ကိုယ့်ဂိုးကိုယ်သွင်းတဲ့ပူတင်နဲ့ ၂၀၁၈ အိမ်ရှင်

၂၀၁၀ ပြည့်လွန်နှစ်တွေက ထူးခြားသည်။ အထူးသဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပသည့် အိမ်ရှင်နိုင်ငံ ရွေးချယ်မှုတွေက ထူးခြားမှု ရှိသည်ဟု ဆိုရမည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ အတွင်းက ဂလိုဘယ်လိုက်ဇေးရှင်း စနစ်နှင့် ကိုက်ညီပြီး ပိုမို တောင့်တင်းသော စီးပွားရေး အဆောက်အဦကို ထူထောင်ရန်အတွက် ဆိုသည့် ရည်မှန်းချက်ဖြင့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံခြားရေး ၀န်ကြီးများ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဆုံတွေ့ခဲ့ကြသည်။ ကုလသမဂ္ဂရဲ့ အထွေထွေ အစည်းအဝေး ကျင်းပချိန်မှာ ဆုံတွေခဲ့ကြခြင်းဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများ ပါဝင်သည့် သီးခြားအဖွဲ့အစည်း တစ်ခု တည်ထောင်ရန်အတွက် ဖြစ်သည်။ ဒီအစည်းအဝေးကနေ မူကြမ်းတစ်ခု ထွက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်ရောက်တော့ ရုရှားနိုင်ငံမှာ အကြွင်းမဲ့ အာဏာကုန် သက်ရောက်မှုရှိသည့် အဆင့် အစည်းအဝေးတစ်ခု ဖြစ်လာခဲ့ပြီး BRIC ဆိုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။

BRIC ရဲ့ ပထမဆုံး အစည်းအဝေးမှာ ဘရာဇီးလ် သမ္မတ လူလာဒါဆေးလ်ဗား၊ ရုရှားရဲ့ ရုပ်သေးရုပ်ပြောင် သမ္မတ မက်ဗီဒက်၊ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တရုတ်ဝန်ကြီးချုပ် ဟူကျင်းတောင်တို့ တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာ အလယ်မှာ မျက်နှာပွင့်လန်းရေးနှင့် ပိုမို ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း အကောင်အထည် ဖော်ကြဖို့ အတွက် သဘောတူခဲ့ကြသည်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး မျက်နှာစာတွေမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကူအညီပေးရေး၊ တစ်နိုင်ငံ၏ သြဇာသက်ရောက်ခံ နိုင်ငံတွေနှင့် အခြား အဖွဲ့ဝင် နိုင်ငံတွေကို ချိတ်ဆက်ပေးရေးတွေလည်း ပါဝင်လာသည်။ ဒီအချိန်ကတည်းက တောင်အာဖရိကက ဒီအဖွဲ့ထဲ ပါဝင်မည်ဟု သတင်းများ ထွက်ပေါ်လာပြီး လေ့လာရေး အနေဖြင့် တက်ရောက်ခဲ့သည်။ သိပ်မကြာခင် တောင်အာဖရိက နိုင်ငံပါ ပါဝင်လာပြီး BRICS ဆိုသည့် (၅)နိုင်ငံပါ အဖွဲ့အစည်းတစ်ခု ဖြစ်တည်ခဲ့သည်။

မော်စကိုမြို့၏ အသည်းနှလုံးဟု တင်စားခံရသည့် ကင်ပင်စကီး ကြယ်ငါးပွင့်ဟိုတယ်

၂၀၁၅ ခုနှစ် စာရင်းများအရ BRICS (၅) နိုင်ငံသည် လူဦးရေ (၃.၆) ဘီလီယံကို ကိုယ်စားပြုနေပြီး၊ ကမ္ဘာ့လူဦးရေ၏ (၄၁)ရာခိုင်နှုန်း ရှိနေသည်။ အဖွဲ့ဝင် (၅)နိုင်ငံ စလုံးသည် ကမ္ဘာ့လူဦးရေ အများဆုံး (၂၅)နိုင်ငံအတွင်း စာရင်းပေါက်သည်။ ဒီအထဲက (၄)နိုင်ငံသည် ထိပ်ဆုံး (၁၀)နိုင်ငံထဲမှာ ပါနေသည်။ (၅)နိုင်ငံ၏ စုစုပေါင်း GDP မှာ ဒေါ်လာ (၁၆.၆) ထရီလီယံအထိ ရှိနေသည်။

ဘာကြောင့် ဒီအကြောင်းကို ပြောနေသလဲဆိုတော့ BRIC မှသည် BRICS ဆိုသည့် အဖွဲ့အစည်းကို စတင် တည်ထောင်ချိန်က စပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ အိမ်ရှင်နိုင်ငံတွေကို စဉ်းစားကြည့်လျှင် BRICS နိုင်ငံတွေကချည်း ကျင်းပခဲ့ကြခြင်းကြောင့် ဖြစ်သည်။ တကယ်တော့ တောင်အာဖရိက နိုင်ငံက ဒီအဖွဲ့ထဲကို မ၀င်ခင်ကတည်းက အာဖရိကနိုင်ငံ တစ်နိုင်ငံ အိမ်ရှင်အဖြစ် ကျင်းပရမည့် အလှည့်ကျမူနှင့် ရွေးချယ်ခံရပြီး ဖြစ်ပါသည်။

ဒါပေမဲ့ ပြိုင်ပွဲကျင်းပချိန်မှာ အဖွဲ့ဝင်နိုင်ငံ ဖြစ်နေသည့် တောင်အာဖရိကနိုင်ငံကို ကျန်နိုင်ငံများက အားကျခဲ့သည်။ ဂုဏ်ယူခဲ့ကြသည်။ BRICS နိုင်ငံတွေဟာ ကမ္ဘာ့ဖလားလို ဂုဏ်သိက္ခာ ကြီးမားသည့် ပြိုင်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ကြောင်းကို သက်သေပြလိုလားကြသည်။

၂၀၁၀ မှာ တောင်အာဖရိကပြီးတော့၊ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ်က အိမ်ရှင်ဖြစ်လာသည်။ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရုရှားက အိမ်ရှင် ဖြစ်လာသည်။ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲက ဥရောပပြင်ပမှာ ကျင်းပမည်ဖြစ်ပြီး အာရှနိုင်ငံများနှင့် အမေရိကနိုင်ငံများ အဓိက ယှဉ်ပြိုင်ရမည်။ BRICS အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် တရုတ်က အိမ်ရှင်ကျင်းပခွင့်ကို လျှောက်ထားမလိုနှင့် နောက်ပိုင်းတွင် လျှောက်ထားခြင်းပင် မပြုခဲ့။ အကယ်၍ လျှောက်ထားခဲ့မည် ဆိုပါက BRICS (၅)နိုင်ငံတွင် (၄)နိုင်ငံက ကမ္ဘာ့ဖလား အိမ်ရှင်နေရာကို ဆက်တိုက်ရယူသွားခြင်းပင် ဖြစ်လာနိုင်သည်။ ၂၀၂၂ အိမ်ရှင်နေရာကို ကာတာနိုင်ငံက ရယူသွားခဲ့ပြီး တရုတ်နိုင်ငံကတော့ ၂၀၃၀ ပြိုင်ပွဲကိုသာ ပစ်မှတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့၏ အရှိန်မပြတ် တိုးတက်နေသည့် စီးပွားရေးကို ဆက်လက် အာရုံစိုက်ဦးမည် ဆိုသည့် သဘောလည်း ဖြစ်သည်။ ရုရှားက ဂုဏ်သိက္ခာ အတွက်သာ ဒီပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်သည်။ ရုရှားနိုင်ငံသား အများစုလိုပင် ပူတင်သည်လည်း ဘောလုံးပရိသတ် တစ်ဦး မဟုတ်ပါ။ ဒါပေမဲ့ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် သူဆုံးဖြတ်ခဲ့သည်။ လော်ဆိန်းတက္ကသိုလ်က အားကစားနိုင်ငံရေး ပညာရှင် တစ်ဦးဖြစ်သူ ဆဗင်ဒန်နီယယ်လ်ဝုလ်ဖ်ကတော့ ရုရှားအစိုးရသည် ဒီဆုံးဖြတ်ချက်ကို ခိုင်မာသည့် အားကစားဆိုင်ရာ အကြောင်းပြချက် မရှိပဲ နိုင်ငံရေးကိစ္စ တစ်ခုအတွက် ဘာတစ်ခုမှ ရေရေရာရာ မရှိဘဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

ရုရှားလို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုမှာ နိုင်ငံတကာ ပြိုင်ပွဲကြီး တစ်ရပ်ကို အောင်မြင်စွာ ကျင်းပနိုင်ခြင်း ဆိုတာက စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ဒါတွေကို ရုရှားနိုင်ငံရေး သမားတွေက မသိမဟုတ်၊ သိသည်။ သူတို့ ဆောင်ရွက်ရမည့် ကိစ္စတွေက အများကြီး ဖြစ်သည်။ ချမ်းသာပြီး နိုင်ငံတစ်ခု မဟုတ်သည့် နိုင်ငံတစ်နိုင်ငံရဲ့ သယ်သူပို့ဆောင်ရေး စနစ်က အကောင်းဆုံး အခြေအနေမှာ ရှိမနေပါ။ ဒါပေမဲ့ ရုရှား နိုင်ငံတော်ကြီးက ကျယ်ဝန်းလွန်းသည်။ ဘောလုံးကွင်း တစ်ကွင်းနှင့် တစ်ကွင်း အကွာအဝေးက လန်ဒန်နှင့် မော်စကိုလောက် ကွာဝေးနေသည့် အခြေအနေတွင်ပင် ရှိသည်။ သည့်အပြင် ဆိုရရင် အကြမ်းဖက် အန္တရာယ်ကိုလည်း စိုးရိမ်နေရသည်။ ပူတင်အတွက် မိတ်ဆွေနိုင်ငံက နည်းပါးပြီး ရန်သူနိုင်ငံက များပြားလွန်းသည်။ ဒီကြားထဲ အနောက်ကမ္ဘာရဲ့ အကူအညီကိုလည်း မျှော်လင့်ခွင့်ရှိသည် မဟုတ်။ သူတို့ လုပ်ရမည့် ကိစ္စတွေက အများကြီး ဖြစ်သည်။

