<

အိုးလ်ထရက်ဖို့ဒ်မှာ တတိယမြောက် (၄)ဂိုးပြတ်နိုင်ပွဲရယူခဲ့တဲ့ မန်ယူ

 

ပရီးမီးယားလိဂ် ပွဲစဉ်(၇) စနေည (၈း၃၀)ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်ယူအသင်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ တတိယမြောက် (၄)ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားခဲ့ပြီး (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

မန်ယူအသင်းရဲ့ ခံစစ်မှာ စမောလင်း ပထမဆုံး ပွဲထွက်လာခဲ့ပြီး ဖီးလ်ဂျုံးစ်နဲ့ တွဲကစားခဲ့ပါတယ်။ ခံစစ်အထိုင်ကို အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ဒီရာသီမှာ သွင်းဂိုးတစ်ဂိုးမှ မရှိသေးတဲ့ ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ တိုက်စစ်ကို အမှားအယွင်းမရှိ ထိန်းချုပ်နိုင်ခဲ့ပြီး Clean Sheet ရယူနိုင်ခဲ့တာပါ။

ကွင်းလယ်မှာလည်း ပေါ့ဘာ ဒဏ်ရာရပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်ရလာတဲ့ ဖယ်လေနီက ခြေစွမ်းပြ ကစားသွားခဲ့ပြီး သွင်းဂိုး(၂)ဂိုးလည်း သွင်းယူခဲ့ပါတယ်။

မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို မာတာက ပွဲချိန်(၃)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် သွင်းယူခဲ့ပါတယ်။ (၃၅)မိနစ်မှာတော့ အက်ရှ်လေယန်းရဲ့ ဖြတ်တင်ဘောကတစ်ဆင့် ဖယ်လေနီ သွင်းယူခဲ့ပြီး ပထမပိုင်းမှာ မန်ယူအသင်း (၂-၀)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း (၄၉)မိနစ်မှာလည်း ဖယ်လေနီက ရပ်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ပေးတဲ့ ဖရီးကစ်ကို ခေါင်းတိုက်အဆုံးသတ်ပြီး မန်ယူအသင်း စောစောစီးစီး (၃)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မန်ယူအသင်းက မစ်ခီတာရီယန်၊ ရပ်ရှ်ဖို့ဒ်၊ မာတာတို့ကို အနားပေးခဲ့ပြီး လင်ဂတ်၊ မာစီယဲလ်၊ ဟာရဲရားတို့ကို ထည့်သွင်းခဲ့ပါတယ်။ မန်ယူအသင်းအတွက် စတုတ္ထမြောက်ဂိုးကိုတော့ လူစားဝင် တောင်ပံကစားသမား မာစီယဲလ်ရဲ့ ပေးပို့မှုကို တိုက်စစ်မှူး လူကာကူက လွတ်လွတ်ကျွတ်ကျွတ် အနေအထားကနေ အဆုံးသတ်သွင်းယူခဲ့တာပါ။

Photo: Getty Images

လူကာကူကတော့ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် (၇)ပွဲမှာ (၇)ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်ယူတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ကတော့ ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်း ဖန်တီးမှု(၂)ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ ၂၀၀၉-၁၀ ရာသီက ပို့စ်မောက်အသင်းနောက်ပိုင်းမှာ ပရီးမီးယားလိဂ်အဖွင့် (၇)ပွဲဆက် ရှုံးနိမ့်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။

အခြားပွဲတွေမှာ ၀က်စ်ဟမ်း၊ စတုတ်စီးတီးတို့က အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြပြီး ဘုန်းမောက်နဲ့ လက်စတာ၊ ၀က်စ်ဘရွန်းနဲ့ ၀က်ဖို့ဒ်တို့ကတော့ သရေတစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
ဟတ်ဒါဖီးလ် ၀-၄ စပါး
ဘုန်းမောက် ၀-၀ လက်စတာ
မန်ယူ ၄-၀ ခရစ္စတယ်ပဲလေ့စ်
စတုတ်စီးတီး ၂-၁ ဆောက်သမ်တန်
ဝက်စ်ဘရွန်း ၂-၂ ၀က်ဖို့ဒ်
ဝက်စ်ဟမ်း ၁-၀ ဆွမ်ဆီး

■ လာလီဂါရလဒ်များ
ဒီပို့တီဗို ၂-၁ ဂီတာဖေး
ဆီဗီလာ ၂-၀ မာလာဂါ

■ ဘွန်ဒစ်လီဂါရလဒ်များ
မိုချန်ဂလာဘတ် ၂-၁ ဟန်နိုဗာ
ဖရန့်ဖတ် ၂-၁ စတုဂတ်
အော့စ်ဘတ် ၁-၂ ဒေါ့မွန်
ဝုလ်ဖ်ဘတ် ၁-၁ မိန့်ဇ်

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
အက်စတွန်ဗီလာ ၁-၀ ဘော်လ်တန်
ဘာတန် ၀-၄ ၀ုလ်ဗ်
ကာဒစ်ဖ် ၀-၀ ဒါဘီ
ဟားလ်စီးတီး ၆-၁ ဘာမင်ဂမ်
အစ်ဝစ်ခ်ျ ၁-၃ ဘရစ္စတိုးလ်စီးတီး
မစ်ဒယ်ဘရော့ ၂-၂ ဘရန့်ဖို့ဒ်
မီဝေါလ် ၁-၃ ဘန်စလေ
နော်တင်ဟမ် ၂-၁ ရှက်ဖီးယူနိုက်တက်
ပရက်စတန် ၂-၂ ဆန်းဒါးလန်း

 

September 30, 2017














Copy Protected by Chetan's WP-Copyprotect.