■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၉)

■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၉)
Published 14 September 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

■ အခန်း (၅)
■ သပွတ်အူလို ရှုပ်ထွေးတဲ့ ရီးယဲလ်အပြောင်းအရွှေ့
၂၀၀၇-၀၈ ဘောလုံးရာသီမှာ စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးခဲ့ပြီး သူကိုယ်တိုင်လည်း အဲဒီရာသီမှာတစ်ဦးချင်းထူးချွန်ဆုများစွာ ရရှိခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေမရခင်ကတည်းက ရီးယဲလ်မက်ဒရစ်အသင်းကို သူပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၀၆ကမ္ဘာ့ဖလားမှာ စီရော်နယ်လ်ဒိုနဲ့ ရွန်နီပြဿနာတက်စဉ်က တည်းက ရီးယဲလ်မက်ဒရစ်အသင်းကို သူပြောင်းတော့မယ်လို့ မီဒီယာတွေကဖော်ပြခဲ့ကြသလို ရီးယဲလ်အသင်းကိုယ်တိုင်ကလည်း စီရော်နယ်လ်ဒိုကိုခေါ်ဖို့ စိတ်ဝင်တစားရှိခဲ့ပါတယ်။ ၂၀၀၇ခုနှစ်တစ်ခုလုံး အားကစားစာမျက်နှာတွေပေါ်မှာ ရီးယဲလ်နဲ့ စီရော်နယ်လ်ဒိုရဲ့သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့သလို ၂၀၀၈ခုနှစ်မှာတော့ စီရော်နယ်လ်ဒိုရဲ့မိခင်ဒိုလိုရက်စ်ရဲ့ လုပ်ရပ်ကြောင့် ဒီသတင်းတွေကပိုပြီး ကြီးမားကျယ်ပြန့်လာပါတယ်။

■ မိခင်ဒိုလိုရက်စ်ရဲ့ ဆန္ဒ
စီရော်နယ်လ်ဒိုရဲ့ဘဝမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်လို့သတ်မှတ်နိုင်တဲ့ ဒိုလိုရက်စ်က ၂၀၀၈ ဇန်နဝါရီလထဲမှာ စပိန်သတင်းစာ AS နဲ့တွေ့ဆုံပြီး " ကျွန်မအင်္ဂလန်ကလပ်အသင်းတွေကို လုံးဝမကြိုက်ပါဘူး။ ကျွန်မ မသေခင် ကျွန်မသားလေး ရီးယဲလ်မက်ဒရစ်အသင်းမှာကစားတာ မြင်သွား ချင်ပါတယ် "လို့ပြောခဲ့တာပါ။ အဲဒီတုန်းက စီရော်နယ်လ်ဒိုမျက်နှာနဲ့ ရီးယဲလ်ကစားသမားတစ်ဦး ခန္ဓာကိုယ်ပေါင်းစပ်ထားတဲ့ ရုပ်ပုံကို ဒိုလိုရက်စ်က ကိုင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ ဒီပုံဟာ ကမ္ဘာ့အားကစားမီဒီယာတွေမှာပျံ့နှံ့သွားပြီး ရီးယဲလ်မက်ဒရစ်နဲ့ စီရော်နယ်လ်ဒိုရဲ့သတင်းတွေက စာမျက်နှာတွေပေါ် မမြင်ချင်အဆုံးဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒိုလိုရက်စ်ဟာ ရင်သားကင်ဆာဝေဒနာခံစားနေရပြီး သူမရဲ့ကျန်းမာရေးအခြေအနေနဲ့ ကိုင်ပေါက်ပြီး စီရော်နယ်လ်ဒိုရဲ့ အနာဂတ်ကို တစ်ဆစ်ချိုးဖို့ကြိုးစားခဲ့တာပါ။