ရုရှားနိုင်ငံ၏ နိုင်ငံတကာ စီးပွားရေးစင်တာမြင်ကွင်း

ရုရှားထက် စာရင် သူတို့နဲ့ နောက်ဆုံးအချိန်အထိ အပြိုင် ဖြစ်ခဲ့သည့် အင်္ဂလန်နိုင်ငံက အစစအရာရာ ပိုမိုသင့်တော်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ပြီးတော့ ပူးတွဲအဖြစ် လျှောက်ထားကြသည့် ဘယ်လ်ဂျီယံ-နယ်သာလန်၊ ပြီးတော့ စပိန်နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ။ အားလုံးက ရုရှားထက် ပိုမို လုပ်ကိုင်နိုင်ကြသည့် နိုင်ငံတွေ ဖြစ်သည်။ ရုရှားထက် ဘောလုံး အဆင့်အတန်းရော၊ စီးပွားရေး အဆင့်အတန်းရော သာလွန်နေကြသည့် နိုင်ငံတွေ ဖြစ်သည်။ မှန်မှန်ကန်ကန် ရွေးချယ်မည် ဆိုလျှင် ရုရှားက ရေပန်းစားမှု အနည်းဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဒါပေမဲ့ ဘလတ္တာရဲ့ ဦးဆောင်မှုအောက်က ဖီဖာက ရုရှားနိုင်ငံကိုသာ ရွေးချယ်ခဲ့သည်။ ဂိုးကတော့ ၀င်သွားပြီ ဖြစ်သည်။ ဒါပေမဲ့ ဒီဂိုးဟာ ကိုယ့်ဂိုးကိုယ်သွင်းခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။ ပူတင်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းခြင်း ဆိုတာ ဘယ်အရာကို ဆိုလိုပါသနည်း။

မော်စကိုမြို့ရှိ ဂေါ်ကီပန်းခြံမုခ်ဦးအားတွေ့ရစဉ်

ပထမဆုံး ရင်ဆိုင်ရသည့် အခက်အခဲကတော့ ငွေကြေး ကုန်ကျစရိတ်တွေ များလွန်းခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက ကွင်းသစ် စီမံကိန်းတွေအတွက် အကူအညီပေးရန် ကမ်းလှမ်းခဲ့ပေမယ့် ရုရှားက မာနအရ၊ ဂုဏ်သိက္ခာအရ ပယ်ချခဲ့သည်။ သူတို့ကိုယ်တိုင် လုပ်သည့် အချိန်မှာ ငွေကြေး ကုန်ကျစရိတ်က များလွန်းနေသည်။ ဒီနိုင်ငံက လုံလောက်သည့် Infrastructure မရှိပါ။ အချို့ကွင်းတွေက အသေးစား ပြုပြင်ရပြီး၊ အချို့ကွင်းတွေက အကြီးစား ပြင်ဆင်တည်ဆောက်မှုတွေ လုပ်ရသည်။ ဒီအခါမှာ ကုန်ကျစရိတ်က ကြီးလွန်းနေသည်။ ဥပမာအားဖြင့် စိန့်ပီတာစဘတ်ကွင်း တစ်ခုတည်းရဲ့ ကုန်ကျစရိတ်က ပေါင်သန်း (၅၆၀)ရှိသည်။ ဒီပမာဏက သူတို့ ကွင်းအနေအထားနှင့် ဆိုလျှင် ပုံမှန်ထက် (၇)ဆလောက် ပိုကုန် နေသည့် အနေအထား ဖြစ်နေသ ည်။

(၉)နှစ်လောက် ကြိုတင်ပြင်ဆင်ခဲ့သည့်တိုင် ယခုအချိန်အထိ ရယ်ဒီဖြစ်ပြီဟု ပြောလို့ မရသေးသည်မှာ ဆိုးရွားလွန်းသည်။ ဖီဖာက မျက်စိမှိတ်ထားသည်။ ကွင်းစစ်ဆေးရေးလာသည့် လူတွေက ပူတင့်လူတွေ ပြောတာ တွေနားထောင်ပြီး ပြန်သွားကြမြဲ ဖြစ်သည်။ ခြစားမှုတွေ၊ မသမာမှုတွေကြောင့် ကုန်ကျစရိတ်က ကြီးလွန်းနေတာတွေကို ဖြေရှင်းနိုင်ခြင်း မရှိ။ ငွေကုန်ကြေးကျ သက်သာစေရန်အတွက် မြောက်ကိုရီးယား လုပ်သားအင်အားကို ခေါ်ယူအသုံးပြုခြင်းက အရာမထင်။ ပူတင်ရဲ့ မိတ်ဆွေတွေကသာ ဒီစီမံကိန်းတွေကို ရရှိခဲ့ပြီး ဒီလူတွေရဲ့ အမျိုးမျိုးသော ကုန်ကျစရိတ်တွေကို ရုရှားအစိုးရက ပြည်သူ့ ဘဏ္ဍာငွေထဲကနေ အဆင်သင့်ထုတ်ပေးနေသည်။

ရုရှားရဲ့ ဘောလုံးအဆင့်အတန်းကလည်း ဆိုးဆိုးရွားရွား နိမ့်ကျနေသည်။ ပြိုင်ပွဲဝင်အသင်း (၃၂)သင်းထဲမှာ အနိမ့်ကျဆုံး ဖြစ်နေသည်ကို တွေ့ရသည်။ ကမ္ဘာ့အိမ်ရှင်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး၊ ရှက်စရာအကောင်းဆုံး မှတ်တမ်း ဖြစ်နေသည်။ Football Dynamo မှ ဆောင်းပါးရှင် မာ့ခ်ဘန်းနက်ကတော့ “သာမန် ရုရှား ပြည်သူတွေကတော့ ရှက်နေမှာပဲ” ဟု သုံးသပ်သည်။ Infrastructure upgrades တွေမှာ Financially mistake တွေ ပေါ်နေတာက ရုရှား၏ တစ်ခုတည်းသော ပြဿနာ မဟုတ်သေး။ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပမှုကို အကြောင်းပြုပြီး အခွန်ပိုမို တင်းကျပ်လာခြင်း၊ အချို့သော ကွင်းလုပ်ငန်းခွင်များမှာ အလုပ်သမား အခွင့်အရေး အပြည့်မ၀ မပေးဘဲ အချိန်ပို ဆင်းခိုင်းခြင်း၊ အထောက်အပံ့ မလုံလောက်ခြင်းဆိုသည့် ပြဿနာတွေအတွက် လူ့အခွင့်အရေး သမားတွေရဲ့ ထိုးနှက်ခြင်း ပြဿနာတွေကလည်း ရှိသည်။ ကွင်းတွေကို သာမန်ဘောလုံးကွင်း တစ်ကွင်းလောက် သဘောထား၍ မရဘဲ တင်းကျပ်စွာ စောင့်ကြည့်နိုင်သည့် အခြေအနေမျိုး တည်ဆောက်နေရခြင်းဆိုသည့် ပြဿနာတွေကလည်း ရှိနေသည်။ အချို့ကွင်းတွေက နည်းပညာပိုင်း မှားယွင်းမှုကြောင့် အသေးစား ပြန်လည်ပြုပြင်ရသည့် ကိစ္စတွေ ရှိသည်။ ဒါတွေအတွက် ပြန်ထုတ်ယူသည့်ငွေက အကြီးစား ငွေကြေးပမာဏတွေ ဖြစ်နေပြန်သည်။

