ဝါရင့်ကစားသမား ရန်ပိုင် အသက်အရွယ်အရ လက်ရွေးစင်ကစားသမားဘဝမှ အနားယူ

ဝါရင့်ကစားသမား ရန်ပိုင် အသက်အရွယ်အရ လက်ရွေးစင်ကစားသမားဘဝမှ အနားယူ
Published 31 July 2017

ရတနာပုံအသင်းခေါင်းဆောင် ရန်ပိုင်သည် ၂၀၁၉ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုတတိယပွဲစဉ်  ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အသင်းတွင် တစ်ကျော့ပြန် ရွေးချယ်ခံခဲ့ရသော်လည်း အသက်အရွယ်အရ လက်ရွေးစင် ကစားသမားဘဝမှ အနားယူခဲ့ကြောင်း သိရသည်။

ရန်ပိုင်သည် ၂၀၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့လက်ရွေးစင်အသင်းတွင် တစ်ကျော့ပြန် ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ရက်အနည်းငယ်ကြာ လေ့ကျင့်ခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ကာ လက်ရွေးစင် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ရန်ပိုင်ကို လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခဲ့ပေမယ့် ကာယကံရှင်က အသက်အရွယ်အရ လက်ရွေးစင် ကစားသမားဘဝက အနားယူဖို့ လာရောက်ညှိနှိုင်းခဲ့ပါတယ်။ သူ့ဘက်က အခုလို တရားဝင် တောင်းဆိုတာကြောင့် ကျွန် တော်တို့ဘက်က ခွင့်ပြုခဲ့ပါတယ်” ဟု MFF တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်က အတည်ပြုပြောကြားသည်။

ရန်ပိုင်သည် မိခင်ကလပ်ဖြစ်သည့် ရတနာပုံအသင်းတွင် ခြေစွမ်းပြကစားလျက်ရှိပြီး တိုက်စစ်အစား ကွင်းလယ်၌ ကစားလျက်ရှိသည်။ ရန်ပိုင်သည် ယခုရာသီကုန်တွင်လည်း ကစားသမားဘဝမှ အနားယူရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

Most Read

Most Recent