ရီးယဲလ်မက်ဒရစ်အသင်းကလည်း စီရော်နယ်လ်ဒိုအတွက်ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၁၂၀)လောက်အထိ အသုံးပြုဖို့ အသင့်ရှိနေခဲ့ပါတယ်။ မန်ယူအသင်းဟာ စီရော်နယ်လ်ဒိုကို ၂၀၀၇ခုနှစ်၊ ဧပြီလမှာ စာချုပ်သက်တမ်းတိုးခဲ့ပြီး ဒီစာချုပ်အရ စီရော်နယ်လ်ဒိုဟာ ၂၀၁၂ ခုနှစ်အထိ မန်ယူအသင်းမှာ ရှိနေရမှာဖြစ်ပါတယ်။ သူ့ရဲ့ လစာငွေကလည်း ပေါင်(၅၀၀၀၀)ကနေ ပေါင် (၁၁၉၀၀၀)အထိ တိုးမြင့်ရရှိခဲ့ပါတယ်။ ဒီစာချုပ်မှာပါဝင်တဲ့ အသင်းကသူထွက်မယ်ဆိုရင် ပေးရမယ့်လျော်ကြေး (Buy-Out Clause)က ယူရို (၇၅)သန်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌဖြစ်နေတဲ့ ရေမွန်ကယ်လ်ဒါရွန်ဟာ စီရော်နယ်လ်ဒိုကိုခေါ်ဖို့ အတော်ကိုစိတ်ဆန္ဒပြင်းပြခဲ့ပြီး အသင်းအမှုဆောင်ချုပ်ဟိုဆေးအိန်ဂျယ်လ်ဆန်းချက်ဇ်ကို စီရော်နယ်လ်ဒိုကိုအရခေါ်ယူဖို့ ဖိအားတွေပေးခဲ့ပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ ၂၀၀၃ ခုနှစ်ကတည်းက စပို့တင်းလစ္စဘွန်းမှာကစားနေတဲ့ စီရော်နယ်လ်ဒိုကိုခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ပြီး မန်ယူအသင်းက ခြေမြန်လက်မြန်ခေါ်သွားလို့ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ သူ့ရှေ့ကဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်လက်ထက်မှာ မခေါ်ယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုကို သူ့လက်ထက်မှာ ခေါ်ယူနိုင်ဖို့ ကယ်လ်ဒါရွန်ကဆန္ဒပြင်းပြခဲ့တာပါ။ ဒါကြောင့် သူ ဥက္ကဋ္ဌဖြစ်လာတဲ့ ၂၀၀၆၊ ဇူလိုင် နောက်ပိုင်း ရီးယဲလ်အသင်းဟာ စီရော်နယ်လ်ဒိုကို တောက်လျှောက်ပစ်မှတ်ထားခဲ့ပြီး ရီးယဲလ်- စီရော်နယ်လ်ဒိုဇာတ်လမ်းတွေက အတောမသတ်နိုင်အောင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ဇန်နဝါရီလကတည်းက ရီးယဲလ် အမှုဆောင်ချုပ်ဆန်းချက်ဇ်နဲ့ စီရော်နယ်လ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်တို့တွေ့ဆုံပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြဖူးပါတယ်။ စီရော်နယ်လ်ဒိုကို လက်လွှတ်ဖို့ လုံးဝဆန္ဒမရှိတဲ့ ဖာဂူဆန်က ရီးယဲလ်မက်ဒရစ်နဲ့ပတ်သက်ပြီး မီဒီယာတွေကို တစ်ခွန်းမှမဟဖို့ စီရော်နယ်လ်ဒိုကို သတိပေးထားခဲ့ဖူးပါတယ်။ " ရီးယဲလ်အသင်းက ကျွန်တော့်ကိုခေါ်ချင်တာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ရီးယဲလ်နဲ့ပတ်သက်ပြီး ကျွန်တော်ဘာ တစ်ခွန်းမှပြောလို့မရပါဘူး။ ကျွန်တော့်ကို ဆာအဲလက်စ်ဖာဂူဆန်နဲ့ ကွီရော့ဇ်(မန်ယူလက်ထောက် နည်းပြ)တို့က ရီးယဲလ်နဲ့ပတ်သက်ပြီး မီဒီယာတွေကို ဘာမှမပြောဖို့ပိတ်ပင်ထားပါတယ် " လို့ စီရော်နယ်လ်ဒိုက ဝန်ခံခဲ့ဖူးပါတယ်။