ရုရှားရဲ့ ပြဿနာတွေက အိမ်ရှင်အဖြစ် ရွေးချယ်ခံရချိန် ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ မှာ လျှို့ဝှက်မဲပေး စနစ်ဖြင့် အင်္ဂလန်၊ စပိန်/ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ/နယ်သာလန်တို့ကို အနိုင်ယူခဲ့ပြီးနောက် မဲပေးမှုတွင် မသမာမှု၊ ခြစားမှုများ ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။ ရုရှား ဆိုးသွမ်း ပရိသတ်တွေရဲ့ နာမည်ပျက်မှုတွေ၊ လူမည်းကစားသမားတွေအပေါ် ပြင်းထန်တဲ့ လူမျိုးရေး ခွဲခြားမှုတွေ၊ စီးပွားရေး အခြေအနေ၊ ဘောလုံး အဆင့်အတန်း ဒါတွေ အားလုံးမှာ အနိမ့်ကျဆုံး ဖြစ်နေတဲ့ နိုင်ငံတစ်ခုက အင်အားကြီးနိုင်ငံတွေကို ကျော်ပြီး ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် အရွေးခံခဲ့ရသည်။ ဖီဖာက ငြင်းပေမယ့် ပုပ်သည့်နေရာက ပုပ်လို့ ပေါ်သည့်နေရာတွေက ပေါ်လာခဲ့သည်။ ဒါပေမဲ့ “သက်သေပဲ ပြစမ်းပါ။ ကျွန်တော်တို့ အရေးယူပါမယ်” ဆိုတဲ့ စကားနဲ့အတူ ဖီဖာက ငြင်းဆန်သည်။ soft power လွှမ်းမိုးမှုနှင့် အထုပ်အထည် မဟုတ်သည့် မက်လုံးတွေအတွက် သက်သေမလွယ် ဆိုသည့် အခြေအနေကြောင့် ဘာမှ မပြောသာခဲ့ကြ။ ဒီလိုနှင့်ပင် ရုရှားအိမ်ရှင်အဖြစ် ခရီးဆက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး အခြေအနေက မကြည်လင်သည့် မိုးလေ၀သ အခြေအနေ ဖြစ်နေသည်။ ရုရှားကို ထင်တိုင်းကြဲနေသည့် အဆံချောင် ၀က်ဝံကြီး တစ်ကောင်အဖြစ် မြင်သည်။ ကမ္ဘာ့အိမ်ရှင်နေရာအတွက် အဆင်သင့်မရှိပါ ဆိုသည့် အမြင်တွေလည်း ရှိနေသည်။ ဒါပေမဲ့ ရုရှားခေါင်းဆောင် ပူတင်ရဲ့ လက်ရုံးတစ်ဆူ ဖြစ်သည့် အားကစားဝန်ကြီး ဗစ်တာလီမူကိုက ဒီပြိုင်ပွဲကို ဒေါ်လာ (၁၉) ဘီလီယံ အကုန်အကျခံပြီး ကျင်းပပြမည်ဟု ကြုံးဝါးခဲ့သည်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရုရှားရဲ့ ဘတ်ဂျက်က မူလခန့်မှန်းထားသည့် ဘတ်ဂျက်မဟုတ်။ အိတ်ထဲက နှိုက်နေသည့် လက်တွေက များလှသည်။ သွေးရင်းသားရင်းလား၊ သွေးမတော်သားမစပ်လား မခွဲခြားနိုင်တော့။ ခြစားမှုတွေ၊ အဆမတန် စာရင်းတင်ထားသည့် စရိတ်တွေ အားလုံး ပေါင်းလိုက်တော့ ရုရှား ကမ္ဘာ့ဖလားအတွက် ဘတ်ဂျက်သတ်မှတ်မှုက ဒေါ်လာ (၄၀)ဘီလီယံ ဖြစ်လာသည်။

ဒီငွေကြေးပမာဏက ဘာတွေကျန်ခဲ့မည်နည်း။ ခိုင်မာသည့် အရာတစ်ခုအဖြစ် ကျန်ခဲ့မှာကတော့ ဘောလုံးကွင်းတွေ ဖြစ်သည်။ ဒီဘောလုံးကွင်းတွေကပင် စိန်ခေါ်မှုလည်း ဖြစ်နေပြန်သည်။ ပြိုင်ပွဲအပြီး ကျန်နေရစ်မည့် အခြေခံ အဆောက်အဦတွေကို မည်သို့ အသွင်ပြောင်းပြီး မည်ကဲ့သို့ အသုံးချမည်နည်း။ ထိုအရာက မြို့တစ်မြို့ ကွင်းတစ်ကွင်းတည်း ရင်ဆိုင်ရမည့် ပြဿနာ မဟုတ်။ ပြိုင်ပွဲ ကျင်းပမည့် ကွင်းတိုင်းက ပြဿနာ ဖြစ်သည်။ ရုရှား ပရီးမီးယားလိဂ်မှာ ဘောလုံးပွဲတစ်ပွဲ၏ ပျမ်းမျှ ပွဲကြည့်ပရိသတ်ဦးရေက လူတစ်သောင်းပင် မပြည့်ချင်။ ပြန်လည်ပြုပြင် တည်ဆောက်ထားသည့် ဘောလုံးကွင်းတွေက အနိမ့်ဆုံး ပရိသတ် (၄၅၀၀၀) ဆန့်သည်။ တကယ်တော့ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ တစ်ခုအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦနှင့် ကိုက်ညီအောင် ပြုလုပ်ထားရခြင်း ဖြစ်ပြီး ပွဲပြီးမီးသေ ဖြစ်သွားမည့် အရာတွေ ဖြစ်နေသည်။ ဒီကွင်းတွေက ငွေကုန်ကြေးကျသာ ရှိပြီး ရေရှည်မှာ အကျိုးအမြတ် ပြန်ရမည့်အရာ မဟုတ်။

