■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၂၂)

■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၂၂)
Published 2 October 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

■ ရီးယဲလ် ပထမဆုံးရာသီ
စီရော်နယ်လ်ဒိုရဲ့ ရီးယဲလ်ပထမဆုံးရာသီဖြစ်တဲ့ ၂၀၀၉-၁၀ ရာသီကတော့ အားမရစရာတွေနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်လို့ဆိုရမှာပါ။ ရီးယဲလ်အသင်းဟာ ရာသီကြိုမှာပြင်ဆင်မှုတွေများစွာပြုလုပ်ခဲ့ပေမယ့် လာလီဂါမှာ ဘာစီလိုနာကို မကျော်နိုင်ခဲ့ဘဲ ရမှတ် (၃)မှတ်အကွာနဲ့ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ စပိန်ဘုရင့်ဖလားမှာလည်း စစကစားချင်းရှုံးထွက် (၃၂)သင်းအဆင့်မှာပဲ အသင်းငယ်လေးဖြစ်တဲ့ အယ်လ်ကော်ကွန်ကို ပထမအကျော့မှာ (ဝ-၄)ဂိုးနဲ့ရှုံး၊ ဒုတိယအကျော့မှာ (၁-ဝ)ဂိုးနဲ့သာ နိုင်တာကြောင့် ပြိုင်ပွဲကစောစောစီးစီး ထွက်ခဲ့ရပါတယ်။ ရီးယဲလ် ဥက္ကဋ္ဌပီရက်ဇ်အနေနဲ့ ၂၀၀၂ ခုနှစ်ကတည်းကဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကိုပြန်လည်ရယူဖို့ ဆန္ဒပြင်းပြပြီး စီရော်နယ်လ်ဒို၊ ကာကာ၊ ဘန်ဇီမာတို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် အဲဒီရာသီချန်ပီယံလိဂ်မှာ ရှုံးထွက် (၁၆)သင်းအဆင့်ကပဲ ထွက်ခဲ့ရပြန်ပါတယ်။ ဒါဟာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာရှုံးထွက် (၁၆)သင်းအဆင့်ကနေ ဆက်တိုက်ထွက်ခွာရမှုကို မရပ်တန့်နိုင်ဘဲ (၆)ရာသီဆက်ဒီအဆင့်နဲပဲ အဆုံးသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၇-၀၈၊ ၂၀၀၈-၀၉ ဘောလုံးရာသီတွေမှာ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေနွှဲခဲ့တဲ့ စီရော်နယ်လ်ဒိုအတွက် ဒီလိုပြိုင်ပွဲကစောစောစီးစီးထွက်ရတာဟာ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ငွေသန်းပေါင်းများစွာအသုံးပြုပြီး အားဖြည့်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပေမယ့် လာလီဂါ (အဆင့် ၂)၊ စပိန်ဘုရင့်ဖလား (ရှုံးထွက် ၃၂ သင်းအဆင့်)၊ ချန်ပီယံလိဂ် (ရှုံးထွက် ၁၆ သင်း အဆင့်) တွေမှာ ပြီးခဲ့တဲ့ ၂၀၀၈-၀၉ ဘောလုံးရာသီရပ်တည်မှုအတိုင်း တိုက်တိုက်ဆိုင်ဆိုင် တစ်ထပ်တည်းရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈-၀၉ ရာသီကမှ ရာသီကြိုစပိန်စူပါဖလား (၁)လုံးရခဲ့ပြီး၊ ဒီရာသီမှာတော့ ဘာဖလားမှမရယူနိုင်ခဲ့ပါဘူး။ စီရော်နယ်လ်ဒိုဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် လိဂ်ဂိုး (၂၉)ဂိုးသွင်းယူပေးခဲ့ပြီး ပြိုင်ပွဲစုံမှာတော့ အများဆုံးသွင်းသူအဖြစ် (၃၃)ဂိုးသွင်းယူပေးခဲ့ပါတယ်။

