ရခိုင်အရေးကိစ္စ အပါအဝင် NCA လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တည်ငြိမ်အေးချမ်းမှု အတွက် အာမခံချက်ရရှိနိုင်မည့် အခြေအနေများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် ထည့်သွင်းဆွေးနွေး

ရခိုင်အရေးကိစ္စ အပါအဝင် NCA လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တည်ငြိမ်အေးချမ်းမှု အတွက် အာမခံချက်ရရှိနိုင်မည့် အခြေအနေများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် ထည့်သွင်းဆွေးနွေး
Published 6 September 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်အား စက်တင်ဘာ ၅ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံမှုတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါတီစုံ ဒီမိုကရေစီခေတ်ကာလ ငြိမ်းချမ်းရေး စတင်ဖော်ဆောင်စဉ်ကပင် နိုင်ငံတော်၏ ပကတိလိုအပ်ချက် ဖြစ်သည့် တို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုက ရေစီစနစ်တွင် လိုက်ပါလုပ်ဆောင်ရန် အချက်နှစ်ချက်ကို ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းကမ်းလှမ်းချက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ သဘောတူလက်ခံပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အကြိမ်ကြိမ်ဆွေး နွေးပြီးမှ NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ NCA လမ်းကြောင်းပေါ်တွင်သာ လျှောက်လှမ်းရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့အတူ မစ္စတာဆွန်ကော့ရှန်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်နေမှု အခြေအနေများ၊ နှစ်ဦးနှစ်ဖက် အချိန်ယူ ညှိနှိုင်းရေးဆွဲထားသည့် NCA သည် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း လက်ရှိအခြေအနေတွင် အကောင်းဆုံး ဖြစ်ကြောင်းနှင့် NCA လက်မှတ် ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင်လည်း တည်ငြိမ်အေးချမ်းမှုအတွက် အာမခံချက်ရရှိနိုင်မည့် အခြေအနေများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုတွင် ပါရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးရာတွင် ပြည်သူက တောင်းဆိုသည့် ပါတီစုံဒီမိုကရေစီစနစ် တည်ငြိမ်မှုရှိရန်လိုကြောင်း၊ တပ်မတော် အနေဖြင့်လည်း ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလို၍ NCA နှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံး လိုက်လျော၍ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်က ချမှတ်ခဲ့သည့် ငြိမ်းချမ်းရေးမူ ခြောက်ရပ်မှာလည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရာတွင် မိမိတို့ ကြုံတွေ့ရသည့် အရှိတရားနှင့် ပကတိ လိုအပ်ချက်များကြောင့်ပင် ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ ကတိတည်ခြင်းပင်ဖြစ်ကြောင်း ပြန်လည်ပြောကြား၍ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မစ္စတာဆွန်ကော့ရှန်အား ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်များ၏ တိုက်ခိုက်မှု အခြေအနေများ၊ အကြမ်းဖက် ဖြစ်စဉ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အနည်းဆုံးသော လူအင်အား၊ ပစ်အားဖြင့်သာ ထိန်းသိမ်းစေလျက်ရှိသည့် အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားသည်။

မစ္စတာဆွန်ကော့ရှန်က တရုတ်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများအား ရှုတ်ချကြောင်း၊ ကျဆုံးသွားသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါကြောင်း၊ တရုတ်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ အစိုးရနှင့် တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေး ထိန်းသိမ်းလုပ်ဆောင်မှုများကို ပြတ်ပြတ်သားသား ထောက်ခံသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စကိုလည်း ပြေလည်စွာ ဖြေရှင်းနိုင်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း၊ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း အနေဖြင့် မြန်မာနိုင်ငံ အကျိုးစီးပွားနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘက်မှ ရပ်တည်၍ နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားကြောင်း သိရသည်။

မစ္စတာဆွန်ကော့ရှန်သည် စက်တင်ဘာ ၄ ရက်ကလည်း ဒုတိယသမ္မတ ဦးမြင့်ဆွေအား  နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဧည့်ခန်းမဆောင်တွင် သွားရောက်တွေ့ ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်များ၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်မှန်များကို နိုင်ငံတကာသို့ အလျင်အမြန် အသိပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန် ထားချက်အရ သိရသည်။

တရုတ်နိုင်ငံ၏ အဆင့်မြင့်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် မစ္စတာဆွန်ကော့ရှန် မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ မြန်မာနိုင်ငံသို့ လာရောက်ချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။

မစ္စတာဆွန်ကော့ရှန်သည် မြန်မာ-တရုတ် နယ်စပ်ရှိ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သည်။

လက်ရှိတွင် အစိုးရအနေဖြင့် “ဝ” အဖွဲ့ဦးဆောင်သော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC) အနေဖြင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒမရှိဘဲ အခြားပုံစံတစ်မျိုးဖြင့် တွေ့ဆုံလိုပြီး မြောက်ပိုင်းအဖွဲ့များကမူ FPNCC အနေဖြင့်သာ တွေ့ဆုံရန် မူဝါဒ ချမှတ်ထားသည်။

FPNCC သည် NCA စာချုပ်အား လက်မခံသော်လည်း ၎င်းတို့ရေးဆွဲထားသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး စာချုပ်နှင့် တစ်နိုင်ငံလုံး လွှတ်တော်အဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်အား အစိုးရထံ ပေးအပ်ထားသည့်အပြင် ပြင်ပသို့လည်း ဖြန့်ဝေထားပြီး ယခုအခါ မစ္စတာဆွန်ကော့ရှန်က မြောက်ပိုင်းအဖွဲ့များ အနေဖြင့် NCA လက်မှတ်ရေးထိုးရန် လိုအပ်သည့် သဘောမျိုး တရားဝင် ပြောဆိုလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမဒေးကျွန်းမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း အပါအဝင် ၎င်းတို့၏ အကျိုးစီးပွားများစွာ ရှိနေသည်။

ထို့အတူ မစ္စတာဆွန်ကော့ရှန်သည် ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်အတွင်းဝန် Shahidul Haque နှင့်တွေ့ဆုံရာတွင် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား တရုတ်နိုင်ငံ အနေဖြင့် သံတမန်ရေးရာ ကြားဝင်ဆောင်ရွက်ပေးရန် ကမ်းလှမ်းပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း အဆိုပါ ကမ်းလှမ်းမှုကို ကြိုဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

သို့ရာတွင် မြန်မာအစိုးရအနေဖြင့် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားသာ ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ထိုစဉ်အချိန်က နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။

Most Read

Most Recent