■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၂၁)

■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၂၁)
Published 2 October 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

■ ပီရက်ဇ်ရဲ့ ပြဿနာ

၂၀၀၉ နွေရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌရွေးကောက်ပွဲအတွက်ရွေးချယ်ခံမယ့် သူတွေကိုဖိတ်ခေါ်ခဲ့ရာမှာ ပီရက်ဇ်ကလွဲလို့တစ်ဦးတစ်ယောက်မှရှိမလာခဲ့ပါဘူး။ ရီးယဲလ်အသင်း ဥက္ကဋ္ဌအဖြစ် ပီရက်ဇ်ပြန်ပြီး ရွေးချယ်ခံမယ်ဆိုကတည်းက သူ့ကိုယှဉ်ပြိုင်လိုသူတစ်ဦးတစ်ယောက်မှ မရှိခဲ့တာကြောင့် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲဟာ အသက်မဲ့ခဲ့ပြီး ဒီရာထူးဟာ ပီရက်ဇ်အတွက်ဖြစ်လာခဲ့ပါတယ်။ ၂၀၀၉၊ ဇွန်လ (၁)ရက်နေ့မှာ ပီရက်ဇ်ဟာ ရီးယဲလ်အသင်းဥက္ကဋ္ဌအသစ်အဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၆ခုနှစ်အထိ ရီးယဲလ်ဥက္ကဋ္ဌဖြစ်ခဲ့ဖူးတဲ့ ပီရက်ဇ်အတွက် ဒါဟာရီးယဲလ်ဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ခြင်းလည်းဖြစ်ပါတယ်။

ရီးယဲလ်ဥက္ကဋ္ဌဖြစ်လာပြီးနောက် ပီရက်ဇ်ပထမဆုံးလုပ်ရမယ့်အလုပ်က နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားအသစ်ခေါ်ယူဖို့ဖြစ်ပါတယ်။ ပထမအကြိမ်ရီးယဲလ်ဥက္ကဋ္ဌ ပြုလုပ်စဉ်ကတည်းက Galaticos ကြယ်စင်စုလို့ အမည်ရတဲ့ ကမ္ဘာကျော်ကစားသမားအစုအဖွဲ့ကို ခေါ်ယူဖွဲ့စည်းခဲ့တဲ့ ပီရက်ဇ်ကိုပရိသတ်တွေကလည်း စောင့်ကြည့်နေကြပြီး နာမည်ကျော်ကစားသမား ဘယ်သူတွေရောက်လာဦးမလဲဆိုတာ ရင်ခုန်နေကြပါတယ်။ စီရော်နယ်လ်ဒိုကတော့ နွေရာသီကာလမတိုင်ခင်ကတည်းက ၂၀၀၈-၀၉ ရာသီကုန်ရင် ရီးယဲလ်ကိုရောက်မယ်လို့ ကြိုတင်သတင်းတွေထွက်ရှိနေတာကြောင့် သူ့ကိုစာချုပ်ချုပ်ဆိုမယ့် နေ့ရက်ကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။ ဒီအချိန်မှာပီရက်ဇ်အတွက်ပြဿနာတစ်ခုက သူ့ရှေ့ကဥက္ကဋ္ဌရေမွန်ကယ်လ်ဒါရွန်ခေါ်ယူဖို့ ကြိုးပမ်းသွားတဲ့ ကစားသမားကို သူကခေါ်ယူရမှာအင်တင်တင်ဖြစ်နေသလို စီရော်နယ်လ်ဒိုအတွက်ပေးချေရမယ့် ပြောင်းရွှေ့ကြေးပေါင်သန်း (၈၀)ကလည်း များပြားလွန်းတယ်လို့ ထင်နေပါတယ်။ ကယ်လ်ဒါရွန်ဟာ စီရော်နယ်လ်ဒိုကိုခေါ်ယူဖို့အတွက် မန်ယူအသင်းနဲ့ သဘောတူညီမှုရရှိအောင် ကြိုးပမ်းသွားနိုင်ခဲ့တာသာရှိပြီး၊ ဒီအပြောင်းအရွှေ့အတွက် ငွေကြေးထားသွားခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီပြောင်းရွှေ့ကြေးကိုပေးချေရမယ့် ပီရက်ဇ်ဟာပေါင်သန်း (၈၀)ဆိုတဲ့ကိန်းဂဏန်းအတွက် စိတ်ညစ်နေတာဖြစ်ပါတယ်။ တကယ်လို့ မခေါ်ခဲ့ပြန်ရင်လည်း ရီးယဲလ်ပရိသတ်တွေရဲ့ဒေါသနဲ့ စာချုပ်ဖောက်ဖျက်မှုအတွက် ပေးချေရမယ့်လျော်ကြေး ယူရိုသန်း (၃၀)ဆိုတဲ့ ပြဿနာလည်းရှိနေပါတယ်။ ဒါပေမဲ့ တကယ်တမ်းပြောရမယ်ဆိုရင် သူကိုယ်တိုင်လည်း ၂၀၀၈ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရ စီရော်နယ်လ်ဒိုကိုသူ့အသင်းမှာ ရှိနေစေချင်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ဖာဂူဆန်နဲ့မန်ယူအသင်းကိုပဲ ဈေးဆစ်ဖို့စဉ်းစားခဲ့ပါတယ်။

ပီရက်ဇ်အနေနဲ့ နွေရာသီမှာ အခြားနာမည်ကြီးကစားသမားတွေကိုလည်းခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် စီရော်နယ်လ်ဒိုတစ်ဦးတည်းကို ငွေကြေးပုံအောမသုံးချင်တာလည်းဖြစ်ပါတယ်။ အင်ဂျင်နီယာတစ်ဦးဖြစ်ခဲ့ပြီး စီးပွားရေးသမားတစ်ဦးအဖြစ်အောင်မြင်နေတဲ့ ပီရက်ဇ်ဟာ စပိန်နိုင်ငံရေးလောကမှာလည်း ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံးဆောက်လုပ်ရေးကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ACS ကုမ္ပဏီရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပါတယ်။ ပီရက်ဇ်ဟာ သူ့လက်ထက်မှာ ရီးယဲလ်အသင်းကိုစီးပွားရေးအရရော၊ ပုံရိပ်ကောင်းအောင်ပါ ပြုလုပ်နိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်ကဝင်ငွေယူရို (၃၆၆)သန်းရှိတဲ့ ရီးယဲလ်အသင်းကို ၂၀၁၆ ခုနှစ်မှာယူရိုသန်း (၆၀၀)ကျော်ဝင်ငွေရှိလာအောင် စီမံခန့်ခွဲအုပ်ချုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ ကြေးအကြီးဆုံးကစားသမားသစ်ခေါ်ယူမှုတွေကလည်း သူ့လက်ထက်မှာဖြစ်ပေါ်ခဲ့ပြီး ဇီဒန်း၊ ကာကာ၊ စီရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ် အစရှိတဲ့ ကစားသမားတွေကို ရီးယဲလ်ကစားသမားဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့သူပါ။ သူ့ရဲ့ ညွှန်ကြားချက်နဲ့ အသင်းအားကစားဒါရိုက်တာ ဂျော့ချ်ဗယ်လ်ဒါနိုဟာ မန်ယူအသင်းထံဆက်သွယ်ပြီး ပြောင်းရွှေ့ကြေးလျော့ကျအောင် ကြိုးစားခဲ့ပေမယ့် အကျိုးတော့ထူးမလာခဲ့ပါဘူး။ ပီရက်ဇ်ဟာ သူရီးယဲလ်ဥက္ကဋ္ဌဖြစ်လာရင် ခေါ်ယူမယ်လို့စိတ်ကူးထားတဲ့ ကစားသမားတစ်ဦးရှိပါတယ်။ ဒီကစားသမားကတော့ ၂၀၀၇ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရ ဘရာဇီးလ်ကွင်းလယ်လူကာကာပါပဲ။ ကာကာကိုခေါ်ယူဖို့ အရင်ဥက္ကဋ္ဌကယ်လ်ဒါရွန်ကလည်း ကြိုးစားခဲ့ဖူးပြီး