စီရော်နယ်လ်ဒိုဟာ ရီးယဲလ်နဲ့ပတ်သက်ပြီး ဖာဂူဆန်တားမြစ်ထားလို့ မပြောခဲ့ပေမယ့် ရီးယဲလ်မှာ သူကစားချင်ကြောင်း မီဒီယာတွေကို ပါးပါးလေးအသိပေးခဲ့ဖူးပါတယ်။ ၂၀၀၇၊ မတ်လအတွင်းမှာ စီရော်နယ်လ်ဒိုက " ကျွန်တော် စပိန်မှာကစားချင်တာ အားလုံးသိပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာကစားနိုင်ဖို့ ကျွန်တော်ကြိုးစားသွားမှာပါ။ လောလောဆယ်မှာတော့ ကျွန်တော် မန်ယူမှာပဲ ပျော်ရွှင်နေပါတယ် " လို့ ပြောခဲ့တာပါ။ ၂၀၀၇-၀၈ ဘောလုံးရာသီအပြီးမှာ ယူရို-၂၀၀၈ ပြိုင်ပွဲကစားဖို့ရှိနေပြီး ကလပ်အသင်းနဲ့ ခဏတာဝေးကွာနေမယ့် ကစားသမားကို ခေါ်ယူဖို့ကြိုးစားရာမှာ ဒီအချိန်ဟာ အကောင်းဆုံးပါပဲ။ ယူရို-၂၀၀၈ပြိုင်ပွဲကစားချိန်မှာ စီရော်နယ်လ်ဒိုရဲ့အသက်ဟာ(၂၃)နှစ်အရွယ်ရှိနေပြီး သူ့ရဲ့အကောင်းဆုံးအချိန်နဲ့ အတောက်ပဆုံးအနာဂတ်ကိုပိုင်ဆိုင်ထားသလို ကစားသမားတစ်ဦးအတွက် ဒီအရွယ်ဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ စွမ်းရည်သတ္တိတွေ ပြည့်ဝနေတဲ့အချိန်မျိုးပါ။ ကမ္ဘာအရပ်ရပ်က ကစားသမားအစုံကိုကိုင်တွယ်ဖူးပြီး အတွေ့အကြုံရင့်ကျက်နေတဲ့ မန်ယူနည်းပြဖာဂူဆန်ဟာ စီရော်နယ်လ်ဒိုကို ထိန်းသိမ်းဖို့ခက်ခဲလာပြီဆိုတာသိခဲ့ပါတယ်။ ခြေမငြိမ်တဲ့ ပေါ်တူဂီကစားသမားတွေအကြောင်းကိုသိတဲ့ ဖာဂူဆန်ရဲ့လက်ထောက်နည်းပြ ကားလို့စ်ကွီရော့ဇ်ကလည်း မီဒီယာတွေကို အခုလိုပြောခဲ့ပါတယ်။ " စီရော်နယ်လ်ဒိုကို (၅)နှစ်လောက်အသင်းမှာ ထိန်းထားနိုင်ရင်တော့ ဒါဟာရွှေတံဆိပ်ဆုရသလို အကောင်းဆုံးစွမ်းဆောင်နိုင်တယ်လို့ ဆိုရမှာပဲ။ အသက် (၁၇)နှစ်အရွယ်မှာ ပြည်ပနိုင်ငံတစ်နိုင်ငံကိုရောက်တဲ့ ပေါ်တူဂီကစားသမားတစ်ဦးအနေနဲ့ အဲဒီအသင်းမှာ (၅)နှစ်ထက်ကျော်ပြီး ကစားတာ အစဉ်အလာလုံးဝမရှိခဲ့ဘူး "လို့ ကွီရော့ဇ်ကဆိုခဲ့တာပါ။ ၂၀၀၃ခုနှစ် နွေရာသီမှာ စပို့တင်းလစ္စဘွန်းကနေ မန်ယူကိုရောက်လာတဲ့ စီရော်နယ်လ်ဒိုအနေနဲ့ ယူရို-၂၀၀၈ပြိုင်ပွဲမှာ ပါဝင်ကစားချိန်မှာတော့ သူ့ရဲ့မန်ယူကစားသမားဘဝသက်တမ်းဟာ (၅)နှစ်ရှိနေပြီဖြစ်ပါတယ်။

■ စီရော်နယ်လ်ဒိုရဲ့အိပ်မက်
