ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ဆို့နေသော ကိစ္စရပ်များ ဖြေရှင်းရေးအပါအဝင် အခြားသော အရေးကြီး ကိစ္စရပ်များ ဖြေရှင်းနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ဆို့နေသော ကိစ္စရပ်များ ဖြေရှင်းရေးအပါအဝင် အခြားသော အရေးကြီး ကိစ္စရပ်များ ဖြေရှင်းနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေ
Published 19 September 2018

၂၁ ရာစု ပင်လုံတတိယ အစည်းအဝေး အပြီးတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြစဉ် (ဓာတ်ပုံ-မင်းနိုင်စိုး)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေသောကိစ္စရပ်များ ဖြေရှင်းရေးအပါအဝင် အခြားသော အရေးကြီး ကိစ္စရပ်များ ဖြေရှင်းနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ယခုလအတွင်း အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း သိရသည်။

“ဇူလိုင် ၁၃ ရက်မှာ PPST ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပဏာမဆွေးနွေးထားတဲ့ ကိစ္စကို အကောင်အထည်ဖော်တာပါ။ ဖော်ဖို့ကျွန်တော်တို့ဘက်က စတင်ကြိုးပမ်းတာပေါ့။ အဲဒါကြောင့် တစ်ဖက်ကတော့ အစိုးရဘက်နဲ့ တပ်မတော်ဘက်ကတော့ ဘယ်လိုတုန့်ပြန်မလဲ မသိသေးဘူး။ အဲဒါ ကျွန်တော်တို့ ရက်တော့ မထွက်သေးဘူး။ ပဒိုစောကွယ်ထူးဝင်း ကြိုးစားနေတယ်။ ဒီလထဲမှာပဲ ဖြစ်အောင်လို့ ကြိုးစားနေတယ်” ဟု NCA လက်မှတ်ရေးထိုးထားသော ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဦးဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများအား လိုလားနေပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေး သုံးကြိမ်ကျင်းပပြီးသည့်နောက်တွင် ဖက်ဒရယ်စနစ် အခြေခံမူများရအောင် ကြိုးစားသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားထားချက်အပေါ် မည်သို့ ကြိုးစားမည် ဆိုသည်ကို ညှိနှိုင်းအဖြေရှာရမည်ဟုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“နောက်ကျတော့ ပြည်ထောင်စု တစ်ခုလုံးအတွက် အနာဂတ် အခြေခံမူတွေကို ချမှတ်တဲ့နေရာမှာ တချို့အဖွဲ့အစည်း အကြီးတွေ၊ တချို့လူမျိုးတွေ ကျန်နေလို့လည်း မကောင်းဘူး။ ဒါကြောင့် အဲ့ဒီလို နိဂုံးချုပ်တဲ့ အချိန်မှာ အခြေခံမူတွေကို ချမှတ်တဲ့ အချိန်မှာတော့ ပါသင့်ပါထိုက်တဲ့ အဖွဲ့တွေက ရောက်လာဖို့ ပါဝင်လာဖို့ လိုတယ်။ အချိန်ကလည်း တစ်နှစ်ခွဲလောက်မှာဆိုတော့ အဲ့ဒီကျန်နေတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာရေး ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတာ ဆွေးနွေးရမှာပေါ့ဗျာ။ အရေးကြီးတဲ့ ဒီအချက်တွေကိုတော့ ပထမပိုင်းအနေနဲ့ ဆွေးနွေးဖြစ်မှာပါ။ ဒါက အလွတ်သဘော ဆွေးနွေးပွဲပါပဲ” ဟု ၎င်းကပြောသည်။

လာမည့် အောက်တိုဘာလထဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ပြုလုပ်ရန် ရှိသည့်အတွက် ယခုလအတွင်း အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲအား ဖြစ်မြောက်အောင် စီစဉ်နေကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် အစိုးရ၊ တပ်မတော်၊လွှတ်တော်ခေါင်းဆောင် (၁၀) ဦးနှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင် ၁၀ ဦး အလွတ်သဘော တွေ့ဆုံကြခြင်းသာဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မဟုတ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။

“JICM က NCA လမ်းကြောင်းက လာတာကိုး။ NCA လမ်းကြောင်းကလာတဲ့ JICM မှာ ကျွန်တော်တို့ အစိုးရဘက်နဲ့ တပ်ဘက်ကတော့ အကြီးအကဲတွေ တက်ကြတာ ဟုတ်တယ်ဗျာ့။ ကျွန်တော်တို့ဘက်က ကျတော့ နောက်ပိုင်း JICM မှာ ကြည့်လိုက်ရင် နာမည်ပေးထားတဲ့လူတွေ မတွေ့ရတော့ဘူး။ ကိုယ်စားလှယ်တွေ ကိုယ်စား ကိုယ်စားဆိုတော့ Protocol က အောက် သွားတယ်လေ။ အဲ့ဒါကြောင့် JICM က သိပ် အလုပ်မဖြစ်တော့သလို ဖြစ်သွားတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

သို့သော်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုမှ ညှိနှိုင်းရရှိလာသော အချက်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူကာ အတည်ပြုသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

 

Most Read

Most Recent