ရင်ပြင်နီရှိ နာမည်ကျော် Saint Basil's Cathedral

“ကွင်းတွေဆိုတာ အပြသဘော အတွက်ပါ။ ဒါပေမဲ့ ခုံနေရာ လွတ်တွေက ညာလို့ရမှာ မဟုတ်ဘူး” ဟု မော်စကို အခြေစိုက် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် နီကိုလေလာဗစ်ရှ်က ပြောသည်။ တကယ်တော့လည်း နီကိုလေလာဗစ်ရှ်ပြောတာ မှန်ပါသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်လတာအတွင်း ကွင်းတော်တော်များများမှာ ပွဲအနည်းငယ်တော့ လူပြည့်နေပါလိမ့်မည်။ ဒါပေမဲ့ ဒီပြိုင်ပွဲ အပြီးမှာ ဘာမှ အသုံးမ၀င်တော့သည့် အခြေအနေအတွက် ကုန်သွားသည့် ငွေတွေက မထိုက်တန်ပါ။ ဂုဏ်သိက္ခာအတွက် ဒီလောက်ငွေတော့ ရင်းရမည်ဟု ဆိုလျှင် ဒီဂုဏ်သိက္ခာက နိုင်ငံရေးသမားတွေ မျက်စိမှိတ် ရယူထားသည့် ဂုဏ်သိက္ခာသာဖြစ်ပြီး ပြည်သူအတွက် ဘာမှ အကျိုးအမြတ် မရှိ။

ရုရှားက အိမ်ရှင်ဖြစ်လာသည့်နောက် အခြေခံ အဆောက်အဦတွေ တိုးချဲ့ရသည်။ အခြေခံ အဆောက်အဦ ဆိုသည်မှာ ဘောလုံးကွင်းကိစ္စ သက်သက် မဟုတ်ပါ။ ပြိုင်ပွဲကြီးတစ်ခု ကျင်းပရန်အတွက် Network က အကျယ်ကြီး ဖြန့်ကျက်လုပ်ရခြင်း ဖြစ်သည်။ မျှော်လင့်ထားသည့် ကုန်ကျစရိတ် သက်သာဖို့အတွက် Private Investor တွေနဲ့ Sponsor တွေက ၀င်ရောက် ကူညီပေးသော်လည်း ဘတ်ဂျက်က မူလမျှော်မှန်းထားတာထက် များစွာ ပိုနေသည်။

ရုရှားဂျာနယ်လစ် တစ်ဦးဖြစ်သည့် အိုင်ဂေါ်ရာဘီနာက “ကျွန်တော်ကတော့ ကမ္ဘာ့ဖလား အိမ်ရှင်ဆိုတဲ့ ကိစ္စကို ထောက်ခံပါတယ်။ ဒါပေမဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ ထောင်သားတွေရဲ့ အိတ်ထဲက ပိုက်ဆံကိုနှိုက်ပြီး ကျင်းပတာမျိုးကိုတော့ မထောက်ခံနိုင်ပါဘူး” ဟု BBC နှင့် တွေ့ဆုံရာတွင် ပြောခဲ့သည်။ “ကွင်းတွေက ပိုကောင်းပြီး သက်သောင့်သက်သာ ရှိလာရင် ပရိသတ်တွေလည်း ဘောလုံးပွဲတွေကို ပိုကြည့်လာနိုင်ပါတယ်။ ကျွန်တော်တို့ ဘရာဇီးလ်နိုင်ငံကို အတုယူလို့ ရပါတယ်” ဟု ရုရှား အားကစားဝန်ကြီး မူကိုက ဆိုသည်။

ခက်တာက အရှိတရားနှင့် လွဲချော်နေသည့် အခြေအနေတွေကို ညာလို့မရ။ Saransk လို ဒေသမှာ မြို့နေလူဦးရေက (၃၀၀၀၀၀) သာ ရှိသည်။ ဒီဒေသမှာ ပရိသတ် (၄၀၀၀၀)ကျော်ဆန့်သည့် ကွင်းတစ်ကွင်း ရောက်ရှိလာခြင်းက ဘာကိုများ ပြောင်းလဲသွားနိုင်မည်နည်း။ ကုန်ကျစရိတ်နှင့် ပြန်ရမည့် အကျိုးအမြတ်၊ ရေရှည်မှာ ပြန်ရမည့် အကျိုးအမြတ်ပင် မကိုက်ညီသောအခါ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပူတင် ကိုယ့်ဂိုးကိုယ်သွင်းမိပြီဟု လှောင်ပြောင်လာခဲ့ကြခြင်း ဖြစ်သည်။ Times က ဆိုင်မွန်ကူးပါးက “ပြိုင်ပွဲကတော့ ကျင်းပပါပြီ။ ပြိုင်တဲ့ နိုင်ငံတွေကလည်း လာပြီး ပြိုင်ပွဲ ၀င်ကြမယ်။ လာကြည့်မယ့် ပရိသတ်တွေကလည်း သူတို့အသင်းကို သူတို့လာအားပေးမယ်။ တစ်လကြာတဲ့ ပြိုင်ပွဲပြီးသွားတဲ့ အခါမှာ ရုရှားတွေချည်း ကျန်ခဲ့တော့မယ်။ အဲ့ဒီအချိန်မှာ ဒီအခွံတွေကို ဘာဆက်လုပ်မှာလဲ” ဟု ဆိုသည်။

ရုရှားနိုင်ငံ၏ အထင်ကရ ကရင်မလင် နန်းတော်

CNN ရဲ့ ဆောင်းပါးရှင် အေမီးလူဝင်ကတော့ ဒီပြိုင်ပွဲဟာ နိုင်ငံတကာ ဘောလုံးပွဲတော်လား၊ အကြမ်းဖက် ပွဲတော်လား ဆိုပြီး မေးခွန်းထုတ်ထားသည်။ သူဆိုလိုသည့် အကြမ်းဖက်သမားဆိုတာ လက်နက်ကိုင် အကြမ်းဖက်သမား Terrorist တွေကို ဆိုလိုခြင်း မဟုတ်သေး။ Hooligans ဆိုသည့် ဆိုးသွမ်း ပရိသတ်တွေကိုသာ ဆိုလိုခြင်း ဖြစ်သည်။ အဆိုးဆုံးကတော့ ရန်သူတွေလို ဖြစ်နေသည့် ရုရှား-အင်္ဂလန် ပရိသတ်ဆက်ဆံရေး ဖြစ်သည်။ ယူရို-၂၀၁၆ တုန်းက ပြင်သစ်မြေပေါ်မှာ ဒီနှစ်သင်း တစ်အုပ်စုတည်း အတူကျခဲ့သည်။ ရုရှားနှင့် အင်္ဂလန် ကစားသည်။ ကွင်းပြင်မှာ ပရိသတ်တွေ ရိုက်နှက်ကုန်သည်။ ပရိသတ် (၃၀)ကျော် ဒဏ်ရာ အပြင်းအထန်ဖြင့် ဆေးရုံ ပို့လိုက်ရပြီး (၁၀၀)ကျော် ဒဏ်ရာရသည်။ ဒီဖြစ်ရပ်အတွက် ရုရှားပရိသတ်တွေ လွန်ခဲ့သည်ဆိုသည့် သက်သေခံချက်တွေ ရှိနေသည်။ သူတို့ အချင်းချင်း ကြားမှာရှိတဲ့ မီးတောက်တွေက ငြှိမ်းသတ်လို့ မလွယ်တာ အဖြစ်မှန်ဖြစ်သည်။ ဒါပေမဲ့ ရုရှားဘက်က ခပ်လွယ်လွယ်ပင် ပြောသည်။

ရုရှားပါလီမန်ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည့် အိုင်ဂေါ်လီဘီဒက်ဗ်က “ပရိသတ်တွေရဲ့ အမြင်တွေကို ပြောင်းလဲသွားအောင် လုပ်ရမယ်။ သူတို့ဟာ ရန်ဆောင်နေရာကနေ ငြိမ်းချမ်းတဲ့ အသွင်ကို ကူးပြောင်းသွားလိမ့်မယ်” ဟု ဆိုသည်။ ဒါတွေက စကားလုံးတွေသာဖြစ်သည်။ ဘယ်လိုဆောင်ရွက်မလဲ၊ ဘာတွေပြင်ဆင်ထားသလဲ၊ အရေးကြုံလာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ မပါဝင်။ ရန်သူတွေ အဖြစ်ကနေ မိတ်ဆွေတွေ ဖြစ်သွားစေမယ်ဆိုတဲ့ စကားလုံးတွေကိုပဲ ပြောသွားသည်။ အနှစ်မပါ၊ အခွံသာရှိသည့် စကားလုံးတွေက ပေါ့ပျက်ပျက် နိုင်လာသည်။

လူမျိုးရေး ခွဲခြားမှု ပြဿနာအပေါ် ဖြေရှင်းပုံကလည်း ရယ်စရာပင်။ ရုရှားဘောလုံးအဖွဲ့ချုပ်က ရုရှားလက်ရွေးစင်နှင့် ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဆမြာတင်ကို လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေး သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။ စမြာတင်ကလည်း တာဝန် စတင်ယူရသည်နှင့် ရုရှားဘောလုံးလောက နာမည်ပျက်နေသည့် လူမျိုးရေး ခွဲခြားမှုများကို စတင် ငြင်းဆန်သည်။ လူမည်း ကစားသမားတွေကို မိမိတို့ နိုင်ငံသားတွေက ငှက်ပျောသီးများဖြင့် ပစ်ပေါက်ခြင်းမှာ “Just for fun” သာဖြစ်သည် အပျော်သဘောဖြင့် စနောက်ရုံသာဟု ပြောသည်။ ဒါပေမဲ့ ကွင်းထဲမှာ တကယ် ဖြစ်နေတာတွေက အပျော်သဘောမျှ မဟုတ်ပါ။

