ဘာပေကို ကန်ရန်ကြိုးပမ်းခဲ့သည့် ပရိသတ်၏ လုပ်ရပ်ကြောင့် ဆဲလ်တစ်အသင်းအား UEFA စွဲချက်တင်

 

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ဆဲလ်တစ်နှင့် PSG အသင်းတို့၏ ချန်ပီယံလိဂ်ပွဲတွင် ကွင်းထဲသို့ ကျူးကျော်ဝင်ရောက်ကာ PSG တိုက်စစ်မှူး ဘာပေကို ကန်ရန် ကြိုးပမ်းခဲ့သည့် ဆဲလ်တစ်ပရိသတ်တစ်ဦး၏ လုပ်ရပ်ကြောင့် ၎င်းင်းတို့အသင်းအား UEFA က စွဲချက်တင်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ယင်းပွဲတွင် ပထမပိုင်းပွဲကစားချိန်အတွင်း ကာဗာနီက PSG အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူပြီးချိန်၌ ဆဲလ်တစ်အသင်းပရိသတ်တစ်ဦးသည် ကွင်းထဲသို့ ၀င်ရောက်၍ ဘာပေထံသို့ ပြေးလာပြီး ခြေထောက်ဖြင့်ကန်ရန် ကြိုးပမ်းခဲ့သော်လည်း ဘာပေက တိမ်းရှောင်ခဲ့၍ ထိခိုက်ခြင်းမရှိခဲ့ပေ။

အဆိုပါ ပရိသတ်ကို ကွင်းလုံခြုံရေးများက ဖမ်းဆီးခဲ့ပြီး ကွင်းပြင်သို့ဆွဲထုတ်ခဲ့ရသည်။ ယင်းပရိသတ်၏ လုပ်ရပ်အပေါ် ဆဲလ်တစ်အသင်းနည်းပြဘရန်ဒန်ရော်ဂျာက “တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ အဖြစ်အပျက်ပါ။ ကွင်းထဲကို ပရိသတ်ဝင်ရောက်တဲ့ဖြစ်ရပ်မျိုး ဘယ်သူမှ သဘောကျမှာမဟုတ်ပါဘူး။ အသင်းတာဝန်ရှိသူတွေအနေနဲ့ အဲဒီပရိသတ်ကို အရေးယူရမှာဖြစ်ပြီး ဒီလိုဖြစ်ရပ်မျိုး နောက်တစ်ခါ မမြင်တွေ့လိုပါဘူး”ဟု ပြောကြားခဲ့သည်။

Photo: ESPN

ဆဲလ်တစ်အသင်းသည် ယခင်ကလည်း ပရိသတ်များ ဆိုးသွမ်းသောင်းကျန်းမှုကြောင့် UEFA ၏ စွဲချက်တင်အရေးယူမှုနှင့် ရင်ဆိုင်ခဲ့ရဖူးကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့သည်။