NCA လက်မှတ်မထိုးရသေးသော အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သည့် အခင်းအကျင်း ဖန်တီးပေးနိုင်မှသာ မျှော်မှန်းထားသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို အားလုံးပါဝင်မှုဖြင့် တည်ဆောက်နိုင်မည်ဟု KNU ပြောကြား

NCA လက်မှတ်မထိုးရသေးသော အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သည့် အခင်းအကျင်း ဖန်တီးပေးနိုင်မှသာ မျှော်မှန်းထားသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို အားလုံးပါဝင်မှုဖြင့် တည်ဆောက်နိုင်မည်ဟု KNU ပြောကြား
Published 8 October 2018

KNU ဗဟို အမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးကို အောက်တိုဘာ ၅ ရက်တွင် ပြုလုပ်စဉ် (Photo : KNU)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သည့် အခင်းအကျင်းကို ဖန်တီးပေးနိုင်မှသာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျှော်မှန်းထားသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို အားလုံးပါဝင်မှုဖြင့် တည်ဆောက်နိုင်မည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောကြားသည်။

KNU ၏ ၁၆ ကြိမ်မြောက် ကွန်ကရက်အပြီး ငါးကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီ၏ အရေးပေါ် အစည်းအဝေးကို အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် KNU ဌာနချုပ်တည်ရှိရာ လော်ခီးလာတွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးအပြီး ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် KNU က ထိုသို့ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။

NCA တွင် နှစ်ဖက်သဘောတူညီ ခဲ့ကြသည့် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရလဒ်နှင့်အညီ တည်ဆောက်ရန် ဖြစ်သောကြောင့် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးအတွက် ဘုံရည်မှန်းချက်၊ ဘုံစံတန်ဖိုးများကို နှစ်ဖက်သဘောတူ ချမှတ်နိုင်ရေးအတွက် ညှိနှိုင်းမည့် ‘မူ’ ချမှတ်ရန် လိုအပ်သည်ဟု KNU က ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တစ်ဆို့မှုများသည် တစ်ခုတည်းသော တပ်မတော်ကို လက်ခံရန် တောင်းဆိုသည့်ကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်ရေးနှင့် စပ်လျဉ်းသည့် Package Deal ဆိုင်ရာ အချက်နှစ်ခုအပြင် NCA  အကောင်အထည် ဖော်ရာတွင်လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် လည်းကောင်း၊ NCA အပေါ် မတူညီသော အဓိပ္ပာယ်ဖွင့်ဆိုမှုများနှင့် လက်ရှိသဘောတူထားသည့် ယန္တရားများ၏ အဓိကအားနည်းချက်များကို ဖော်ထုတ်ကာ ပြင်ဆင်နိုင်ရေး ‘မူ’ များ ချမှတ်ရန်အတွက် မကြာမီ ပြုလုပ်မည့် အစိုးရ၊ တပ်မတော်နှင့် NCA-SEAO ထိပ်သီးအစည်းအဝေးတွင် တင်ပြညှိနှိုင်းရန် KNU ၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ဒီမိုကရေစီဖက်ဒရယ် အခြေခံမူများရရှိရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံကို သုံးကြိမ်ပြုလုပ်ပြီး ရရှိနိုင်ရန် ကြိုးပမ်းမှုများသည် အထက်ပါ တစ်ဆို့မှုများအား ညှိနှိုင်းဖြေရှင်း နိုင်ရေးအပေါ် မူတည်နေသည်ဟု ယုံကြည်ကြောင်းလည်း KNU က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများကို လာမည့် ၂၀၁၉ ခုနှစ်တွင် သုံးကြိမ်ပြုလုပ်၍ ဒီမိုကရေစီ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ရရှိအောင် ဆောင်ရွက်သွားမည်ဟု အစိုးရဘက်က အသိပေး ပြောကြားထားသည်။

KNU အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစိုက်မတ်မတ် အားသွန်ခွန်စိုက် ပါဝင်လာခဲ့ရာ လက်ရှိတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်နှင့်  နိုင်ငံရေးဆွေးနွေးပွဲဆိုင် ရာလုပ်ငန်းစဉ်များတွင် တစ်ဆို့မှု များ ဖြစ်ပေါ်နေသည့်အတွက် အဆိုပါတစ်ဆို့မှုများကို ကျော်လွှားနိုင်ရန် မကြာမီပြုလုပ်မည့် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ ယခုသတင်း ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ပါဝင်လက်မှတ် ရေးထိုးထားသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကမူ NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေသည်။

အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးအတွက် အလျဉ်းသင့်သလို ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်သည်။

 

Most Read

Most Recent