■ ဒဏ်ရာပွဲပယ်ပြဿနာများ
ဒါပေမဲ့ ရီးယဲလ်ပွဲဦးထွက်ရာသီက သူ့အတွက် ကျေနပ်စရာရာသီတော့ မဟုတ်ခဲ့ပါဘူး။ စီရော်နယ်လ်ဒိုဟာ ၂၀၀၉ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် မာဆေးလ်နဲ့ပွဲမှာ ညာဖက်ခြေချင်းဝတ်ကို အကန်ခံရတာကြောင့် ဒဏ်ရာရရှိခဲ့ပေမယ့် အနားမယူဘဲ အသင်းမှာဆက်ကစားခဲ့ပါတယ်။ ဒါပေမဲ့ နောက် (၁၁)ရက်အကြာ ပေါ်တူဂီ-ဟန်ဂေရီပွဲမှာတော့ သူ့ရဲ့ဒဏ်ရာက ယောင်ကိုင်းလာပြီး အတော်ကိုဆိုးရွားလာခဲ့ပါတယ်။ ဒါကြောင့် တစ်လခွဲလောက်ဘောလုံးကစားခြင်းက အနားယူကုသခဲ့ရပါတယ်။ ဘောလုံးအမြဲကစားချင်တဲ့ စီရော်နယ်လ်ဒိုအတွက် ဒီအနားယူရတဲ့ကာလဟာ တစ်ကမ္ဘာလောက်ကြာမြင့်ခဲပြီး သူ့ရဲ့ကစားသမားဘဝအချိန် အကြာဆုံးအနားယူရတဲ့ ကာလတွေထဲမှာပါဝင်ခဲ့ပါတယ်။ ဒဏ်ရာသက်သာလာပြီး ပြန်ကစားနိုင်ချိန်မှာ သူ့အတွက် ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ ဒဏ်ရာသက်သာလာပေမယ့် သူ့အနေနဲ့အသင်းမှာကစားရတာ လမိုင်းမကပ်ဘဲ ကောင်းကောင်းမကစားနိုင်ခဲ့သလို ၂၀၀၉ ဒီဇင်ဘာလအတွင်းကစားခဲ့တဲ့ ရီးယဲလ် ၄-၂ အယ်လ်မီရီယာပွဲမှာ ရီးယဲလ်ကစားသမားဘ၀ ပထမဆုံးအနီကတ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒိုင်လူကြီးက သူ့ကို (၂)ဝါ၊ (၁)နီပြခဲ့တာဖြစ်ပြီး ဒီအဝါကတ် (၂)ခုက (၃)မိနစ်သာ ခြားနားခဲ့ပါတယ်။ ပွဲချိန် (၈၄)မိနစ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့လို့ အပျော်လွန်ပြီး အင်္ကျီချွတ်အောင်ပွဲခံခဲ့တာကြောင့် ပထမ (၁)ဝါထိခဲ့ပြီး၊ နောက် (၃)မိနစ်အကြာမှာ ပြိုင်ဘက်အယ်လ်မီရီယာကစားသမားကို အသားလွတ်ခြေထောက်နဲ့ ကန်ခဲ့လို့ နောက်(၁)ဝါအပြခံရပြီး အထုတ်ခံရတာပါ။

စီရော်နယ်လ်ဒိုအတွက် ရီးယဲလ်ပထမဆုံးရာသီက သူ့ရဲ့စည်းကမ်းပိုင်းမှတ်တမ်းနဲ့ပတ်သက်ပြီး ပြောစရာတွေရှိခဲ့ပါတယ်။ ပထမဆုံးအနီထိပြီး နောက်တစ်လခွဲအကြာ ၂၀၁၀၊ ဇန်နဝါရီလအတွင်းမှာ စီရော်နယ်လ်ဒိုဟာ နောက်ထပ်အနီကတ်တစ်ခုကို ရရှိခဲ့ပါတယ်။ ဒီအနီကတ်ကတော့ တိုက်ရိုက်အနီဖြစ်ပါတယ်။ ရီးယဲလ် (၂-ဝ)မာလာဂါပွဲမှာ စီရော်နယ်လ်ဒိုဟာ အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်မိနစ် (၇၀)မှာ မာလာဂါနောက်ခံလူ ပတ်ထရစ်အမ်တီလီဂါကို တံတောင်နဲ့ရိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြခံခဲ့ရတာပါ။ သူ့ရဲ့လုပ်ရပ်ကြောင့် ဒိန်းမတ်နောက်ခံလူအမ်တီလီဂါဟာ နှာခေါင်းရိုးကျိုးသွားခဲ့ပြီး သွေးတွေအများကြီးကျဆင်းခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် စီရော်နယ်လ်ဒိုဟာ (၂)ပွဲပယ်ပြစ် ဒဏ်ကျခံခဲ့ရပါတယ်။

■ ချန်ပီယံလိဂ် အရှုံးဒေါသ
စီရော်နယ်လ်ဒိုဟာ ၂၀၀၉-၁၀ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခဲ့ရတာကြောင့် အလွန်ဒေါသထွက်ခဲ့ပြီး သူ့ရဲ့ဒေါသဟာ ရက်တော်တော်ကြာမပြီးဆုံးနိုင်ဘူးဆိုတာ ရီးယဲလ်ဂိုးသမားဟောင်း ဒူးဒက်ကသူ့ရဲ့ အတ္ထုပ္ပတ္တိစာအုပ်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကထွက်အပြီး နောက်နေ့တွေမှာ စီရော်နယ်လ်ဒိုဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းထဲ ရွှင်ရွှင်လန်းလန်းမရှိဘဲ သုန်မှုန်နေတဲ့မျက်နှာနဲ့ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ရီးယဲလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ကစားသမားတွေရဲ့ မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေခေါ်ခွင့်ပေးတာကြောင့် ဒူးဒက်ဟာသူ့ရဲ့ သူငယ်ချင်းဂျာမန်လက်ဝှေ့သမား မိုက်ကယ်ဇောစကီးကို ခေါ်ဆောင်လာခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းထဲမှာ စီရော်နယ်လ်ဒိုကို ရီးယဲလ်ပရိသတ်ကလေးငယ်တွေက စောင့်ဆိုင်းနေပြီး သူလေ့ကျင့်ပြီးချိန်မှာ ဓာတ်ပုံအတူရိုက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီမှာ စီရော်နယ်လ်ဒိုက " No Photo,No Photo " လို့ပြောပြီး ကလေးငယ်တွေရဲ့ ဆန္ဒကိုလျစ်လျူရှုခဲ့ပါတယ်။ စီရော်နယ်လ်ဒိုရဲ့လုပ်ရပ်က ပရိသတ်တွေရှေ့ရိုင်းသလိုဖြစ်နေလို့ ဒူးဒက်ကဝင်ရောက်ထိန်းသိမ်းရာမှာ အခြေအနေကပိုဆိုးသွားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုက " ငါဒီကို ဓာတ်ပုံရိုက်ဖို့လာတာ မဟုတ်ဘူး။ ဘောလုံးကစားဖို့လာတာ "လို့ ဒူးဒက်ကို မချေမငံပြောခဲ့တာကြောင့် ဒူးဒက်ရဲ့သူငယ်ချင်း မိုက်ကယ်ဇောစကီးလည်း စီရော်နယ်လ်ဒိုကို အတော်ဒေါသထွက်သွားပါတယ်။ မိုက်ကယ်ဇောစကီးက ဒူးဒက်ကို " ငါသူ့ကို လက်သီးစာကောင်းကောင်းကျွေးလိုက်ချင်တယ် " လို့ပြောခဲ့ကြောင်းဒူးဒက်က သူ့ရဲ့အတ္ထုပ္ပတ္တိစာအုပ်မှာ ရေးသားခဲ့တာပါ။