ယူရို-၂၀၀၈ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ တူရကီ၊ ချက်၊ ပူးတွဲအိမ်ရှင်ဆွစ်ဇာလန်အသင်း တွေရဲ့အထက် အုပ်စုဗိုလ်နေရာမှာ ရပ်တည်ခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကွာတားဖိုင်နယ်မှာတော့ ဂျာမနီအသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ ယူရိုပွဲစဉ်တွေအပြီး ကစားသမားတွေနဲ့ မီဒီယာတွေ တွေ့ဆုံတဲ့ Mixed Zone မှာ စီရော်နယ်လ်ဒိုကို အားကစားဂျာနယ်လစ်တွေက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ စုပြုံမေးမြန်းကြပြီး ဒီအထဲမှာ ဒီစာအုပ်ရေးသားသူ စပိန်လူမျိုးစာရေးဆရာ ဂွယ်လ်လမ်ဘာလာ ဂွယ်လည်းပါဝင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုက ဂျာမနီနဲ့ပွဲအပြီး Mixed Zone မှာ ဘာလာဂွယ်နဲ့ တွေ့ဆုံရာမှာတော့ " ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိပါတယ်။ စိတ်ကူးအိပ်မက်တိုင်းဟာလက်တွေ့မှာ အကောင်အထည်ပေါ်တာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒီတစ်ခုကိုတော့ ကျွန်တော်ဖြစ်အောင် လုပ်ပါမယ်။ ကျွန်တော့် အိပ်မက်ကဘာလဲဆိုတာ အားလုံးသိကြပါတယ် " လို့ ဖြေကြားခဲ့ပါတယ်။

ယူရို-၂၀၀၈အပြီးမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ စီရော်နယ်လ်ဒိုရဲ့ စာချုပ်ပါလျော်ကြေးကို ပေးချေပြီးခေါ်ယူတော့မယ်လို့ AS သတင်းစာက အတိအလင်းဖော်ပြခဲ့တာကြောင့် မန်ယူနည်းပြဖာဂူဆန်အနေနဲ့ စီရော်နယ်လ်ဒိုကိုဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားရပါတော့တယ်။ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားတွေဆွတ်ခူးပြီး အောင်မြင်မှုများစွာရခဲ့တဲ့ စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၀၈ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရနိုင်တယ်လို့ သူ့ရဲ့ နည်းပြအတွေ့အကြုံ၊ ဝါသမ္ဘာအရ ဖာဂူဆန်ဟာ ကြိုသိနေပါတယ်။ မန်ယူအသင်းမှာ သာမက အင်္ဂလန်နိုင်ငံမှာပါ ဖီဖာကမ္ဘာ့အကောင်းဆုံးက စားသမားဆုကိုရဖူးတဲ့ ကစားသမားတစ်ဦးတစ်ယောက်မှ မရှိသေးပါဘူး။ သမိုင်းတွင်မယ့် ဒီလိုကစားသမားမျိုးကို လုံးဝလက်လွှတ်မခံဖို့ ဖာဂူဆန်က ကြိုပြီးဆုံးဖြတ်ထားခဲ့တာပါ။ ဒါကြောင့် ယူရို-၂၀၀၈ ပြိုင်ပွဲအပြီး ရက်အနည်းငယ်အကြာမှာပဲ စီရော်နယ်လ်ဒို မန်ယူအသင်းကို ပြန်လာတာမစောင့်ဘဲ သူ့ကိုတွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စပိန်မီဒီယာတွေကလည်း စီရော်နယ်လ်ဒိုဟာ မန်ယူကိုပြန်လာတော့မှာမဟုတ်ကြောင်း၊ ၂၀၀၈-၀၉ဘောလုံးရာသီမစမီ ရီးယဲလ်ကိုရောက်ရှိလာမှာဖြစ်ကြောင်း အမျိုးမျိုးရေးသားခဲ့ကြပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်နာမည်ကြီးသတင်းစာ Marca ကိုအသုံးချပြီး စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းတွေလှုပ်ခတ်အောင် ထင်ကြေးသတင်းတွေ၊ ဖန်တီးသတင်းတွေ အမျိုးမျိုးရေးသားစေခဲ့တယ်လို့လည်း မန်ယူအသင်းတာဝန်ရှိသူတွေက စွပ်စွဲခဲ့ပါတယ်။ တကယ့်လက်တွေ့မှာလည်း စပိန်မီဒီယာတွေက ရီးယဲလ်ကို စီရော်နယ်လ်ဒိုရောက်အောင် ပြင်ပမှာအမှန်တကယ်ဖြစ်ပေါ်နေတာတွေထက် သာသာထိုးထိုးဖော်ပြကြပြီး ယူရို-၂၀၀၈ပြိုင်ပွဲ ပြီးပြီးချင်းစီရော်နယ်လ်ဒို ရီးယဲလ်ကိုအိတ်ဆွဲပြီးပဲလာတော့မယောင် ရေးသားခဲ့ကြပါတယ်။

■ ဖာဂူဆန်ရဲ့ ပေါ်တူဂီစည်းရုံးရေးခရီး
ဒါကြောင့်ဖာဂူဆန်ဟာ ယူရိုပြိုင်ပွဲအပြီး ပေါ်တူဂီကိုပြန်ရောက်နေတဲ့ စီရော်နယ်လ်ဒိုနဲ့ တွေ့ဖို့ လစ္စဘွန်းမြို့ကို ခရီးနှင်ရပြန်ပါတယ်။ ဒါဟာ စီရော်နယ်လ်ဒိုကို မဆုံးရှုံးရစေဖို့ ပေါ်တူဂီမြေကို သွားရောက်ပြီး ကြိုးစားရတဲ့ ဖာဂူဆန်ရဲ့ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတုန်းကလည်း မန်ယူကထွက်တော့မယ်လို့ သတင်းပြေးနေတဲ့ စီရော်နယ်လ်ဒိုကို မန်ယူမှာဆက်ကစားဖို့ ပေါ်တူဂီအထိသွားပြီး ဖာဂူဆန်က စည်းရုံးခဲ့ရတာပါ။ မန်ယူအသင်းမှာ ကစားသမားတစ်ဦးကို အသင်းကမထွက်ဖို့ သူ့ရဲ့နိုင်ငံအထိ (၂)ကြိမ်တိုင်တိုင် သွားရောက်ကြိုးပမ်းတာ ဖာဂူဆန်ရဲ့ရာဇဝင်မှာ တစ်ခါမှမရှိခဲ့ဖူးဘဲ စီရော်နယ်လ်ဒိုနဲ့ကျမှ ဖာဂူဆန်ဟာ မိမိရဲ့နည်းပြဂုဏ်သိက္ခာ၊ အရှိန်အဝါတွေကိုမထောက်ထားဘဲ ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။ မန်ယူလက်ထောက်နည်းပြကားလို့စ်ကွီရော့ဇ်ရဲ့ လစ္စဘွန်းမြို့နေအိမ်မှာ ဖာဂူဆန်ဟာ စီရော်နယ်လ်ဒို၊ ကွီရော့ဇ်၊ အေးဂျင့်မန်ဒက်စ်တို့နဲ့အတူ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူ့အနေနဲ့ ၂၀၀၆ တုန်းကလိုပဲ စီရော်နယ်လ်ဒိုကို မန်ယူအသင်းမှာ ဆက်ကစားစေဖို့အတွက် အကောင်းဆုံး စည်းရုံးနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ သူ့အပေါ် အစစအရာရာကောင်းပြီး ဖခင်တစ်ဦးလိုဆက်ဆံတဲ့ ဖာဂူဆန်ရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့် မန်ယူမှာ ဆက်ကစားမယ်လို့ ကတိကဝတ်ပြုခဲ့ပေမယ့် ရီးယဲလ်အသင်းမှာ ကစားလိုတဲ့ သူ့ရဲ့ဆန္ဒကတော့ပျောက်ကွယ်မသွားဘဲ သူ့ရင်ထဲမှာ အညွန့်တလူလူတက်နေတဲ့ အပင်တစ်ခုလို ကြီးထွားနေဆဲဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌကယ်လ်ဒါရွန်ရဲ့ ဖိဖိစီးစီးချဉ်းကပ်ကြိုးပမ်းမှုတွေကိုလည်း မန်ဒက်စ်ကနေတစ်ဆင့် သူသိရှိနေပါတယ်။ သူ့အနေနဲ့ ရင်ထဲကအလိုဆန္ဒ၊ ဖာဂူဆန်အပေါ်အားနာမှု၊ ကယ်လ်ဒါရွန်ရဲ့ကြိုးပမ်းမှုအစ ရှိတာတွေအပေါ် စိတ်ရှုပ်ထွေးမှုများစွာနဲ့ လွန်ဆွဲနေပြီး သူ့ရဲ့အိပ်မက်တစ်ခု အကောင်အထည်ဖော်ဖို့လည်း ဆန္ဒပြင်းပြနေဆဲဖြစ်ပါတယ်။ မန်ယူမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ရီးယဲလ်အသင်းကသူ့အပေါ် စိတ်ပျက်သွားမှာလည်း အလွန်စိုးရိမ်နေခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၈၊ သြဂုတ်(၈)ရက်နေ့မှာ အေးဂျင့်မန်ဒက်စ်ကနေတစ်ဆင့် ရီးယဲလ်ဥက္ကဋ္ဌကယ်လ်ဒါရွန်ဆီ ဖုန်းခေါ်ပြီးဆက်သွယ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကယ်လ်ဒါရွန်ဟာ ရီးယဲလ်အသင်းနဲ့အတူ ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့ကို ခြေစမ်းကစားဖို့ ရောက်ရှိနေပါတယ်။ ဖုန်းလာလို့ ကယ်လ်ဒါရွန် ကိုင်လိုက်ချိန်မှာ " ဥက္ကဋ္ဌခင်ဗျား . . .၊ကျွန်တော် ကောင်လေး (စီရော်နယ်လ်ဒို)နဲ့ အတူရှိနေပါတယ်။ သူက ဥက္ကဋ္ဌကို ပြောစရာစကားရှိနေပါတယ် " ဆိုတဲ့ မန်ဒက်စ်ရဲ့အသံကို ကြားလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စီရော်နယ်လ်ဒိုရဲ့ တောင်းပန်စကားကို ကယ်လ်ဒါရွန်အရင်ဆုံး ကြားရပါတော့တယ်။ " ဥက္ကဋ္ဌ၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဒီနှစ်ထဲမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းဖို့အတွက် ကျွန်တော်တို့ (အေးဂျင့် ဖြစ်သူကိုဆိုလိုသည်)ဆွေးနွေးခဲ့ကြတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါဟာမဖြစ်နိုင်တော့ပါဘူး။ ဖာဂူဆန်က ကျွန်တော့်ကို အသင်းမှာဆက်နေဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဖာဂူဆန်၊ မန်ယူအသင်း၊ မန်ယူပရိသတ်တွေအပေါ် ကျေးဇူးဆပ်စရာတွေများစွာ ရှိနေပါတယ်။ ဖာဂူဆန်ဆိုရင်လည်း ကျွန်တော့်ရဲ့အဖေလိုပါပဲ။ ကျွန်တော် ဒီနှစ်အတွင်း ရီးယဲလ်ကိုလာ ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။ နောက်ရာသီမှပဲ ကျွန်တော်တို့ထပ်ပြီးစီစဉ်ကြတာပေါ့ " လို့ စီရော်နယ်လ်ဒိုက ပြောခဲ့တာပါ။

