချုပ်တွေချုပ်ဆိုဖို့ဖြစ်စေ ဒါတွေအတွက်အဓိကအရေးတကြီးလိုအပ်နေတာက စီရော်နယ်လ်ဒိုအပေါ် လူတွေအကောင်းမြင်နေဖို့နဲ့ သူ့ရဲ့ပုံရိပ်လှပနေစေဖို့ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာတွေနဲ့ စီရော်နယ်လ်ဒိုတိုက်ရိုက်မတွေ့နိုင်အောင် မန်ဒက်စ်ကနည်းမျိုးစုံနဲ့ကြိုးပမ်းလေ့ရှိပါတယ်။ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် မီဒီယာတွေကို သူ့ဖုန်းနံပါတ်မပေးတဲ့ ပထမဆုံးအသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ဒီလို မန်ဒက်စ်ကထိန်းချုပ်ထားတာတောင် ကိုယ်ရည်သွေးလွန်းချင်တဲ့ စီရော်နယ်လ်ဒိုရဲ့စကားတွေက သတင်းစာမျက်နှာတွေမှာ မကြာခဏပါဝင်လာလေ့ရှိပါတယ်။ ဒီစကားတွေထဲက အချို့ကိုပြန်ပြီး ဖော်ပြရမယ်ဆိုရင် . . .

"ကျွန်တော်က ကမ္ဘာပေါ်မှာ ပထမ၊ ဒုတိယ၊ တတိယအကောင်းဆုံးကစားသမားပါ" (OEstado de Sao Paulo သသတင်းစာနှင့် အင်တာဗျူး၊ ၂၀၀၈)
"ကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးဘောလုံးသမားဖြစ်လာတာကို ကျွန်တော်အလွန်ပဲပျော်ရွှင်ပါတယ်" (ရီးယဲလ်မက်ဒရစ်အသင်းနှင့် မီဒီယာတွေ့ဆုံပွဲ၊ ၂၀၀၉)
"ကျွန်တော်က မက်ဆီထက်ပိုကောင်းတဲ့ ကစားသမားလားဆိုတဲ့ မေးခွန်းကို ကျွန်တော်ဖြေစရာမလိုပါဘူး။ ခင်ဗျားတို့ ဒါကိုကောင်းကောင်းသိပါတယ်" (Antena 3 ရုပ်သံနှင့် အင်တာဗျူး၊ ၂၀၁၁)
"ကွင်းထဲမှာ ကျွန်တော့်ကို မက်ဆီ၊ မက်ဆီလို့ အော်ဟစ်လှောင်ပြောင်နေတဲ့ ပရိသတ်တွေကို ကျွန်တော်ဂရုမစိုက်ပါဘူး။ စီရော်နယ်လ်ဒို ဘောလုံးကစားတာကို အားလုံးကတွေ့မြင်ချင်နေတယ်ဆိုတာကျွန်တော်သိပါတယ်" (ရီးယဲလ်မက်ဒရစ်အသင်းနှင့် မီဒီယာတွေ့ဆုံပွဲ၊ ၂၀၁၁)
"ကျွန်တော့်ရဲ့အလုပ် (ဘောလုံးကစားခြင်း) မှာ ကျွန်တော်ကအကောင်းဆုံးဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ကျွန်တော် အမြဲအစွမ်းကုန်ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့ခေါင်းထဲမှာလည်း ကျွန်တော်က အကောင်းဆုံးဆိုတာ အမြဲတွေးထားပါတယ်" (AS သတင်းစာနှင့် အင်တာဗျူး၊ ၂၀၁၄)
"ကျွန်တော် မက်ဆီတစ်ဦးတည်းနဲ့သာ ယှဉ်ပြိုင်နေတာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ် အပါအဝင်ထိပ်တန်းလိဂ်တွေက အကောင်းဆုံးကစားသမားအားလုံးနဲ့ ကျွန်တော်ယှဉ်ပြိုင်နေပါတယ်။ ဆွာရက်ဇ်၊ အင်နီယေစတာ၊ နေမာ၊ ဘေးလ်၊ ဒီယေဂိုကော်စတာ၊ ဖယ်လ်ကာအိုအစရှိတဲ့ကစားသမားတွေပေါ့။ ဒီယှဉ်ပြိုင်မှုတွေက ကျွန်တော့်ကို ပိုပြီးတိုးတက်လာစေပါတယ်"(TVI ရုပ်သံနှင့်အင်တာဗျူး၊ ၂၀၁၄)

