■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၂၀)

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘ၀ဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

■ စိုက်ပျိုးသူ ကယ်လ်ဒါရွန် ရိတ်သိမ်းသူ ပီရက်ဇ်
ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌရေမွန် ကယ်လ်ဒါရွန်ဟာ စီရော်နယ်လ်ဒိုကိုခေါ်ယူဖို့ ဖိဖိစီးစီးကြိုးစားခဲ့ပြီး သူ့ရဲ့အပြောင်းအရွှေ့အတွက်မန်ယူအသင်းနဲ့ အကြိုသဘောတူစာချုပ်ကို တစ်နှစ်ကြိုပြီးချုပ်ဆိုနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ အားကြိုးမာန်တက်ကြိုးစားခဲ့သူ ကယ်လ်ဒါရွန်ဟာ သူစိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို ကိုယ်တိုင်မခံစားခဲ့ရပါဘူး။ ၂၀၀၉ နှစ်ဆန်းပိုင်းမှာ သူ့ရဲ့ ဥက္ကဋ္ဌရာထူးကို လှုပ်ခတ်စေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ခြိမ်းခြောက်တဲ့ သူကတော့ တခြားသူမဟုတ်ပါဘူး။ ယခင်ဥက္ကဋ္ဌဟောင်း ဖလော်ရင်တီနိုပီရက်ဇ်ပဲ ဖြစ်ပါတယ်။ ပီရက်ဇ်ဟာ ၂၀၀၉ နွေရာသီမှာပြုလုပ်မယ့် ရီးယဲလ်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံဖို့ စီစဉ်နေပြီး သူ့ဘက်ကအင်အား တောင့်တင်းအောင်လည်း နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပါတယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းကစပြီး စပိန်ဘောလုံးလောကမှာ သြဇာရှိတဲ့သူ တချို့ဟာ လက်ရှိလုပ်ကိုင်နေတဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေကနေထွက်ပြီး ပီရက်ဇ်နဲ့ မဟာမိတ်ဖွဲ့ကာ ရီးယဲလ်အသင်းမှာ တာဝန်ယူဖို့စီစဉ်နေကြပြီ ဖြစ်ပါတယ်။ စပိန်ဘောလုံးလောကမှာ ခြေတံလက်တံရှည်တဲ့ ပီရက်ဇ်ကို ရွေးကောက်ပွဲမှာ အနိုင်မရနိုင်ဘူးဆိုတာ ကယ်လ်ဒါရွန်တစ်ယောက် သူ့ရဲ့အတွေ့အကြုံအရ သိနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ အရှုံးပေးတာထက် စောစောစီးစီး ရာထူးကနုတ်ထွက်တာက အကောင်းဆုံးလို့ ဆုံးဖြတ်ပြီး ရီးယဲလ်ဥက္ကဋ္ဌရာထူးကို ၂၀၀၉ ဇန်န၀ါရီလမှာ စွန့်လွှတ်လိုက်ပါတယ်။ သူ ဒီလိုရာထူးစွန့်တာတောင် သူ့အပေါ်စွပ်စွဲမှုတွေများစွာရှိခဲ့ပြီး ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ ကယ်လ်ဒါရွန်ဟာ ရီးယဲလ်ဥက္ကဋ္ဌလုပ်နေစဉ်ကာလအတွင်း ကလပ်အသင်းမှာ စာရင်းဇယားအတုတွေ၊ လက်မှတ်ရောင်းချရာမှာ မသမာမှုတွေပြုလုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြောင်း စွပ်စွဲခဲ့ကြသလို၊ ဒီဥက္ကဋ္ဌရာထူးကို ရယူခဲ့စဉ်တုန်းကလည်း မဲလိမ်မှုတွေရှိခဲ့တယ်လို့ ပီရက်ဇ်ရဲ့ အပေါင်းအပါတွေက စွပ်စွဲခဲ့တာပါ။ ဒါပေမဲ့ စွပ်စွဲမှုတွေဟာ တရားရုံးကို ရောက်မလာခဲ့ဘဲ ကယ်လ်ဒါရွန်ရဲ့ ငြင်းဆန်ခြင်းတွေနဲ့အတူ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါတယ်။

■ ဖာဂူဆန်ရဲ့ဒေါသ
ရီးယဲလ်အသင်းကနေ ဥက္ကဋ္ဌကယ်လ်ဒါရွန် နုတ်ထွက်သွားသည့်တိုင် စီရော်နယ်လ်ဒိုရဲ့ ရီးယဲလ်အပြောင်းအရွှေ့သတင်းတွေက ရပ်တန့်မသွားဘဲ ပိုပြီးသာကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့အတွက် မန်ယူအသင်းနဲ့ ရီးယဲလ်အသင်းကြား အကြိုသဘောတူစာချုပ်ချုပ်ဆိုထားပြီဆိုတဲ့ သတင်းကိုလည်း စပိန်မီဒီယာတွေက အကျယ်တ၀င့်ဖော်ပြနေကြပါတယ်။ စပိန်နာမည်ကြီးရေဒီယို El Larguero ရဲ့ နာမည်ကြီးအစီအစဉ်တင်ဆက်သူ ဟိုဆေးရေမွန်ဒါလာမိုရီနာက စီရော်နယ်လ်ဒိုအကြောင်း အစီအစဉ်တစ်ခုပြုလုပ်ခဲ့ပြီး ရီးယဲလ်နဲ့ မန်ယူနှစ်သင်းကြား အကြိုစာချုပ်ချုပ်ဆိုထားပြီဆိုတာကို အတိအလင်းအသေးစိတ်ပြောကြားခဲ့တာပါ။ သူ့ရဲ့ပြောဆိုမှုကို စပိန်မီဒီယာတွေက ပြန်လည်ကိုးကားဖော်ပြကြပြီး ဒီလိုသတင်းတွေ ထွက်ပေါ်နေတာက မန်ယူနည်းပြ ဖာဂူဆန်နဲ့ မန်ယူအသင်းတာဝန်ရှိသူတွေကို အလွန်ပဲဒေါသထွက်စေခဲ့ပါတယ်။

အထူးသဖြင့် ဖာဂူဆန်အနေနဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ပြန်ပြီးထိန်းသိမ်းရမယ့် ၂၀၀၈-၀၉ ဘောလုံးရာသီမှာ ကစားသမားတွေရဲ့ အပြောင်းအရွှေ့သတင်းတွေ လှုပ်ခတ်တာကို လုံးဝအလိုမရှိတာပါ။ ဒီလိုသတင်းတွေ လှုပ်ခတ်ခြင်းဟာအသင်းမှာမတည်ငြိမ်မှုတွေဖြစ်ပေါ်စေပြီး ကွင်းထဲကခြေစွမ်းကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ နည်းပြအတွေ့အကြုံရင့်နေတဲ့ ဖာဂူဆန်က ကောင်းကောင်းကြီးသိနေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စီရော်နယ်လ်ဒို မန်ယူအသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ မီဒီယာတွေကို ဖာဂူဆန်က ပြောကြားခဲ့ပြီး သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကို ဖုံးဖိခဲ့တာပါ။ ဒါပေမဲ့ အင်္ဂလန်မှာ ဖာဂူဆန်ကရှေ့ကဖုံး၊ စပိန်မှာ ရီးယဲလ်အသင်းက နောက်ကဖော်နေလို့ မန်ယူအသင်း တာဝန်ရှိသူတွေလည်း အတော်အကျပ်ရိုက်နေပါတယ်။ ဒီလိုသတင်းတွေထွက်ပေါ်လာပြီး ဖာဂူဆန် ဒေါသအလွန်ထွက်နေတယ်လို့ ကြားသိရတာကြောင့် ရီးယဲလ်အသင်းအမှုဆောင်ချုပ် ဟိုဆေးအိန်ဂျယ်ဆန်းချက်ဇ်နဲ့ အေးဂျင့်မန်ဒက်စ်တို့ဟာ ဖာဂူဆန်ဆီဖုန်းဆက်ပြီး မီဒီယာတွေကို သူတို့ ဘာမှမပြောခဲ့ဘူးလို့ ပြောကြားကာ ဖာဂူဆန်ရဲ့ ဒေါသပြေလျော့အောင် နှစ်သိမ့်ခဲ့ကြပါတယ်။

စပိန်သတင်းစာတွေအပါအ၀င် စပိန်မီဒီယာများစွာက စီရော်နယ်လ်ဒို စပိန်မြေကိုရောက်လာတော့မယ်လို့ လိုလိုလားလားဖော်ပြနေပေမယ့် တချို့သူတွေကလည်း စီရော်နယ်လ်ဒိုရောက်လာမှာကို မလိုလားတဲ့သဘော ပြောခဲ့ကြပါတယ်။ စပိန်ဘောလုံးလောကရဲ့ သြဇာရှိသူတစ်ဦးဖြစ်သူ အက်ဒွါဒိုဖာနန်ဒက်ဇ်က ရီးယဲလ်အသင်းအနေနဲ့ စီရော်နယ်လ်ဒိုကို ခေါ်ယူမယ့်အစား စပိန်လက်ရွေးစင်ကစားသမားနှစ်ယောက်လောက်ကို ခေါ်ယူသင့်ကြောင်း၊ ရီးယဲလ်အသင်းမှာ စပိန်ကစားသမားတွေ နည်းပါးပြီး ပြည်ပကစားသမားတွေများပြားနေကြောင်း၊ ကစားသမားတစ်ဦးတည်းအတွက် ယူရိုသန်း (၁၀၀)နီးပါးလောက် ပုံအောအသုံးမပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

■ စီရော်နယ်လ်ဒိုရဲ့ နောက်ဆုံးရာသီ
၂၀၀၈-၀၉ ဘောလုံးရာသီက စီရော်နယ်လ်ဒိုရဲ့ မန်ယူနောက်ဆုံးရာသီဖြစ်ခဲ့ပြီး သူ့အနေနဲ့ ဒီရာသီမှာ အလိုမကျစရာတွေများပြားခဲ့ပါတယ်။ ပထမဆုံး သူ့ရဲ့ဒဏ်ရာအခြေအနေပါပဲ။ ၂၀၀၈ မတ်လကတည်းက သူ့ရဲ့ ညာဘက်ခြေထောက်မှာ ဒဏ်ရာပြဿနာရှိနေပြီး ရာသီအဆုံးသတ်ပိုင်းဖြစ်လို့ ခွဲစိတ်ကုသမှုမပြုလုပ်ဘဲ ရေတိုနည်းတွေနဲ့ ကုသကာ အသင်းကို အောင်မြင်မှုတွေရအောင် ကြိုးစားကစားပေးခဲ့ပါတယ်။ ဒဏ်ရာပြဿနာရှိတဲ့ကြားက အသင်းမှာ သူကြိုးစားကစားခဲ့ပြီး မန်ယူအသင်းက ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားတွေရခဲ့သလို၊ သူကိုယ်တိုင်လည်း သွင်းဂိုးများစွာနဲ့ တစ်ဦးချင်းအောင်မြင်မှုတွေ များစွာရခဲ့လို့ ၂၀၀၇-၀၈ ရာသီက သူပေးဆပ်ခဲ့ရတာ တန်တယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ နောက်ရာသီအစမှာတော့ ဒဏ်ရာအခြေအနေက တော်တော့်ကိုဆိုးရွားလာပါတယ်။ ယူရို-၂၀၀၈ ကွာတားဖိုင်နယ် ပေါ်တူဂီ-ဂျာမနီပွဲမှာ ဂျာမနီနောက်ခံလူ အာနီဖရိုင်းဒရစ်ခ်ျကလည်း သူ့ရဲ့ဒဏ်ရာပိုဆိုးရွားအောင် တက်နင်းခဲ့ပါသေးတယ်။ ဒါကြောင့် ဒဏ်ရာကို မခွဲလို့မရတဲ့ အခြေအနေဖြစ်လာပြီး ဒတ်ခ်ျလူမျိုး အထူးကုဆရာဝန် နီကိုးလက်စ်ဗန်ဒိုက်နဲ့ ခွဲစိတ်ခဲ့ရပါတယ်။ ဒီခွဲစိတ်မှုဟာ သူ့ကို ဘောလုံးကစားခြင်းနဲ့ (၆) ပတ်ကြာမျှ ဝေးကွာစေခဲ့ပါတယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းမှာတော့ ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုရရှိခဲ့ပြီး သူနဲ့အပြိုင် ဖြစ်လာတော့မယ့် မက်ဆီထက် နှစ်ဆနီးပါးများပြားတဲ့ရမှတ်နဲ့ နံပါတ်(၁)နေရာကို ရရှိခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ စီရော်နယ်လ်ဒိုဟာ ဥရောပအကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကိုလည်းရရှိခဲ့ပြီး ၁၉၆၈ မှာရရှိခဲ့တဲ့ မြောက်အိုင်ယာလန်တိုက်စစ်မှူး ဂျော့ခ်ျဘတ်စ်အပြီး နှစ်ပေါင်း (၄၀)အကြာမှာ ပထမဆုံးရရှိတဲ့ မန်ယူကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်အတွင်း မန်ယူအသင်းကို မစွန့်ခွာမီ စီရော်နယ်လ်ဒိုဟာ လူ့ဘ၀ကိုပါ စွန့်ခွာရတော့မယ့် ထိတ်လန့်စရာ အခြေအနေတစ်ခုနဲ့ ကြုံတွေ့ခဲ့ပါသေးတယ်။ အဲဒါကတော့ မန်ချက်စတာမြို့၊ ၀င်မ်စလိုးနားမှာရှိတဲ့ ဥမင်လှိုဏ်ခေါင်းတစ်ခုထဲမှာ သူ့ရဲ့အနီရောင် 599 GTB Fiorano ဖာရာရီကားဟာ နံရံကို အရှိန်နဲ့ ၀င်တိုက်မိခဲ့ပြီး ကားရဲ့ရှေ့ပိုင်းတစ်ခုလုံး စုတ်ပြတ်သွားခဲ့တာပါ။ သူဖြစ်တဲ့ပုံစံက ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာစီးလာတဲ့ကား ပါရီမြို့၊ ဥမင်လှိုဏ်ခေါင်းထဲမှာဖြစ်သလို ပုံစံမျိုးဖြစ်ပြီး ကားထဲပါလာသူတွေပါ အသက်ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ စီရော်နယ်လ်ဒိုဟာ ဒီမတော်တဆမှုမှာ ဘာဒဏ်ရာမှမရဘဲ ရှိခဲ့ပါတယ်။

၂၀၀၈-၀၉ ဘောလုံးရာသီမှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး လိဂ်ဖလားလည်း ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဖလားကိုပြန်ပြီးရယူဖို့ လက်တကမ်းအလို ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲမှာတော့ ဂွါဒီယိုလာနဲ့ မက်ဆီတို့ရဲ့ ဘာစီလိုနာကို မန်ယူအသင်းဟာ ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ပြီး ၁၉၉၀ နောက်ပိုင်းချန်ပီယံလိဂ်ဖလား ပထမဆုံးပြန်ပြီးထိန်းသိမ်းနိုင်မယ့် အသင်းဂုဏ်ပုဒ်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒီဗိုလ်လုပွဲမှာ စီရော်နယ်လ်ဒိုကို ဘာစီလိုနာ နောက်ခံလူတွေဖြစ်တဲ့ ပီကေး၊ ပူယိုးလ်တို့က ထိန်းချုပ်နိုင်ခဲ့ပြီး သူ့အတွက်ကစားရခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲဟာ မန်ယူအသင်းရဲ့ဝတ်စုံကို ၀တ်ဆင်တဲ့ သူ့ရဲ့နောက်ဆုံးပွဲလည်းဖြစ်ခဲ့ပါတယ်။

၂၀၀၈-၀၉ ရာသီမှာ စီရော်နယ်လ်ဒိုဟာ ပြိုင်ပွဲစုံသွင်းဂိုး (၂၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကထက် (၁၄)ဂိုးလျော့နည်းခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ မန်ယူအသင်းကို သူစွန့်ခွာရတော့မယ်ဆိုတဲ့ အသိတစ်ခုဝင်လာခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီး ရောမမြို့မှာ မန်ယူအသင်းသားတွေ ညစာစားခဲ့ရာမှာ စီရော်နယ်လ်ဒိုဟာ အသင်းဖော်တွေကို တစ်ဦးချင်းလိုက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ အသင်းဖော်တွေလည်း စိတ်မကောင်းပေမယ့် နောက်ခံလူ ဂယ်ရီနဗီးလ်က အပျော်သဘောနဲ့ ” အဲဒီ (ရီးယဲလ်မက်ဒရစ်) မှာ မင်းဘယ်လောက်ကောင်းနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ ” လို့ စိန်ခေါ်သလိုလိုပြောလိုက်ပါတယ်။ စီရော်နယ်လ်ဒိုကလည်း သူ့ရဲ့စီနီယာကစားသမားကြီးကို ကြက်ခေါင်းဆိတ်မခံ ချက်ချင်းစကား ပြန်ပက်လိုက်ပါတယ်။ ” ခင်ဗျားတို့အားလုံး ကျွန်တော့်ကို လွမ်းနေကြမှာပါ။ နဗီးလ်ရာ၊ ကျွန်တော် ဘာဖြစ်လို့ ခင်ဗျားရဲ့စကားကို နားထောင်ရမှာလဲ။ ကျွန်တော်က ခင်ဗျားလိုမဟုတ်ဘူး။ ခင်ဗျားကတော့ အားလပ်ရက်တောင် မန်ယူအသင်းကနေ တစ်ဖ၀ါးမှခွာချင်တဲ့ လူမျိုးမဟုတ်ဘူး ” လို့ စီရော်နယ်လ်ဒိုက ပြန်ပြောလိုက်ရာမှာ အားလုံးပွဲကျသွားခဲ့ပါတယ်။ ၂၀၀၉၊ ဇွန်လ (၁၁)ရက်နေ့မှာ မန်ယူအသင်းဟာ စီရော်နယ်လ်ဒိုကို ရီးယဲလ်အသင်းထံ ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀) (ထိုစဉ်က ယူရို ၉၄ သန်း)နဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီး စီရော်နယ်လ်ဒိုလည်း ကမ္ဘာ့ကြေးအကြီးဆုံး ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မန်ယူအသင်းမှာ သူကစားခဲ့တဲ့ (၆) ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား (၃)လုံး၊ ချန်ပီယံလိဂ်ဖလား (၁) လုံး၊ FA ဖလား (၁)လုံး၊ လိဂ်ဖလား (၂)လုံး၊ ဖီဖာ ကလပ်ကမ္ဘာ့ဖလား (၁)လုံး ရယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ပွဲကစားမှုမှတ်တမ်းက ပြိုင်ပွဲစုံ (၂၉၂)ပွဲ၊ သွင်းဂိုးစုစုပေါင်း (၁၁၈) ဂိုး ရှိခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်

Photos: AP,Gettyimages,PA,FIFA,Man Utd,Daily Mail,Mirror,The Sun …