ခေါ်ယူနိုင်ခဲ့ခြင်းမရှိလို့ ပီရက်ဇ်က သူ့လက်ထက်မှာရအောင်ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာပါ။ ဒါ့အပြင်ပီရက်ဇ် နောက်ထပ်ခေါ်ယူချင်တဲ့ ကစားသမားတစ်ဦးကတော့ လိုင်ယွန်အသင်းရဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘန်ဇီမာပါပဲ။ မန်ယူအသင်းက စီရော်နယ်လ်ဒိုအတွက် ဈေးလျှော့မပေးဘဲတင်းခံနေတာကြောင့် ပီရက်ဇ်ဟာ နောက်ဆုံးမှာတော့ အလျှော့ပေးခဲ့ပြီး ပေါင်သန်း (၈၀)နဲ့ပဲ ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

■ ရီးယဲလ်မက်ဒရစ်ကစားသမားဖြစ်ပြီ
စီရော်နယ်လ်ဒိုဟာ ၂၀၀၉ နွေရာသီမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားကို အပန်းဖြေခရီးထွက်ခွာနေပြီး နံနက်ခင်းတစ်ခုမှာ အေးဂျင့်မန်ဒက်စ်ဆီကဖုန်းခေါ်ဆိုမှုတစ်ခုရောက်ရှိလာပါတယ်။ အဲဒါကတော့ ဒီနေ့ကစပြီး ရီးယဲလ်ကစားသမားဖြစ်ပြီဆိုတာနဲ့ စာချုပ်မှာပါတဲ့ လျော်ကြေးက ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးပမာဏဖြစ်တဲ့ ပေါင် (၁) ဘီလီယံဖြစ်တယ်ဆိုတာပါပဲ။ ၂၀၀၉၊ ဇူလိုင် (၁၀)ရက်နေ့မှာ စီရော်နယ်လ်ဒိုဟာရီးယဲလ်ကစားသမား တရားဝင်ဖြစ်လာခဲ့ပါတယ်။ မက်ဒရစ်မြို့ Torrejon လေဆိပ်မှာ စီရော်နယ်လ်ဒိုကို ဂျော့ချ်မန်ဒက်စ်ကိုယ်တိုင်လာကြိုခဲ့ပြီး စာချုပ်အတွက်လက်မှတ်ရေးထိုးမယ့် ဘာနေဗျူးကွင်းက Puerta 57 စားသောက်ဆိုင်ကို မန်ဒက်စ်နဲ့အတူ သွားရောက်ခဲ့ပါတယ်။ စာချုပ်က(၆)နှစ်စာချုပ်ဖြစ်ပြီး စီရော်နယ်လ်ဒိုဟာ တစ်ပတ်လစာငွေပေါင် (၁၈၃၀၀၀)နဲ့ ပထမဆုံးနှစ်အတွက်ပေါင် (၉ .၅) သန်းရရှိမှာဖြစ်ပါတယ်။ သူ့ရဲ့လစာငွေဟာ တစ်နှစ်ချင်းစီ (၂၅%) တိုးမြင့်သွားမှာဖြစ်ပြီး စာချုပ်သက်တမ်းအတိုင်း ရီးယဲလ်ကစားသမားအဖြစ် (၆)နှစ်လုံး ကစားခဲ့မယ်ဆိုရင် သူ့ရဲ့ဝင်ငွေကပေါင် (၁၀၆) သန်းအထိရရှိမှာဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုပြီးနောက် Puerta 57 စားသောက်ဆိုင်အတွင်းမှာ ရီးယဲလ်တာဝန်ရှိသူတွေနဲ့ အဆာပြေနေ့လယ်စာသုံးဆောင်ခဲ့ကြပါတယ်။

စာချုပ်ချုပ်ဆိုပွဲအခမ်းအနားပြီးတော့ စီရော်နယ်လ်ဒိုကို ရီးယဲလ်အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ပေးဖို့ဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုကို မခေါ်မီရက်ပိုင်းမှာ ရီးယဲလ်အသင်းဟာ အေစီမီလန်ကွင်းလယ်လူ ကာကာကိုခေါ်ယူစာချုပ်ခဲ့ပြီး ဘာနေဗျူးကွင်းအတွင်း ပရိသတ်တွေနဲ့မိတ်ဆက်ခဲ့ရာမှာ ပရိသတ် (၄၀၀၀၀)ကျော်လာ ရောက်အားပေးခဲ့ကြပါတယ်။ ဘာနေဗျူးကွင်းထဲကိုမသွားမီ စီရော်နယ်လ်ဒိုက မန်ဒက်စ်ကို သူတည်းခိုတဲ့ Mirasierra Suites ဟိုတယ် မှာ '' ကျွန်တော်ဘာလုပ်ပြရမှာလဲ။ အင်္ကျီကတံဆိပ်ကိုနမ်းပြရမှာလား။ နောက်ပြီး ဘာထပ်လုပ်ပြရဦးမှာလဲ။ Hala Madrid လို့ အော်ရမှာလား '' လို့နောက်ပြောင်ခဲ့ပါတယ်။ တကယ်တမ်း ဘာနေဗျူးကွင်းထဲကို ရောက်ရှိတဲ့အခါမှာတော့ သူ့ကိုလာရောက်ကြိုဆိုတဲ့ ရီးယဲလ်ပရိသတ်တွေကို စီရော်နယ်လ်ဒိုအံ့အားသင့်ခဲ့ရပါတယ်။ ဘာနေဗျူးကွင်းအတွင်း ပရိသတ် (၈၀၀၀၀)ကျော်က စီရော်နယ်လ်ဒိုကို စောင့်မျှော်နေကြပြီး ဒီပမာဏဟာ ရီးယဲလ်အသင်းကစားသမားသစ်မိတ်ဆက်ပွဲတွေထဲမှာ အများဆုံးပမာဏဖြစ်ပါတယ်။

■ ရီးယဲလ်အစ နံပါတ်(၉)
စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းမှာရော၊ ပေါ်တူဂီအသင်းမှာပါ နံပါတ် (၇)အင်္ကျီဝတ်ဆင်ခဲ့ပေမယ့် ရီးယဲလ်အသင်းကိုရောက်ရှိလာရာမှာ ကျောနံပါတ် (၇)တော့ ချက်ချင်းဝတ်ဆင်ခွင့်မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရီးယဲလ်အသင်းမှာ သြဇာကြီးမားတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ရာအူးလ်က ကျောနံပါတ်(၇)ကိုဝတ်ဆင်နေလို့ပါပဲ။ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းမှာလည်း လက်ရွေးစင်အဖြစ် စကစားချင်းမှာ နံပါတ် (၇)ဝတ်ဆင်သူကအသင်းရဲ့ အဓိကဝါရင့်ကစားသမား ဖီဂိုဖြစ်နေတာကြောင့် နံပါတ် (၁၇) သာဝတ်ဆင်ခဲ့ရပြီး ဖီဂိုလက်ရွေးစင်အသင်းက အနားယူချိန် ၂၀၀၆ခုနှစ်မှ ကျောနံပါတ်(၇)ကို ဝတ်ဆင်ခဲ့ရတာပါ။ အခုရီးယဲလ်မှာလည်း နံပါတ် (၉)အင်္ကျီကို စတင်ဝတ်ဆင်ခဲ့ရပြီး ရီးယဲလ်ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲမှာ ဂျပန်၊ တရုတ်၊ အာရေဘီယံအစရှိတဲ့ ဘာသာစကားအမျိုးမျိုးနဲ့ ရေးထိုးထားတဲ့ သူ့ရဲ့အမည်ပါ နံပါတ် (၉)အင်္ကျီကို ကိုင်မြှောက်ပြသခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်တွေကို သူ့ရဲ့ဘောလုံးစွမ်းရည်တချို့နဲ့ စီရော်နယ်လ်ဒိုက ဖျော်ဖြေပေးခဲ့ပါတယ်။ ဒီမိတ်ဆက်ပွဲအခမ်းအနားကို ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီးတွေဖြစ်တဲ့ ဒီစတီဖာနို၊ ဟွမ်နီတို အစရှိသူတို့တက်ရောက်ခဲ့ပြီး ရာအူးလ်၊ ဇီဒန်းအစရှိတဲ့ အသင်းကကြယ်ပွင့်ကစားသမားတွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ဇိုကို၊ ဆမ်တာမာရီယာ၊ ပါချင်၊ အမန်စီယို အစရှိတဲ့ ရီးယဲလ်ကစားသမားဟောင်းကြီးတွေလည်း တက်ရောက်ခဲ့ကြပြီး ပေါ်တူဂီဂန္ထဝင်အူဆီဘီယိုလည်း ဒီအခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။

ဘာနေဗျူးကွင်းထဲမှာတော့ '' ရော်နယ်လ်ဒို၊ ရော်နယ်လ်ဒို ''ဆိုတဲ့ အသံတွေဆူညံနေပြီး စီရော်နယ်လ်ဒိုက ပရိသတ်တွေကို '' ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းမှာကစားချင်တဲ့ အိပ်မက်က ဟိုးအရင်ကလေးဘဝကတည်းက ရှိခဲ့တာပါ။ အခုတော့ ဒါဟာအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ကျွန်တော်ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ တကယ်ကိုအံ့အားသင့်စရာပါပဲ။ ခင်ဗျားတို့ အားလုံးကိုကျေးဇူးတင်ပါတယ်။ အခုခင်ဗျားတို့ကို ကျွန်တော်တောင်းဆိုချင်တာက ကျွန်တော်နဲ့ အတူတူစကားလုံးတစ်ခုကိုလိုက်အော်ပေးဖို့ပါ။ ကျွန်တော် တစ်၊ နှစ်၊ သုံးလို့အော်ပြီးရင် ခင်ဗျားတို့ ပြိုင်တူလိုက်အော်ပေးပါ။ ကျွန်တော်အော်မယ့် စကားလုံးက Hala Madrid (တော်ဝင်မက်ဒရစ်ဟု စပိန်ဘာသာစကားဖြင့် ဆိုလိုခြင်းဖြစ်သည်) ပါ။ ကဲ၊ အော်ရအောင်။ One, Two, Three...... Hala Madrid '' လို့အော်ဟစ်ပြီး စီရော်နယ်လ်ဒိုက ပရိသတ်တွေနဲ့ရင်းနှီးမှုကို ချက်ချင်းရယူလိုက်ပါတယ်။

■ ရီးယဲလ်ခေတ်ပြောင်း တော်လှန်ရေး
ကာကာ၊ စီရော်နယ်လ်ဒိုတို့ကိုခေါ်ယူပြီး နောက်မှာပီရက်ဇ်ဟာ ဘန်ဇီမာကိုထပ်ခေါ်ခဲ့ပြီး အဲဒီ ၂၀၀၉နွေရာသီမှာ ကစားသမားအင်အားဖြည့်မှုကို အကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ လီဗာပူးလ်က ဇာဘီအလွန်ဆိုနဲ့ အာဘီလိုအာ၊ အယ်လ်မီရီယာက နီဂရီဒို၊ ရေးဆင်းက ဂါရိုင်းအစရှိတဲ့ ကစားသမားတွေအပါအဝင် ကစားသမားစုစုပေါင်း (၁၀)ဦးအထိခေါ်ယူခဲ့ပြီး သုံးစွဲငွေက ယူရိုသန်း (၂၆၀)နီးပါးရှိခဲ့ပါတယ်။ တကယ်တော့ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ၂၀၀၉-၁၀ဘောလုံးရာသီမစမီ အားဖြည့်ပြင်ဆင်မှုတွေမလုပ်လို့မရတော့တဲ့ အနေအထားပါ။ ပြီးခဲ့တဲ့ ၂၀၀၈-၀၉ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိကပြိုင်ဘက်ဘာစီလိုနာအသင်းက လာလီဂါဖလား၊ စပိန်ဘုရင့်ဖလား၊ ချန်ပီယံလိဂ်ဖလားတွေရယူသွားခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းကတော့ ရာသီကြိုစပိန်စူပါဖလား(၁)လုံးနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ လာလီဂါမှာ ဘာစီလိုနာနောက် ဒုတိယနေရာ၊ စပိန်ဘုရင့်ဖလားမှာ ရှုံးထွက်(၃၂)သင်းအဆင့်၊ ချန်ပီယံလိဂ်မှာ ရှုံးထွက်(၁၆)သင်းအဆင့် အစရှိတာတွေနဲ့ အဆုံးသတ်ခဲ့ရလို့ ပီရက်ဇ်ဟာ ရီးယဲလ်မက်ဒရစ်ခေတ်ပြောင်းတော်လှန်ရေးကို မဖြစ်မနေလုပ်ရတော့မယ်လို့သဘောပေါက်ခဲ့ပြီး နည်းပြနေရာမှာလည်း ချီလီလူမျိုးနည်းပြ ပယ်လီဂရီနီကို ခန့်အပ်ခဲ့ပါတယ်။ အမှန်တော့ ပီရက်ဇ် ပစ်မှတ်ထားခဲ့တာ အာစင်ဝင်းဂါး၊ အန်ဆယ်လော့တီတို့ဖြစ်ပြီး သူတို့ကို ချဉ်းကပ်ကြိုးစားရာမှာ မအောင်မြင်ခဲ့လို့ ဗီလာရီးယဲလ်မှာ ရလဒ်ကောင်းတွေရယူပေးခဲ့တဲ့ ပယ်လီဂရီနီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ပယ်လီဂရီနီဟာ ရီးယဲလ်မက်ဒရစ်အသင်း အသစ်ခေါ်ယူခဲ့တဲ့ ကြယ်ပွင့်ကစားသမား(၃)ဦးဖြစ်တဲ့ ကာကာ၊ စီရော်နယ်လ်ဒို၊ ဘန်ဇီမာတို့နဲ့ အသင်းက ဝါရင့်တိုက်စစ်မှူးကြီး ရာအူးလ်ကို တစ်ပြိုင်တည်းသုံးနိုင်တဲ့ကစားကွက်ကို ရေးဆွဲရပါတယ်။ ရာအူးလ်ကို အထောင်ထား၊ ရော်နယ်လ်ဒိုကို ဘယ်တောင်ပံထား၊ ကာကာကို ညာတောင်ပံထားပြီး ဘန်ဇီမာကို ရာအူးလ်နောက် နောက်ချန် တိုက်စစ်မှူးအဖြစ် ကစားစေခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၉-၁၀ရာသီအစ လာလီဂါပွဲစဉ် (၄)ပွဲမှာပဲ စီရော်နယ်လ်ဒိုဟာ အသင်းအတွက် (၅)ဂိုးသွင်းယူပေးခဲ့ပြီး နယ်မြေသစ်မှာ ဒီလိုဂိုးတွေသွင်းယူနိုင်ပြီးနောက် စီရော်နယ်လ်ဒိုဟာ ဂိုးပိုမိုဆာလောင်လာခဲ့ပါတယ်။ သူ့အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာ သွင်းဂိုးအရေအတွက်များများသွင်းယူနိုင်ဖို့ ဆန္ဒပြင်းပြလာပြီး ပယ်လီဂရီနီကလည်း သူ့ကို ရီးယဲလ်အသင်းရဲ့သွင်းဂိုးတွေအတွက် ပိုမိုအားထားဖို့ ဆန္ဒရှိလာပါတယ်။ ဒါကြောင့် သူ့ကို တောင်ပံကစားသမားတစ်ဦးအဖြစ် Formation မှာ ထည့်သွင်းခဲ့ပေမယ့် တိုက်စစ်မှာနေရာစုံစိတ်ကြိုက် လွတ်လွတ်လပ်လပ်ကစားဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒီလိုခွင့်ပြုခဲ့ပြီး စီရော်နယ်လ်ဒိုဂိုးတွေသွင်းယူလာနိုင်ခြင်းက အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ရာအူးလ်အတွက် အသင်းနဲ့လမ်းခွဲခြင်းကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ အသက်အရွယ်ရလာပြီး ဒဏ်ရာတွေနဲ့ရုန်းကန်နေရတဲ့ ရာအူးလ်ဟာ စီရော်နယ်လ်ဒိုနဲ့ တစ်ရာသီသာလက်တွဲခဲ့ပြီး ၂၀၀၉-၁၀ ရာသီကုန်မှာ ရှော်လ်ကေးအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသင်းက ရာအူးလ်ထွက်ခွာသွားချိန်မှာတော့ စီရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ကျောနံပါတ်(၇)အင်္ကျီနဲ့ ပြန်လည်ဆုံဆည်းခွင့်ရခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent