မြင့်မားသည့်လစာငွေပေးပြီး ခေါ်ယူလိုသည့်အသင်း မရှိ ခြင်းကြောင့် အာဆင်နယ်၌ အိုဇေးလ် ဆက်ကစားရဖွယ်ရှိ

မြင့်မားသည့်လစာငွေပေးပြီး ခေါ်ယူလိုသည့်အသင်း မရှိ ခြင်းကြောင့် အာဆင်နယ်၌ အိုဇေးလ် ဆက်ကစားရဖွယ်ရှိ
Published 12 October 2017

 

အာဆင်နယ်အသင်း၏ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်သည် အာဆင်နယ် အသင်းနှင့်လမ်းခွဲ၍ အခြားသောအသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းအလိုရှိနေသည့် မြင့်မားသည့် လစာငွေကို ပေးချေလိုသည့်အသင်းမရှိခြင်းကြောင့် အာဆင်နယ်အသင်း ကမ်းလှမ်းထားသည့်ကြေးဖြင့်သာ စာချုပ်သစ်ချုပ်ဆိုကာ အာဆင်နယ်အသင်း၌ ဆက်ကစားရဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အိုဇေးလ်သည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းက ၎င်းအား စာချုပ် သစ်ချုပ်ဆိုရန်အတွက် တစ်ပတ်လစာငွေ ပေါင်(၂၅၀၀၀၀)ဖြင့်ကမ်းလှမ်းခဲ့သည်။ သို့သော် အိုဇေးလ်၏အေးဂျင့်ဖြစ်သူများ က အိုဇေးလ်၏လစာငွေအား တစ်ပတ်ပေါင်(၃၃၀၀၀၀)ပေးရန် တောင်းဆိုခဲ့ပြီး အာဆင်နယ်အသင်း၏ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့သည်။

အိုဇေးလ်သည် အာဆင်နယ်အသင်းနှင့် စာချုပ်သစ်မချုပ်ဆိုတော့ဘဲ ရာသီကုန်တွင် အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ရန်စီစဉ်နေသည်ဟုလည်း ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများထွက် ပေါ်ခဲ့သည်။ သို့သော် သူ၏အေးဂျင့်များအလိုရှိနေသည့် မြင့်မားသည့်လစာငွေကို ပေးချေလိုသည့်အသင်းမရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

အိုဇေးလ်အားခေါ်ယူရန် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူအသင်း၊ စီးရီးအေကလပ် အင်တာမီလန်အသင်းနှင့် တူရကီကလပ် ဘက်ဆစ်တက်အသင်းတို့က စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းကလပ်အသင်းများသည် အိုဇေးလ်အတွက် တစ်နှစ်လစာငွေ ပေါင်(၁၇)သန်းခန့်အသုံးမပြုနိုင်

ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ အိုဇေးလ်၏အေးဂျင့်များအနေဖြင့် အာဆင်နယ်အသင်း မူလကမ်းလှမ်းခဲ့သော တစ်ပတ်လစာငွေ ပေါင်(၂၅၀၀၀၀)ကိုသာ ပြန်လည်လက်ခံပြီး အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုသွားဖွယ်ရှိကြောင်း သိရှိရသည်။ အိုဇေးလ်သည် ၂၀၁၃ခုနှစ်မှစတင်၍ အာဆင်နယ်အသင်းတွင်ကစားခဲ့ပြီး ယခု ရာသီတွင် သူ၏ခြေစွမ်းမှာ ကျဆင်းနေသည်ဟု ဝေဖန်မှုများရှိနေသည်။

Most Read

Most Recent