ခံစစ်ပြဿနာကို ကစားသမားတစ်ဦးခေါ်ယူရုံဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ဟု ယာဂန်ကလော့ပ်ဆို

ခံစစ်ပြဿနာကို ကစားသမားတစ်ဦးခေါ်ယူရုံဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ဟု ယာဂန်ကလော့ပ်ဆို
Published 15 September 2017

Photo: PA

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က လက်ရှိရင်ဆိုင်နေရသော ခံစစ်ပြဿနာကို ကစားသမားတစ်ဦး ခေါ်ယူရုံဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ခံစစ်ပိုင်းတွင် အားနည်းချက်များရှိနေပြီး အားဖြည့်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်နေသည်ဟု ထောက်ပြမှုများရှိခဲ့သော်လည်း ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဟားလ်စီးတီးအသင်းမှ စကော့တလန်နောက်ခံလူ အန်ဒရူးရောဘတ်ဆန် တစ်ဦးကိုသာ ခေါ်ယူအားဖြည့်ခဲ့သည်။

ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကို ကာလရှည်ကြိုးပမ်းခဲ့ပြီး ပေါင်(၆၅)သန်းအထိပေးရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် ပြီးခဲ့သည့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ဆီဗီလာအသင်းကို အိမ်ကွင်း၌ (၂-၂)ဂိုးဖြင့် သရေကျခဲ့ပြီးနောက် ဝေဖန်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

ယင်းအခြေအနေအတွက် ယာဂန်ကလော့ပ်က "ခင်ဗျားတို့ ဒီအကြောင်းအရာကိုပဲ ပြောကြဦးမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါဟာ ကစားသမားသစ်တစ်ယောက် ခေါ်ယူနိုင်ရုံနဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ပါဘူး။ အသင်းရဲ့ခံစစ်ပိုင်းမှာ ပြဿနာရှိနေဆဲဆိုပေမယ့် အများကြီး တိုးတက်မှုရှိလာပါတယ်။ ဘာကြောင့် ဂိုးတွေ လွယ်လွယ်ပေးနေရသလဲ ဆိုတာ အဖြေရှာနိုင်ဖို့ပဲ လိုပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent