ယခုပုံစံမျိုးဖြင့် လမ်းမခွဲလိုကြောင်း ဒီယေဂိုကော်စတာ ဝန်ခံပြောကြား

ယခုပုံစံမျိုးဖြင့် လမ်းမခွဲလိုကြောင်း ဒီယေဂိုကော်စတာ ဝန်ခံပြောကြား
Published 24 September 2017

 

ချယ်လ်ဆီးအသင်းမှ အက်သလက်တီကိုအသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာက ယခုပုံစံမျိုးဖြင့် လမ်းခွဲလိုခြင်းမရှိကြောင်း ဝန်ခံပြောကြားသည်။

ကော်စတာသည် ပြီးခဲ့သည့်ရာသီကုန်တွင် နည်းပြဖြစ်သူ ကွန်တီထံမှ ၎င်းအား အလိုမရှိတော့ဟုဆိုသည့် မက်ဆေ့ချ်ရရှိပြီးကတည်းက ချယ်လ်ဆီးအသင်းသို့ လုံးဝမပြန်ခဲ့ဘဲ စက်တင်ဘာ ၂၁ ရက်တွင် အက်သလက်တီကိုအသင်းနှင့် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၂ ရက်တွင် မက်ဒရစ်မြို့သို့ရောက်ရှိလာသည့် ကော်စတာက မီဒီယာများနှင့် တွေ့ဆုံရာတွင် "ကျွန်တော့် ဘဝတစ်လျှောက်လုံး ဒီလိုပုံစံမျိုးနဲ့ အသင်းက ထွက်ခွာဖို့ ဆန္ဒမရှိပါဘူး။ ချယ်လ်ဆီးမှာ ရှိသူတွေအပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ် ကျွန်တော့်ဆီမှာ ရှိပါတယ်။ အဲဒီနေရာမှာ ကျွန်တော်စွမ်းဆောင်ခဲ့တဲ့အရာတွေကို တစ်စုံတစ်ဦးက ဖျက်ဆီးပစ်လို့မရပါဘူး။ ကျွန်တော် ဘယ်လိုလူလဲဆိုတာ သူတို့သိပါတယ်။ အခုအချိန်မှာတော့ အရမ်းပျော်ရွှင်ပါတယ်။ အချိန်အကြာကြီးစောင့်ခဲ့ရပေမယ့် ပျော်ရွှင်စရာ ဇာတ်သိမ်းဖြစ်ခဲ့ပါပြီ။ အက်သလက်တီကိုက ကျွန်တော့်ရဲ့အိမ်ပါပဲ"ဟု ပြောကြားသည်။

Photo: EPA

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီကလည်း ကော်စတာအား ကျေးဇူးတင်ကြောင်း၊ အနာဂတ်တွင် အောင်မြင်မှုရရှိစေရန် ဆုတောင်းပေးကြောင်း ပြောကြားသည်။

Most Read

Most Recent