အဲဒီ ၂၀၀၉-၁၀ ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ ရမှတ် (၉၃)မှတ်အထိရခဲ့ပြီး ဒါဟာ (၃၈)ပွဲကစားတဲ့ လာလီဂါပြိုင်ပွဲမှာအသင်း သမိုင်းတစ်လျှောက်အများဆုံးရမှတ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာက (၉၆)မှတ်အထိရယူပြီး လာလီဂါချန်ပီယံဖြစ်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့လည်း ပြိုင်ပွဲစုံ (၃၅)ပွဲမှာ (၃၃) ဂိုးသွင်းနိုင်တာကြောင့် သူ့ရဲ့တစ်ပွဲပျမ်းမျှသွင်းဂိုးက (၀ .၉၅)ဂိုး ဖြစ်ပါတယ်။ ဒီပမာဏဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအတွက်ဆိုရင်တောင် ကျေနပ်စရာကိန်းဂဏန်းတစ်ခုပါ။ စီရော်နယ်လ်ဒိုဟာ သူ့ရဲ့သွင်းဂိုးတွေကို နေရာမျိုးစုံကနေပုံစံ အမျိုးမျိုးနဲ့ သွင်းယူခဲ့ပြီး အဝေးကန်ဂိုးတွေ၊ ဖရီးကစ်ဂိုးတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ဒီရာသီအတွက် ပေးဆပ်ရမယ့်သူက နည်းပြပယ်လီဂရီနီဖြစ်လာပါတယ်။ ရီးယဲလ်အသင်းဥက္ကဋ္ဌပီရက်ဇ်နဲ့ အသင်းအမှုဆောင်ချုပ် ဟိုဆေးအိန်ဂျယ်ဆန်းချက်ဇ်တို့ဟာ နည်းပြသစ်ခန့်အပ်ဖို့ ခေါင်းချင်းဆိုင်တိုင်ပင်ကြပြီး သူတို့အဓိက ခေါ်ယူလိုတဲ့သူကတော့ အင်တာမီလန်အသင်းကို ၂၀၀၉-၁၀ ဘောလုံးရာသီမှာ စီးရီးအေဖလား၊ ကိုပါအီတာလီယာဖလားနဲ့ ချန်ပီယံလိဂ်ဖလားအစရှိတဲ့ ဖလား(၃)လုံးရယူပေးခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုပဲဖြစ်ပါတယ်။

■ ၂၀၁၀ ကမ္ဘာ့ဖလား
၂၀၀၉-၁၀ ဘောလုံးရာသီအပြီးမှာ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ကန်ဖို့ဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ယူရို-၂၀၀၈ ပြိုင်ပွဲအပြီး ဘရာဇီးလ်လူမျိုးနည်းပြ စကိုလာရီအနားယူသွားခဲ့ပြီး မန်ယူလက်ထောက်နည်းပြဟောင်းကွီရော့ဇ်က ဆက်လက်တာဝန်ယူခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ လက်ရွေးစင်အသင်းမှာ သူ့အပေါ်ပုဂ္ဂိုလ်ရေးအရအလွန်ခင်မင်ရင်းနှီးမှုရှိတဲ့ နည်းပြတွေနဲ့တွေ့ဆုံရတာဖြစ်ပြီး တစ်ခါတစ်ရံ ဒါကိုအခွင့်ကောင်းယူတယ်လို့ အသင်းဖော်တချို့ကယူဆကြပါတယ်။ အထူးသဖြင့် လက်ရွေးစင်အသင်းလေ့ကျင့်ခန်း ပထမဆုံးနေ့ရက်တွေဆိုရင် စီရော်နယ်လ်ဒိုဟာ (ကလပ်အသင်းကနေ လက်ရွေးစင်အသင်းကို ဆက်သွယ်ရောက်ရှိလာရမှာဖြစ်ပေမယ့်) အမြဲလိုလိုပျောက်နေတတ်ပါတယ်။ ဒါကို စကိုလာရီက ဘယ်တော့မှအရေးမယူဘဲ မသိသလိုသာနေခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စီရော်နယ်လ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် (၁၆)လကြာဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့ပြီး မြောက်ကိုရီးယားကို (၇-ဝ) ဂိုးနဲ့ နိုင်တဲ့ အုပ်စုပွဲမှာ(၁)ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ ရှုံးထွက် (၁၆)သင်းအဆင့်မှာတော့ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမယ့် စပိန်အသင်းကိုဒေးဗစ်ဗီလာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ ပွဲရှုံးတိုင်း ဒေါသထွက်စိတ်တိုတတ်တဲ့ စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ဒေါသကို မထိန်းနိုင်ခဲ့ဘဲ Mixed Zone မှာ မီဒီယာတွေရဲ့မေးမြန်းမှုကို ဘောက်ဆတ်ဆတ် ပြန်ဖြေခဲ့ပါတယ်။ အဲဒီတုန်းကမီဒီယာသမားတွေက အသင်းခေါင်းဆောင်စီရော်နယ်လ်ဒိုကို ပွဲရဲ့ ကစားပုံအားနည်းချက်တွေနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ စီရော်နယ်လ်ဒိုက " ကွီရော့ဇ်ကိုသွားမေး " လို့ပြောခဲ့တာပါ။ စီရော်နယ်လ်ဒိုအနေနဲ့ ဒီပွဲရှုံးနိမ့်မှုအတွက် ကွီရော့ဇ်ရဲ့ လူစားလဲမှု၊ ကစားကွက် အခင်းအကျင်းတချို့ကို မကျေမနပ်ဖြစ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပြီး အခုလိုဖြေကြားလိုက်တာ ဖြစ်တယ်လို့လည်း ပေါ်တူဂီသတင်းတွေကဖော်ပြခဲ့ပါတယ်။ ကွီရော့ဇ်ဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲအပြီး (၂)လအကြာမှာ ပေါ်တူဂီအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး စီရော်နယ်လ်ဒိုနဲ့လည်း ၂၀၁၀ ကမ္ဘာ့ဖလား ပြီးကတည်းက ဆက်ဆံမှုမရှိတော့ဘူးလို့ သိရပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားရှုံးနိမ့်မှုအပြီးမှာ စီရော်နယ်လ်ဒိုဟာ အသင်းခေါင်းဆောင်တစ်ဦးနဲ့ လိုက်ဖက်တဲ့အပြုအမူကိုမပြုလုပ်ခဲ့ကြောင်း ကွီရော့ဇ်ကပြစ်တင်ဝေဖန်ခဲ့ပါတယ်။ တကယ်တမ်းမှာလည်း စီရော်နယ်လ်ဒိုရဲ့ စိတ်ကြီးဝင်တဲ့အမူအရာတွေ၊ ပွဲရှုံးရင်ညစ်တွန်းတွန်းတတ်တဲ့ အပြုအမူတွေ၊ မီဒီယာတွေကိုဆက်ဆံရာမှာ လူကြီးဆန်ဆန်ဒီပလိုမေစီကျကျ မပြောတတ်တာတွေကြောင့် သူ့အနေနဲ့ အသင်းခေါင်းဆောင်ရာထူးနဲ့ မထိုက်တန်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ပေါ်တူဂီမီဒီယာတွေကတော့ စီရော်နယ်လ်ဒိုကို အမြဲဖေးဖေးမမရေးသားကြပြီး ပေါ်တူဂီဘောလုံးလောကရဲ့ သူရဲကောင်းတစ်ဦးသဖွယ်သာ သဘောထားခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent