ယူရိုပါလိဂ်ပွဲစဉ်အချို့ အကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ပွဲစဉ်အချို့ အကြိုသုံးသပ်ချက်
Published 14 September 2017

 

အာဆင်နယ် နှင့် ကိုလုံး
အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး ယူရိုပါလိဂ်ပြိုင်ပွဲကို ဘယ်လိုကစားသွားမလဲ စိတ်ဝင်စားစရာကောင်းနေပါတယ်။ အစောပိုင်းတုန်းက ယူရိုပါလိဂ်မှာ လူငယ်တွေကိုအခွင့်အရေးပေးမယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ ဖြစ်နိုင်ခြေရှိတာက ပရီးမီးယားလိဂ်အဓိကပြိုင်ဘက်အသင်း (၅)သင်းစလုံး ချန်ပီယံလိဂ်ဆင်နွှဲဖို့ ရှိနေချိန်မှာ အာဆင်နယ်အနေနဲ့ တခြားအသင်းတွေထက် ပိုအာရုံစိုက်ခွင့်ရှိနေတာကြောင့် ယူရိုပါလိဂ်ဘက်ကို အားထည့်ဖို့မသေချာပါဘူး။ ဒီပွဲပြီးရင်လည်း ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲ ကစားရဖို့ရှိနေလို့ အရံကစားသမားအများစုနဲ့ ပွဲထွက်လာနိုင်ခြေရှိပါတယ်။ ကိုလုံးကလည်း အခြေအနေမကောင်းပါဘူး။ ဘွန်ဒစ် လီဂါရာသီအဖွင့် (၃)ပွဲဆက်ရှုံးပြီး အမှတ်ပေးဇယားအောက်ဆုံးကို ရောက်သွားပါတယ်။ မိုဒက်စ်တေထွက်သွားတဲ့ တိုက်စစ်ပိုင်း မှာ ကော်ဒိုဘာ-အိုဆာကိုအတွဲ အလုပ်မဖြစ်လို့ ကိုလုံးအသင်း ရုန်းကန်နေရတာပါ။ အသင်းမှာ အရံအင်အားမတောင့်လို့ အခု ပွဲမှာ အမာခံတွေနဲ့ပဲ ပွဲထွက်လာဖို့များပါတယ်။ အာဆင်နယ် ဂိုးပြတ်ဖို့မဖြစ်နိုင်လောက်ဘူး။

အတ္တလန်တာ နှင့် အဲဗာတန်
ရိုးမား၊ နာပိုလီအသင်းတွေနဲ့ ဆက်တိုက်ကစားခဲ့ရလို့သာ အတ္တလန်တာအနေနဲ့ ရာသီအဖွင့်မကောင်းဘဲဖြစ်ခဲ့တာပါ။ စီး ရီးအေမှာ အသင်းကြီးတချို့ အင်အားပြန်တောင့်လာလို့ အတ္တလန်တာအနေနဲ့ပဲ ဥရောပပွဲတွေဘက်ကို ပိုအားစိုက်ကစားနိုင် ခြေရှိတယ်။ အဲဗာတန်ကတော့ ယူရိုပါလိဂ်ကို သိပ်အာရုံစိုက်ပုံ မပေါ်ဘူး။ အိမ်ရှင် အနိမ့်ဆုံး သရေပါပဲ။

သြစတြီးယားဝီအန်နှင့် အေစီမီလန်
သြစတြီးယားဝီအန်အသင်းက အေစီမီလန် ဖြတ်ကျော်ခဲ့တဲ့ ခရိုင်အိုဗာ၊ ရှက်ကန်ဒီယာအသင်းတို့ထက် များစွာတောင့်တင်းပါတယ်။ အေစီမီလန် လူအင်အားလည်းတောင့်ပြီး စိတ်ကြိုက်အပြောင်းအလဲလုပ်နိုင်ပေမယ့် ယူရိုပါလိဂ်အဝေးကွင်း ပွဲတွေဆို အားထုတ်မှုလျော့နည်းတတ်တာ သတိပြုရမှာပါ။ သြစတြီးယားဝီအန်နဲ့ပဲ စွန့်စားသင့်တယ်။

ဗီလာရီးယဲလ် နှင့် အက်စ်တာနာ
ဗီလာရီးယဲလ်အသင်း နောက်ပိုင်းကစားတဲ့ ယူရိုပါလိဂ် အိမ်ကွင်းပွဲတွေမှာတောင် ဂိုးပြတ်နိုင်ပွဲ အတော်လေးရှားပါးလာတယ်။ အသင်းတိုက်စစ်ပိုင်းကလည်း အားနည်းချက်ရှိနေတဲ့ အချိန်မျိုးမှာ သိပ်ပြီးမျှော်လင့်ချက်ထားလို့ မရဘူး။ အက်စ်တာနာကိုပဲ အရဲစွန့် ရွေးသင့်တယ်။

အပိုလွန်လီမာဆိုးလ်နှင့် လိုင်ယွန်
အပိုလွန်လီမာဆိုးလ်အသင်းမှာ အိမ်ကွင်းမှတ်တမ်းကောင်းတွေရှိခဲ့ပါတယ်။ ယူရိုပါလိဂ်အိမ်ကွင်းနောက်ဆုံး(၇)ပွဲမှာ (၅)ပွဲနိုင်၊ (၂)ပွဲသရေ ရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာပါ။ အုပ်စုအဖွင့်ပွဲဖြစ်လို့ အိမ်ရှင်အသင်းရဲ့ အဆုံးစွန်အထိ တုံ့ပြန်လာနိုင်မှုကြောင့် လိုင်ယွန် ဂိုးပြတ်ဖို့မလွယ်ဘူး။

ဗွီတက်ဆီ နှင့် လာဇီယို
ဗွီတက်ဆီအသင်းမှာ ချယ်လ်ဆီးကနေ အငှားချထားတဲ့ လူငယ်အများအပြားရှိပါတယ်။ ကစားသမားအင်အားမှာတော့ လာဇီယိုနဲ့ယှဉ်ရင် အဆင့်ချင်းအတော်လေးကွာပါတယ်။ ဒါပေမဲ့ လာဇီယို အဝေးကွင်းညံ့တတ်တာ ထည့်သွင်းစဉ်းစားရမယ်။ အိမ်ရှင်ကိုပဲ ကြိုက်တယ်။

မာဆေးလ် နှင့် ကွန်ယာစပေါ်
ကွန်ယာစပေါ်အသင်းက တူရကီမှာ အလယ်အလတ်အဆင့်လောက်ပဲရှိပေမယ့် ပြီးခဲ့တဲ့ရာသီက တူရကီဖလားကို ရယူခဲ့ပြီး အခုရာသီအဖွင့်မှာလည်း စူပါဖလားမှာ ဗိုလ်စွဲခဲ့ပါတယ်။ မာဆေးလ်ကလည်း အိမ်ကွင်းမှာ စိတ်ချရတဲ့အသင်းပါ။ ဒါပေမဲ့ မာဆေးလ် ဂိုးပြတ်နိုင်ဖို့များပါတယ်။

ဗာဒါ နှင့် ဇင်းနစ်
ဖီနာဘာချီလိုအသင်းကို (၂)ကျော့စလုံး အနိုင်ကစားပြီး အုပ်စုအဆင့်တက်ရောက်လာတဲ့ ဗာဒါရဲ့ခြေစွမ်းကို လျှော့တွက်လို့မရဘူး။ ဇင်းနစ်က ကစားသမားအင်အားပိုတောင့်လာပေမယ့် ရလဒ်ပိုင်း အတက်အကျမမှန်သလိုဖြစ်နေတယ်။ ဗာဒါ ဘက်ကပဲ ရပ်တည်ချင်တယ်။

ဇုဝါရီဂျမ် နှင့် နိုက်စ်
နိုက်စ်အသင်း နာပိုလီနဲ့တွေ့ခဲ့လို့သာ ချန်ပီယံလိဂ်ယှဉ် ပြိုင်ခွင့်အိပ်မက် အဆုံးသတ်ခဲ့ရတာပါ။ အသင်းမှာ ကစားသမား ဖြည့်တင်းမှုကလည်း အားရစရာကောင်းသလို၊ နောက်ဆုံးကစားတဲ့ပွဲမှာလည်း မိုနာကိုလိုအသင်းကို ဂိုးပြတ်အနိုင်ကစားခဲ့ တယ်။ အဝေးကွင်းဖြစ်ပေမယ့် နိုက်စ် မရှုံးပါဘူး။

ဆိုစီဒက် နှင့် ရိုစင်ဘော့
ရိုစင်ဘော့အသင်းက ပြီးခဲ့တဲ့ Play-off အဆင့်မှာ အေဂျက်စ်အသင်းကို (၂)ကျော့စလုံး အနိုင်ကစားခဲ့တဲ့အသင်းပါ။ ဆိုစီဒက်ကလည်း လာလီဂါရာသီအဖွင့်မှာ လေးစားလောက်စရာ ခြေစွမ်းကို ပြသထားနိုင်ခဲ့ပါတယ်။ ဆိုစီဒက် ဂိုးပြတ်နိုင်ဖို့ များတယ်။

ဟာသာဘာလင် နှင့် ဘီလ်ဘာအို
ပုံမှန်အရတော့ ဘီလ်ဘာအိုကို အဝေးကွင်းညံ့တဲ့စာရင်းထဲ ထည့်တွက်လို့ရတယ်။ ဒါပေမဲ့ ဒီရာသီခြေစစ်ပွဲအဝေးကွင်းပွဲတွေမှာ ဘီလ်ဘာအို မမျှော်လင့်ဘဲအခြေအနေကောင်းခဲ့ပါတယ်။ ဟာသာဘာလင်ကတော့ အိမ်ကွင်းမှာ ဘာမဆိုလုပ်ပြနိုင်တဲ့အသင်းပါ။ တိုက်စစ်အားလည်းပိုကောင်းလာတဲ့ ဟာသာဘာလင် အနိုင်နဲ့သရေပါပဲ။

Photo: Sky Sports

ဟော်ဖန်ဟင်မ်နှင့် စပို့တင်းဘရာဂါ
ဟော်ဖန်ဟင်မ်အသင်းက ပြီးခဲ့တဲ့ဘွန်ဒစ်လီဂါရာသီမှာ အိမ်ကွင်းရှုံးပွဲလုံးဝမရှိခဲ့ဘူး။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း နာမည်ကြီး ဘိုင်ယန်ကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့လို့ စိတ်ဓာတ်ပိုင်းလည်း တက်နေနိုင်တယ်။ အိမ်ကွင်းမာတဲ့အသင်းနဲ့ အဝေးကွင်းညံ့တဲ့အသင်းတွေ့ဆုံမှုက အဖြေထွက်သလောက် ဖြစ်နေပါပြီ။ ဟော်ဖန်ဟင်မ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

Most Read

Most Recent