အသင်းကြီးအများစု ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ကြပြီး ဂျူဗင်တပ်စ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘာစီလိုနာ

အသင်းကြီးအများစု ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ကြပြီး ဂျူဗင်တပ်စ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘာစီလိုနာ
Published 13 September 2017

Photo: AFP

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၁) အင်္ဂါည ပွဲစဉ်တွေမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အသင်းကြီးအများစု ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ကြပြီး ဘာစီလိုနာလည်း ဂျူဗင်တပ်စ်ကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို မက်ဆီ (၄၅)၊ (၆၉)မိနစ်နဲ့ ရာကီတစ် (၅၆)မိနစ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းကလည်း အိမ်ကွင်းမှာ ဘေဆယ်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရပါတယ်။ ကွင်းလယ်လူ ပေါ့ဘာ ဒဏ်ရာရသွားခဲ့ပေမယ့် လူစားဝင် ကွင်းလယ်လူ ဖယ်လေနီခြေစွမ်းပြခဲ့ပြီး သူကိုယ်တိုင် တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့တာပါ။ မန်ယူအသင်းအတွက် ဂိုးတွေကို ဖယ်လေနီ (၃၅)မိနစ်၊ လူကာကူ (၅၃)မိနစ်နဲ့ ရပ်ရှ်ဖို့ဒ် (၈၄)မိနစ်တို့က သွင်းယူပေးခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကလည်း အရံနဲ့ လူသစ်တချို့ကို ပွဲထုတ်လာခဲ့ပေမယ့် ကာရာဘတ်အသင်းကို (၆)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို ပတ်ဒရို (၅)မိနစ်၊ ဇာပါကော်စတာ (၃၀)မိနစ်၊ အက်ဇ်ပီလီကွယ်တာ (၅၅)မိနစ်၊ ဘာကာယိုကို (၇၁)မိနစ်နဲ့ ဘတ်ရှူအာယီ (၇၆)၊ (၈၂)မိနစ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခြား ဥရောပထိပ်သီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ PSG အသင်းတို့ကလည်း (၃-ဝ)ဂိုး၊ (၅-ဝ)ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့ကြပါတယ်။ PSG အသင်းမှာတော့ ဘာပေ၊ နေမာ၊ ကာဗာနီတို့ တိုက်စစ်မှူး (၃)ဦးစလုံး ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂါည ပွဲစဉ်တွေမှာ အနိုင်၊ အရှုံး အဖြေထွက်တဲ့ပွဲများခဲ့တဲ့ ရိုးမားနဲ့ အက်သလက်တီကိုအသင်းတို့သာ ဂိုးမရှိသရေကျခဲ့တာပါ။

■ ချန်ပီယံလိဂ်ရလဒ်များ
ဘင်ဖီကာ ၁-၂ CSKA မော်စကို
မန်ယူ ၃-၀ ဘေဆယ်
ဘိုင်ယန်မြူးနစ် ၃-၀ အန်ဒါလက်ချ်
ဆဲလ်တစ် ဝ-၅ PSG
ချယ်လ်ဆီး ၆-၀ ကာရာဘတ်
ရိုးမား ဝ-၀ အက်သလက်တီကို
ဘာစီလိုနာ ၃-၀ ဂျူဗင်တပ်စ်
အိုလံပီယာကော့စ် ၂-၃ စပို့တင်းလစ္စဘွန်း

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
အက်စတွန်ဗီလာ ဝ-၀ မစ်ဒယ်ဘရော့
လိဒ်စ် ၂-၀ ဘာမင်ဂမ်
နောဝစ်ချ် ဝ-၀ ဘာတန်
ပရက်စတန် ၃-၀ ကာဒစ်ဖ်
QPR ၂-၂ မီဝေါလ်
ရှက်ဖီးဝင်းစ်ဒေး ၂-၁ ဘရန့်ဖို့ဒ်
ဆန်းဒါးလန်း ဝ-၁ နော်တင်ဟမ်
ဝုလ်ဗ် ၃-၃ ဘရစ္စတိုးလ်စီးတီး
ဘော်လ်တန် ဝ-၁ ရှက်ဖီးယူနိုက်တက်

Most Read

Most Recent