■ တစ်နှစ်ကြိုသဘောတူညီချက်
စီရော်နယ်လ်ဒိုဟာ ၂၀၀၈-၀၉ ဘောလုံးရာသီမှာ သူ့ရဲ့ကတိအတိုင်း မန်ယူအသင်းမှာပဲ ဆက်ကစားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ၂၀၀၈-၀၉ ဘောလုံးရာသီ မစတင်မီမှာပဲ မန်ယူအသင်းဟာ စီရော်နယ်လ်ဒိုကိုရောင်းချဖို့ ရီးယဲလ်အသင်းနဲ့ အကြိုသဘောတူညီမှုရယူခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာနှုတ်အားဖြင့်တောင်မဟုတ်ဘဲ စာထက်အက္ခရာတင်ပြီး နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။ ဒီအကြိုသဘောတူစာချုပ်ကို မန်ယူအသင်းရော၊ ရီးယဲလ်အသင်းပါ လုံးဝမထုတ်ပြန်ဘဲ နှစ်သင်းစလုံးရဲ့ လျှို့ဝှက်အကြောင်းအရာအဖြစ်သာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အတွင်းလူတစ်ဦးကနေတစ်ဆင့် ဒီစာချုပ်ရဲ့မိတ္တူကို ဒီစာအုပ်ရဲ့စာရေးဆရာဂွယ်လ်လမ်ဘာလာဂွယ်က တွေ့ရှိခဲ့ပါတယ်။ ဒီအကြိုသဘောတူစာချုပ်မှာ ၂၀၀၉ နွေရာသီမှစီရော်နယ်လ်ဒိုကို မန်ယူအသင်းက ရီးယဲလ်အသင်းထံရောင်းချဖို့ သဘောတူထားတာ ဖြစ်ပါတယ်။ ၂၀၀၉၊ ဇွန်လ (၃၀)ရက်နေ့မတိုင်မီ သူ့ရဲ့အပြောင်းအရွှေ့ ပြုလုပ်ရမှာဖြစ်ပြီး မန်ယူအသင်းက မရောင်းချခဲ့လျှင်သော်လည်းကောင်း၊ ရီးယဲလ်အသင်းက မခေါ်ယူခဲ့လျှင်သော်လည်းကောင်း ဖောက်ဖျက်တဲ့အသင်းက လျော်ကြေးယူရိုသန်း(၃၀)ပေးရမယ်ဆိုတဲ့အချက် ထည့်သွင်းထားကြောင်းသိရှိရပါတယ်။ ဒီအကြိုသဘောတူစာချုပ်တင်မကဘဲ နောက်ထပ်စာချုပ်နှစ်ခုကလည်း၂၀၀၈-၀၉ ဘောလုံးရာသီအတွင်း လျှို့ဝှက်အဖြစ်ရှိခဲ့ပါသေးတယ်။ တစ်ခုကတော့ ၂၀၀၈ နိုဝင်ဘာလမှာ မန်ယူအသင်းနဲ့ စီရော်နယ်လ်ဒိုချုပ်ဆိုတဲ့ စာချုပ်ဖြစ်ပြီး၊ ဒီစာချုပ်မှာ ၂၀၀၉ နွေရာသီအပြောင်းအရွှေ့ကာလရောက်ရင် စီရော်နယ်လ်ဒိုကို ရီးယဲလ်အသင်းထံ ပေါင်သန်း(၈၀)နဲ့ရောင်းချမယ်ဆိုတဲ့အကြောင်း ပြောင်းရွှေ့ကြေးအတိအကျနဲ့တကွ ပါရှိခဲ့ပါတယ်။ နောက်စာချုပ်တစ်ခုကတော့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ အကြိုသဘောတူစာချုပ်ဖြစ်ပြီး ဒီစာချုပ်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေကို အကြိုသဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Photos: AP,Gettyimages,PA,Man Utd,Daily Mail,Mirror,Zambio ...

Most Read

Most Recent