အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစား လုပ်သူများနှင့် ဒီမိုကရေစီကျင့်စဉ်နှင့် မညီညွတ်သည့် နည်းလမ်းဖြင့် ပြည်သူ့အာဏာကို ရယူရန် ကြိုးစားသူများသည် ဒီမိုကရေစီ၏ အန္တရာယ်များ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစား လုပ်သူများနှင့် ဒီမိုကရေစီကျင့်စဉ်နှင့် မညီညွတ်သည့် နည်းလမ်းဖြင့် ပြည်သူ့အာဏာကို ရယူရန် ကြိုးစားသူများသည် ဒီမိုကရေစီ၏ အန္တရာယ်များ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Published 16 September 2018

လွှတ်တော်ဝင်း အတွင်း၌ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် သရုပ်ဖော်ကပြကွက် တစ်ခုအား တွေ့ရစဉ်

ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစား လုပ်သူများနှင့် ဒီမိုကရေစီကျင့်စဉ်နှင့် မညီညွတ်သည့် နည်းလမ်းဖြင့် ပြည်သူ့အာဏာကိုရယူရန် ကြိုးစားသူများသည် ဒီမိုကရေစီ၏ အန္တရာယ်များဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်ဝန်းအတွင်း ပြုလုပ်သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားသည်။

အခမ်းအနားတွင် အဆိုပါသဝဏ်လွှာအား ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖတ်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင် “မိမိတို့အားလုံးဟာ ဒီမိုကရေစီရဲ့ အတုအယောင်တွေနဲ့ အန္တရာယ်တွေကိုလည်း မျက်ခြေမပြတ် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီရဲ့ အန္တရာယ်များ ဆိုသည်မှာ ဒီမိုကရေစီ မလိုလားသူများ၊ ဒီမိုကရေစီ ကဖျက်ယဖျက်သမားများ၊ ဒီမိုကရေစီကို မယုံကြည်သူများ၊ ဒီမိုကရေစီကို ယုံကြည်သော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားမလို အားမရဖြစ်ပြီး မိမိသဘောနဲ့မိမိ လုပ်ချင်ရာ လုပ်တဲ့အတွက် အာဏာရှင်စနစ်ဆီသို့ ပြန်ပြီးအသက်သွင်းပေးသလို ဖြစ်သွားသူများ၊ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစား လုပ်သူများ၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့အာဏာကို ရယူဖို့ ကြိုးစားသူတွေဟာ ဒီမိုကရေစီရဲ့ အန္တရာယ်တွေ ဖြစ်ပါတယ်။ ဒီအန္တရာယ်ကို အထူးအလေးအနက်ထား သတိပြုဖို့ လိုပါတယ်” ဟု ဖော်ပြထားသည်။

နိုင်ငံသားအားလုံး၏ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး၏ စုပေါင်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူ့အင်အား၊ ပြည်သူ့အာဏာကို မဏ္ဍိုင်ပြုသည့် နိုင်ငံရေးစနစ် ဖြစ်သည့်အတွက် ပြည်သူလူထု၏ ခံစားချက်နှင့် မျှော်လင့်ချက်များကို ဦးထိပ်ထားကာ လုပ်ကိုင်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတစ်ဦးချင်း၏ အခြေခံရပိုင်ခွင့်၊ လွတ်လပ်ပိုင်ခွင့်များနှင့် လူနည်းစု၏ အခွင့်အရေးများကို လေးစားဂရုထားရသကဲ့သို့ နိုင်ငံ၏အရေးအရာ ကိစ္စများတွင် ပြည်သူအများစုကို ကိုယ်စားပြုသူ၊ ပြည်သူ့ကိုယ်စားလှယ်များ၏ စုပေါင်းအားနှင့် အဖြေရှာပြီး အများဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ပြင် တိုင်းရင်းသားလူမျိုးစု အများအပြား ပေါင်းစည်းနေထိုင်သည့်အတွက် မတူကွဲပြားမှုများ အကြားတွင် လိုက်လျောညီထွေ သဟဇာတဖြစ်ရေးနှင့် ညီညွတ်စွာ ပေါင်းစည်းနိုင်ရေးသည် အရေးကြီးကြောင်း၊ သို့မှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရန်၊ ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရန်၊ ပြည်သူအများစု၏ လူနေမှုဘ၀ တိုးတက်မြင့်မားရန် စသည့်ရည်မှန်းချက်များ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ယင်းရည်မှန်းချက်များ အောင်မြင်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိပါက ဖွံ့ဖြိုးတိုးတက်ရေးကို မထိန်းသိမ်းနိုင်ကြောင်း၊ ထို့အတွက် နိုင်ငံကောင်းရန်၊ လူမျိုးတိုးတက်ရန်အတွက် ကျရာနေရာမှ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

“နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းအစပေါ်မှာ စတင်လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုဒီမိုကရေစီ လမ်းမပေါ်မှာ ခြေချခါစ အခြေအနေ အချိန်အခါဟာ အင်မတန် အရေးကြီးလှပြီး လမ်းလျှောက်တတ်ခါစ ကလေးကို ဂရုစိုက်သလို ပြိုလဲမသွားအောင်၊ လဲပြိုကျမသွားအောင် ဟန်ချက်ညီညီနဲ့ သတိတရား ဆင်ခြင်ပြီးတော့ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ဒီမိုကရေစီကို ရှင်သန်စေလိုတယ်ဆိုရင် ဥပဒေကို လေးစားရမှာဖြစ်သလို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ ထို့အတူ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဆိုတဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ မျှတတဲ့ သဘောထားတွေကိုလည်း အခြေခံဖို့လည်း လိုပါတယ်။ ဒီမိုကရေစီကျင့်စဉ်မှာ အပေးအယူ၊ စေ့စပ်ညှိနှိုင်းခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း၊ ဖြေရှင်းခြင်းတွေဟာ အင်မတန် အနှစ်သာရ ရှိလှပါတယ်။ ဒါတွေဟာ ဒီမိုကရေစီ ရှင်သန်ဖို့အတွက် လိုအပ်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီအစိုးရသည် ပြည်သူလူထုကို အလုပ်အကျွေးပြုရန် တည်ရှိနေခြင်းဖြစ်ပြီး ပြည်သူလူထုသည် အစိုးရကို အလုပ်အကျွေးပြုရန် တည်ရှိနေခြင်း မဟုတ်ဆိုသည့် သဘောတရားအပေါ်တွင် ဒီမိုကရေစီ စနစ်သည် အခြေပြုနေကြောင်း၊ ဒီမိုကရေစီ ရှင်သန်ရေးအတွက် မိမိတို့ကိုယ်တိုင် အမှားကင်းအောင် အထူးကြိုးစားကြရန် လိုအပ်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဒီမိုကရေစီမျိုးစေ့ကို အမြစ်တွယ်ရှင်သန်ဖွံ့ဖြိုးရန် ကြိုးစားကြရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ရေးသားထားသည်။

 

Most Read

Most Recent