မြန်မာ ယူ-၁၉ အသင်း အာရှခြေစစ်ပွဲမတိုင်မီ ဂျပန်နိုင်ငံ၌ နှစ်ပတ်ကျော် သွားရောက်လေ့ကျင့်မည် ဂျပန် ယူ-၁၉ အသင်းနှင့် နှစ်ပွဲအပါအဝင် ခြေစမ်းပွဲ လေးပွဲယှဉ်ပြိုင်ကစားရန် စီစဉ်ထား

မြန်မာ ယူ-၁၉ အသင်း အာရှခြေစစ်ပွဲမတိုင်မီ ဂျပန်နိုင်ငံ၌ နှစ်ပတ်ကျော် သွားရောက်လေ့ကျင့်မည် ဂျပန် ယူ-၁၉ အသင်းနှင့် နှစ်ပွဲအပါအဝင် ခြေစမ်းပွဲ လေးပွဲယှဉ်ပြိုင်ကစားရန် စီစဉ်ထား
Published 25 September 2017

မြန်မာ ယူ-၁၉ အသင်း လေ့ကျင့်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာ ယူ-၁၉ အသင်းသည် အာရှ ယူ- ၁၉ ခြေစစ်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ဂျပန်နိုင်ငံ၌ နှစ်ပတ်ကျော်ကြာ သွားရောက် လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာ ၁၁ ရက်မှ ၂၄ ရက်အထိ သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ဂျပန် ယူ-၁၉ လူငယ် လက်ရွေးစင်အသင်းနှင့် အပါအဝင် ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် မူလက ပြင်သစ်နိုင်ငံ၌ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း နည်းပြချုပ်နေရာ အပြောင်းအလဲကြောင့် လေ့ကျင့်မည့် ခရီးစဉ်လည်း ပြောင်းလဲခဲ့ပြီး နည်းပြချုပ်သစ် ဦးချစ်နိုင်လက်ထက်တွင် ဂျပန်နိုင်ငံ၌ လေ့ကျင့်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ-၁၉ အသင်း၏ လေ့ကျင့်ရေးခရီးစဉ်အတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၄၊ ၁၇၊ ၂၀၊ ၂၃ ရက်တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် နောက်ဆုံးခြေစမ်းပွဲ နှစ်ပွဲတွင် ဂျပန် ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမနှစ်ပွဲတွင် ဂျပန်ကလပ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲအတွက် ပဏာမကစားသမား ၃၁ ဦး ဖြင့် လေ့ကျင့်မှု ပြုလုပ်လျက်ရှိပြီး ဂျပန်လေ့ကျင့်ရေးခရီးစဉ်မတိုင်မီ ကစားသမားများ လျှော့ချရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ ခြေစစ်ပွဲကို နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တရုတ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၈ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် တစ်ကျော့ပြန် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး အာရှခြေစစ်ပွဲ အောင်မြင်ရန် တရုတ်အသင်းနှင့် အဓိက ယှဉ်ပြိုင်ရဖွယ်ရှိသလို ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အသင်းတို့နှင့် ပွဲများတွင်လည်း ဂိုးပြတ် အနိုင်ရထားရန် လိုအပ်ကြောင်း သိရသည်။

Most Read

Most Recent