■ အခန်း (၇)

■ ရီးယဲလ်မှ နိမ့်မြင့်တက်ကျများ

၂၀၁၂ နှစ်ကုန်ပိုင်းမှာ ရီးယဲလ်မက်ဒရစ်ကနေ စီရော်နယ်လ်ဒိုထွက်ချင်တယ်ဆိုတဲ့ သတင်းတွေက ဥရောပဘောလုံးလောကမှာ လှိုင်လှိုင်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁၂၊ စက်တင်ဘာလအတွင်း ရီးယဲလ်(၃-ဝ)ဂရန်နာဒါပွဲအပြီး ရီးယဲလ်မှာသူမပျော်တော့ဘူးလို့ အတိအလင်းပြောဆိုခဲ့တဲ့စကားကြောင့်လည်း စီရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ရှိနေတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဥရောပမှာအသင်းကြီးတစ်သင်း ဖြစ်လာအောင် ကြိုးပမ်းနေတဲ့ ပြင်သစ်ကလပ် မိုနာကိုအသင်းက စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပြီး မိုနာကိုအသင်းဘောလုံး ဒါရိုက်တာကာလ်ဆန်ဟာ စီရော်နယ်လ်ဒိုရဲ့ အေးဂျင့်ဂျော့ချ်မန်ဒက်စ်နဲ့ ညစာအတူစားကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ပါတယ်။ မန်ဒက်စ်ဟာ မိုနာကိုအသင်းကို ကာဗယ်လ်ဟို၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဖယ်လ်ကာအို အစရှိတဲ့ နာမည်ကြီးဘောလုံးသမားတွေ ရောက်လာအောင်ပြုလုပ်ပေးခဲ့သူပါ။ အဲဒီနောက် မိုနာကိုကိုပြောင်းရွှေ့ဖို့နဲ့ ပတ်သက်ပြီး ၂၀၁၂၊ ဒီဇင်ဘာလမှာ ကစားခဲ့တဲ့ ရီးယဲလ်-အက်စ်ပန်ညိုပွဲှအပြီး မန်ဒက်စ်၊ စီရော်နယ်လ်ဒိုနဲ့ ဒီစာအုပ်ရေးသားသူ စာရေးဆရာ ဂွယ်လ်လမ်ဘာလယ်ဂွယ်တို့ ဘာနေဗျူးကွင်းနားက စားသောက်ဆိုင်တစ်ခုမှာ ညစာစားရင်းဆွေး နွေးခဲ့ကြပါသေးတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ ရီးယဲလ်မှာ မပျော်ရွှင်ဘူးလို့ပြောရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ အသင်းထိပ်တန်းတာဝန်ရှိသူတွေက သူ့အပေါ်အလေးအနက်ထားခြင်းမရှိဘူးလို့ ယူဆတာကြောင့်ဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၂၊ သြဂုတ်လအတွင်း ဥရောပအကောင်းဆုံးဘောလုံးသမားဆု (UEFA Best Player In Europe Award) ကို ချီးမြှင့်ရာမှာ ဘာစီလိုနာကွင်းလယ်လူအင်နီယေစတာက မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ကိုကျော်ဖြတ်ကာ ရယူဆွတ်ခူးခဲ့ပါတယ်။ ဒီဆုပေးပွဲအခမ်းအနားကို မိုနာကိုက မွန်တီကာလိုမှာ ကျင်းပခဲ့ရာမှာ ဘာစီလိုနာအသင်းဥက္ကဋ္ဌရော့ဆဲလ်၊ အသင်းအားကစား ဒါရိုက်တာဇူဘီဇာရက်တာတို့ တက်ရောက်ပြီး ဘာစီလိုနာကစားသမား အင်နီယေစတာနဲ့ မက်ဆီ တို့ရဲ့အောင်မြင်မှုကို ဝန်းရံပေးခဲ့ပါတယ်။ ဒါပေမဲ့ ရီးယဲလ်အသင်းမှာတော့ အသင်းဒုဥက္ကဋ္ဌတွေထဲမှာ သိပ်ပြီးထင်ရှားခြင်းမရှိဘဲ တတိယအဆင့်လောက်သာရှိတဲ့ ပက်ဒရိုလိုပက်ဇ်နဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘူထရာဂွယ်နိုတို့သာတက်ရောက်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဒီဆုပေးပွဲမှာ မက်ဆီနဲ့ပူးတွဲဒုတိယအကောင်းဆုံးဆုသာရတာဖြစ်ပေမယ့် အသင်းဥက္ကဋ္ဌပီရက်ဇ်နဲ့ အသင်းထိပ်တန်းတာဝန်ရှိသူတချို့ဟာ သူ့ကိုဝန်းရံမှုမရှိဘူးလို့ မှတ်ယူခဲ့ပါတယ်။ ပီရက်ဇ်ဟာ အဲဒီအချိန်တုန်းက သူ့ရဲ့ဆောက်လုပ်ရေးကုမ္ပဏီ ACS မှာ အစည်းအဝေးတစ်ခုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီဆုပေးပွဲကိုတက်ရောက်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုအနေနဲ့ ပီရက်ဇ်ရဲ့လျစ်လျူ ရှုမှုအပေါ် အတော့်ကိုစိတ်ထိခိုက်ခဲ့ရပါတယ်။ ပီရက်ဇ်ဟာ စီရော်နယ်လ်ဒိုကို အမြဲမျက်နှာသာပေး၊ အလေးပေးဆက်ဆံခဲ့သူတစ်ဦးဖြစ်ပြီး ဒီလိုပီရက်ဇ်ရဲ့ မျက်နှာလွှဲမှုကိုခံရတဲ့အချိန်မှာ စီရော်နယ်လ်ဒိုဟာအသင်းမှာမပျော်တော့ဘူးလို့ မီဒီယာတွေကို လေသံပစ်ခဲ့တာလည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ မီဒီယာတွေကိုလေသံပစ်ခဲ့ရုံမက ပီရက်ဇ်နဲ့ မျက်နှာချင်းဆိုင်ပြီး အသင်းမှာ သူမပျော်ဘူးဆိုတာ အတိအလင်းပြောကြားခဲ့ပါတယ်။ ပီရက်ဇ်ကို နှစ်ဦးတည်းထိပ်တိုက်တွေ့ဆုံခဲ့တာက ဥရောပအကောင်းဆုံးဘောလုံးသမားဆုပေးပွဲအပြီး နောက်ရက်အနည်းငယ်အကြာမှာ ဖြစ်ပါတယ်။ အဲဒီတုန်းက ရီးယဲလ်မက်ဒရစ်အသင်းဟာ ဂါနာကွင်းလယ်လူအက်ဆီယန်ကို ချယ်လ်ဆီးအသင်းကနေ အငှားစာချုပ်နဲ့ခေါ်ယူပြီး မီဒီယာတွေ့ဆုံပွဲပြုလုပ်နေချိန်ဖြစ်ပါတယ်။ ဘာနေဗျူးကွင်းကိုရောက်နေတဲ့ ပီရက်ဇ်ကို ကွင်းထဲက ဥက္ကဋ္ဌရုံးခန်းမှာ တွေ့ချင်တယ်လို့ စီရော်နယ်လ်ဒိုက အသင်းတာဝန်ရှိသူတစ်ဦးကတစ်ဆင့်တွေ့ခွင့်တောင်းလိုက်ပါတယ်။ အဲဒီနောက် ပီရက်ဇ်ရဲ့ရုံးခန်းကို စီရော်နယ်လ်ဒိုရောက်ရှိလာပြီး သူတို့နှစ်ဦးထိပ်တိုက်တွေ့ဆုံတဲ့အခါပြောခဲ့တဲ့ စကားတွေကို ၂၀၁၂၊ ဒီဇင်ဘာလ(၇)ရက်နေ့ထုတ် Marca သတင်းစာက အခုလိုဖော်ပြခဲ့ပါတယ်။

စီရော်နယ်လ်ဒို - ဥက္ကဋ္ဌကို ကျွန်တော်ပြောစရာရှိနေပါတယ်။ ကျွန်တော် ဒီအသင်းမှာမပျော်တော့ပါဘူး။ ကျွန်တော် ဒီအသင်းကထွက်ချင်နေပါပြီ။
ပီရက်ဇ် - မင်းထွက်ချင်တယ်ဆိုရင် ထွက်လေ။ ဒါပေမဲ့ မက်ဆီကိုပြန်ခေါ်ဖို့ ငါ့ကိုငွေပေးပြီးမှထွက်လို့ရမယ်။
စီရော်နယ်လ်ဒို - ငွေရေးကြေးရေးက ပြဿနာမရှိပါ ဘူး။ ကျွန်တော် မနက်ဖြန် ယူရိုသန်း(၁၀၀)ယူပြီး ပြန်လာခဲ့မယ်။
ပီရက်ဇ် - သန်း(၁၀၀)နဲ့မရဘူး။ မင်းရဲ့စာချုပ်မှာပါတဲ့ အသင်းကထွက်ခွင့်လျော်ကြေး Release-Clause က ယူရိုတစ်ဘီလီယံ (ယူရိုသန်း ၁၀၀၀) . . . ခရစ္စတီယာနို။

Marca သတင်းစာမှာဖော်ပြခဲ့တဲ့ စကားတွေအရ ပီရက်ဇ်ဟာအသင်းက စီရော်နယ်လ်ဒိုထွက်သွားမှာကို သိပ်ပြီးမပူပန်တဲ့ပုံရှိနေပါတယ်။ အသင်းက ထွက်ခွင့်လျော်ကြေးကို အဆမတန်မြှင့်တင်ထားလို့ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းကထွက်ချင်တယ်ဆိုရင်တောင် လွယ်လွယ်ကူကူထွက်ခွင့်မရဘဲ ဒီလျော်ကြေးပမာဏက သူ့ကိုချည်ပြီးတုပ်ပြီးဖြစ်နေတယ်ဆိုတာ စီးပွားရေးလောကမှာ အောင်မြင်မှုများစွာရရှိနေတဲ့ ပီရက်ဇ်ကကောင်းကောင်းကြီး သဘောပေါက်ထားပါတယ်။ အဲဒီအချိန်တုန်းက မိုနာကိုအပြင် မန်စီးတီး၊ PSG အစရှိတဲ့ အသင်းကြီးတွေကလည်း စီရော်နယ်လ်ဒိုကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြသလို သူ့ရဲ့အသင်းဟောင်း မန်ယူကလည်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ကျော်နဲ့ သူ့ကို ပြန်ခေါ်မယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့ဟာ ဥက္ကဋ္ဌပီရက်ဇ်ရဲ့အကွက်ရွှေ့မှုတွေကြောင့် အပြောလွယ်သလောက် လက်တွေ့မှာခက်ခဲခဲ့ပါတယ် . . .

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent