ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်သေးသည်ဟု ယုံကြည်ကြောင်း မာနေ ဆို

ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်သေးသည်ဟု ယုံကြည်ကြောင်း မာနေ ဆို
Published 22 September 2017

Photo: Getty Images

လီဗာပူးလ်အသင်း၏ ဆီနီဂေါတောင်ပံကစားသမား မာနေက ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို မိမိတို့အသင်း ရယူနိုင်သေးသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မာနေသည် လီဗာပူးလ်အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပြီး ၎င်းပွဲပယ်ခံထားရစဉ်အတွင်း လီဗာပူးလ်အသင်းအနေဖြင့် ရလဒ်ဆိုးများ ကြုံတွေ့ခဲ့ရခြင်းလည်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သည့်အတွက် ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းကိုပါ ဝေဖန်မှုများနျှင့် ရင်ဆိုင်နေရသည်။

သို့ရာတွင် မာနေက ခက်ခဲသည့်အခြေအနေဖြစ်သော်လည်း အပြောင်းအလဲဖြစ်အောင် မိမိတို့ ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။

မာနေက " ဘောလုံးလောကမှာ ကြုံတွေ့ရတတ်တဲ့အခြေအနေပါပဲ။ အရေးအကြီးဆုံးက ဒီအခြေအနေကို ပြန်လည်တုံ့ပြန်နိုင်ဖို့ပါ။ ကျွန်တော်တို့က ထိပ်သီးအသင်းတစ်သင်းဖြစ်သလို၊ ထိပ်တန်းအရည်အသွေးရှိတဲ့ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အကောင်းဆုံးတုံ့ပြန်နိုင်မယ်လို့ ထင်ပါတယ်။ ရိုးရိုးသားသားပြောရရင် ချန်ပီယံဆုအကြောင်းပြောဖို့ကလည်း စောလွန်းနေပါသေးတယ်။ ကျွန်တော်တို့ တခြားအသင်းတွေထက် ကိုယ့်အသင်းကိုယ် အာရုံစိုက်ဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ တစ်ပွဲချင်းရလဒ်ကောင်းအောင် ကြိုးစားသွားနိုင်ရင် ဘာကြောင့် ချန်ပီယံဆု မရနိုင်ရမှာလဲ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent