မြန်မာ ယူ-၁၈ အသင်း ဗီယက်နမ်ကို အနိုင်ယူပြီး အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့တက်ရောက်

မြန်မာ ယူ-၁၈ အသင်း ဗီယက်နမ်ကို အနိုင်ယူပြီး အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့တက်ရောက်
Published 14 September 2017

မြန်မာအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သူ လွင်မိုးအောင်နှင့် အသင်းဖော်များ အောင်ပွဲခံနေစဉ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးပွဲစဉ်များကို စက်တင်ဘာ ၁၃ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းက ဗီယက်နမ်အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရပြီး ဆီမီး ဖိုင်နယ် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာအသင်းတွင် ဒဏ်ရာမှ ပြန်ကောင်းလာသည့် တောင်ပံတိုက်စစ်ကစားသမား ပြည့်စုံနိုင် ပြန်လည်ပါဝင်လာပြီး ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ စိုးမိုးကျော်တို့ဖြင့် လူစုံခဲ့သည်။ မြန်မာအသင်းသည် မဖြစ်မနေ အနိုင်ရရန် လိုအပ်နေသော်လည်း ပွဲအစ တစ်မိနစ်မပြည့်မီ ဂိုးပေးလိုက်ရသောကြောင့် ရုန်းကန်ခဲ့ရသည်။

ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးကို ကွင်းလယ်ကစားသမား တူယင်ကောင်ဖောင်က သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း အထောင်တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ဗီယက်နမ်နောက်ခံလူနှစ်ဦး မလွတ်တမ်း ထိန်းကပ် ကစားခဲ့သဖြင့် အခွင့်အရေးမရ ဖြစ်ခဲ့ရသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ထင်သလောက် အခွင့်အရေး မရခဲ့ပေ။ ၇၃ မိနစ်တွင် ဗီယက်နမ်အသင်း ပယ်နယ်တီ ဧရိယာစည်းထိပ်၌ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ကွင်းလယ်လူ မြတ်ကောင်းခန့်က ချေပဂိုးအဖြစ် ကန်သွင်းယူခဲ့သည်။ ချေပဂိုးရပြီး နောက်ပိုင်းတွင် မြန်မာအသင်း တိုက်စစ်အား မြှင့်လာပြီး ၈၆ မိနစ်တွင် အနိုင်ဂိုး ရရှိခဲ့သည်။ ထောင့်ကန်ဘောမှတစ်ဆင့် လျှံကျလာသော ဘောလုံးကို လူစားဝင်ကစားသမား လွင်မိုးအောင်က ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။

ပထမပွဲတွင် အင်ဒိုနီးရှားအသင်းက ဘရူနိုင်းအသင်းကို (၈-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် ဆီမီးဖိုင်နယ် တက်ရောက်ရန်အတွက် လိုအပ်သည့် ဂိုးရလဒ်အတိုင်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အုပ်စု (ခ) ပွဲစဉ်များအပြီးတွင် အင်ဒိုနီးရှား၊ မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ကိုးမှတ်စီ တူညီသော်လည်း အင်ဒိုနီးရှားက ဂိုးကွာခြား ချက်အသာဖြင့် ပထမ၊ မြန်မာက ဗီယက်နမ် နှင့် ဂိုးကွာခြားချက်တူ၊ ထိပ်တိုက်တွေ့ဆုံမှု ရလဒ်အသာဖြင့် ဒုတိယရရှိခဲ့သည်။

ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မလေးရှားနှင့် အိမ်ရှင်မြန်မာ၊ အင်ဒိုနီးရှားနှင့် ထိုင်းအသင်း တို့ တွေ့ဆုံလျက်ရှိသည်။

Most Read

Most Recent