ရုရှားက အာဏာရှင်ဆန်ဆန်နိုင်ငံ ဖြစ်နေတော့ ဘရာဇီးလ် ကမ္ဘာ့ဖလားတုန်းကလို လမ်းမပေါ်က ဆန္ဒပြပွဲတွေတော့ သိပ်မတွေ့ရပါ။ အလုပ်သမားသ ပိတ်တွေလည်း သိပ်မတွေ့ရပါ။ ဒီအခြေအနေတွေကတော့ ပြီးခဲ့သည့် ကမ္ဘာ့ဖလားထက် ပိုမို အေးချမ်းသည့် အခြေအနေတွေ ဖြစ်သည်။ ပြောရရင် ဘရာဇီးလ် ကမ္ဘာ့ဖလားနှင့် ရုရှားကမ္ဘာ့ဖလားရဲ့ လမ်းကြောင်းနှင့် လားရာပင် မတူပါ။ ဘရာဇီးလ်မှာ ပြဿနာ ဖြစ်ခဲ့တာတွေထဲမှာ သဘာဝ ပတ်ဝန်းကျင် ကိစ္စက အဆိုးဆုံးဖြစ်သည်။ ဒါပေမဲ့ ဘောလုံးကို အသွေးအသားထဲက ရူးသွပ်ကြသည့် လူမျိုးများဖြစ်ပြီး ဘောလုံးကို ချစ်တဲ့စိတ် တစ်ခုတည်းဖြင့် ကျော်ဖြတ်ခဲ့ကြသည်။ ရုရှားကတော့ နိုင်ငံရေးက ကြိုးတွေ ပါကောင်း ပါနိုင်သည်။ ဆိုးသွမ်းပရိသတ်တွေ ရှိသည်။ ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်မှုတွေမှာ ခြစားမှုတွေက အစကနေ အဆုံးအထိ ရှိသည်။ ဘတ်ဂျက် မလုံလောက်၊ ပိုလျှံ သုံးစွဲရသည့်အတွက် အခြားသော ကဏ္ဍတွေမှာ ကျပ်တည်းကုန်သည်။ ဆိုးသွမ်းပရိသတ် ပြဿနာ၊ LGBT Rights ကို လက်မခံသည့် လူ့အဖွဲ့အစည်းလည်း ဖြစ်သည်။ အဆိုးရွားဆုံးကတော့ တိုင်းပြည်မှာ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားနေပြီး ပြိုင်ပွဲကြီး တစ်ပွဲကို လက်ခံကျင်းပနိုင်လောက်အောင် ငွေကြေးပိုလျှံမနေခြင်း ဖြစ်သည်။ ပူတင်က မကြာသေးမီကမှ ရုရှားနိုင်ငံရဲ့ သမ္မတအဖြစ် ထပ်မံရွေးချယ် ခံရပြန်သည်။ သူက ဘောလုံးစကား သိပ်မပြောပါ။ ရုရှားက ကာတာကို ရှုံးနိမ့်ခဲ့သည့် ခြေစမ်းပွဲ အပြီးတုန်းကတော့ “ငါတို့အသင်းရဲ့ လှပတဲ့ ကစားပုံကို မတွေ့ရတာ တော်တော်တောင် ကြာနေပြီ” ဆိုသည့် မှတ်ချက်စကားကို ဆိုခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်၍ “ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဖလား အကြို ပြင်ဆင်မှုတွေကို ကျေနပ်ပါတယ်။ အလားတူပဲ ဒီပြိုင်ပွဲကနေ ကျွန်တော်တို့ ဒီနေ့ ရင်ဆိုင်နေရတဲ့ တားမြစ်ဆေး၊ လူမျိုးရေးခွဲခြားမှုနဲ့ အခြားသော ပြဿနာတွေကို တိုက်ဖျက်ရေးအတွက် သင်ခန်းစာ ယူနိုင်ပါလိမ့်မယ်” ဟု ဆိုခဲ့သည်။ ပူတင်၏ စကားကတော့ ရိုးရှင်းသည့် ၀န်ခံစကားဖြစ်ပြီး ရုရှားမှာ ဒီလို ပြဿနာတွေ မရှိပါ ဆိုသည့် ခေါင်းရှောင်မှု မဟုတ်ပါ။ ဒါကိုတော့ ကြိုဆိုရလိမ့်မည်။