နိုင်ငံတော်၏ ဖြစ်ပေါ်နေမှု အခြေအနေ အရပ်ရပ်၊ ပြည်သူလူထု၏ အကျပ်အတည်းများမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှ အဆင်ပြေမည်ဟူသော ပြောဆိုမှုများသည် လွဲချော်နေဟု ပြည်ခိုင်ဖြိုးပါတီ ပြောကြား

နိုင်ငံတော်၏ ဖြစ်ပေါ်နေမှု အခြေအနေ အရပ်ရပ်၊ ပြည်သူလူထု၏ အကျပ်အတည်းများမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှ အဆင်ပြေမည်ဟူသော ပြောဆိုမှုများသည် လွဲချော်နေဟု ပြည်ခိုင်ဖြိုးပါတီ ပြောကြား
Published 23 September 2018

နိုင်ငံတော်၏ ဖြစ်ပေါ်နေမှု အခြေအနေ အရပ်ရပ်၊ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ပြည်သူလူထု၏ အကျပ်အတည်းများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှ အဆင်ပြေမည်ဟူသော ပြောဆိုမှုများသည် လွဲချော်နေသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံ့အရေး ကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ဦးသိန်းထွန်းဦးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လက်ရှိနိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းပြောကြား ခဲ့မှုများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားအမြင်အား ပြန်လည်ရှင်းလင်းရာတွင် ဦးသိန်းထွန်းဦးက ထိုသို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“နောက်တစ်ချက်ကတော့ အခြေခံဥပဒေ မပြင်ရင် အသွင်ကူးပြောင်းရေး အာမမခံဘူး ဆိုတာကြီးကလည်း ကျွန်တော်တို့ တော်တော်စဉ်းစားရကျပ်တဲ့ သံသယဖြစ်ဖွယ် အသုံးအနှုန်း ဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ က အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ၊  ဥပဒေပြုမှုတွေ၊  စီးပွားရေးတွေ၊ လူမှုရေးတွေ ဘယ်အချက်တွေက ဟန့်တားထားသလဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်သူလူထုရဲ့ စီးပွားရေး အကျပ်အတည်း၊ ဒေါ်လာဈေးတက်မှုတွေ၊ ရွှေဈေးတက်မှုတွေ၊ စက်သုံးဆီတက်မှုတွေ နောက်ဆုံး ကျွန်တော်တို့ ပြည်သူတွေ နေ့စဉ်သုံးစွဲနေရတဲ့ ဆေးဝါးကအစ တက်နေမှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှ အဆင်ပြေမယ်ဆိုတဲ့ အချက်မျိုးတွေအထိ သွားသက်ရောက်မှုမျိုးတွေ၊ သွားသုံးနှုန်း နေကြတာတွေ၊ လူမှုကွန်ရက် တွေမှာလည်းပဲ တစ်ဖက်က ဝါဒဖြန့်ချိရေး လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်များ သုံးနှုန်းနေကြတာဟာ အလွန်အင်မတန်မှ အံ့သြစရာ ကောင်းပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား သေချာလေ့လာရန် ၎င်းကတိုက်တွန်းခဲ့ပြီး စီးပွားရေးအရ၊ လူမှုရေးအရ ကန့်သတ်ချုပ်ချယ် ထားမှုများ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မရှိသကဲ့သို့ပင် တပ်မတော် ကဏ္ဍတွင်လည်း တပ်မတော်သည် ၎င်း၏သဘောထား တစ်ခုတည်းဖြင့် လုပ်၍မရသော အချက်များ များစွာရှိနေကြောင်း ဦးသိန်းထွန်းဦးက ပြောကြားသည်။

“နိုင်ငံတော်ရဲ့ အကျပ်အတည်းတွေ၊ နိုင်ငံတော်ရဲ့ အခြေအနေတွေ၊ နိုင်ငံတော်မှာ ဖြစ်ပေါ်နေမှုတွေဟာ အခြေခံဥပဒေပြင်မှ ဆိုပြီးတော့ ပုံချမှုတွေဟာ နိုင်ငံရေးအရ အပြစ်ပုံချမှုလိုများ ဖြစ်နေမလား ဆိုတာဟာ စဉ်းစားဖို့ လိုပါတယ်။ ကျွန်တော်တို့ ဒီလိုပြောကြားနေလို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးလို့ ကျွန်တော်တို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ၂၀၁၈၊ အခု ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ် ဖော်ဆောင်ရေး ဆိုတာကို ကျွန်တော်တို့ပါတီ အနေနဲ့ ဒါကိုဦးတည်ချက် တစ်ရပ်အနေနဲ့ ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်ဘူး ဆိုလို့ရှိရင် ကျွန်တော်တို့ပါတီက လက်ခံထားပြီးသားဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ ဖြစ်ပေါ်နေမှု အခြေအနေ အရပ်ရပ် နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ပြည်သူလူထုရဲ့ အကျပ်အတည်းတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရမယ်ဆိုတဲ့ အသုံးအနှုန်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှ အဆင်ပြေမယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ လွဲချော်နေတယ်လို့ပဲ ကျွန်တော်တို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

နေပြည်တော်တွင် စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး အစိုးရ မျှော်မှန်းထား သည့်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာ အသွင်ကူးပြောင်းရေးကို အစိုးရအနေဖြင့် အာမခံနိုင်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent