မွန်နိုင်ငံရေးပါတီ အမည်သစ်အား သြဂုတ် ၃၁ ရက်တွင် အတည်ပြုသွားမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း ပါတီအသစ်အား မှတ်ပုံတင်မည်

မွန်နိုင်ငံရေးပါတီ အမည်သစ်အား သြဂုတ် ၃၁ ရက်တွင် အတည်ပြုသွားမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း ပါတီအသစ်အား မှတ်ပုံတင်မည်
Published 22 August 2018

မွန်နိုင်ငံရေးပါတီ အမည်သစ်အား သြဂုတ် ၃၁ ရက်တွင် အတည်ပြုသွားမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း ပါတီအသစ် အားမှတ်ပုံတင်သွားမည်ဟု မွန်နိုင်ငံရေးပါတီအသစ်မှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

“ဒီနေ့ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပါတီအမည် အသစ်ပေးမယ့်ကိစ္စကို သြဂုတ် ၃၁ ရက်ကို ရွေ့လိုက်တယ်။ သြဂုတ် ၃၁ ရက် မတိုင်ခင်ကြားထဲမှာ သဘောထားဆန္ဒ မပေးရသေးတဲ့ မြို့နယ်တွေကို အတတ်နိုင်ဆုံး သွားရောက် ရှင်းလင်းပြီးတော့ သဘောထား ကောက်ယူသွားပါမယ်။ အကယ်၍ သြဂုတ် ၃၁ ရက်ရောက်လို့ သဘောဆန္ဒ မပေးရသေးတဲ့ မြို့နယ်တွေကိုတော့ ဖုန်းနဲ့သဘောဆန္ဒတွေ တောင်းခံသွားမှာ ဖြစ်ပါတယ်” ဟု နိုင်လယိတမက ပြောကြားသည်။

ဆက်လက်ပြီး “သြဂုတ် ၃၁ ရက်မှာ ပါတီအမည်သစ် သတ်မှတ်ပြီးသွားရင် စက်တင်ဘာလအတွင်းမှာ ပေါင်းစည်းရေး အခမ်းအနားတစ်ခု ပြုလုပ်သွားမယ်။ တစ်ဆက်တည်းမှာပဲ ပါတီအသစ် မှတ်ပုံတင်ရေးကိစ္စကို ဆက်ပြီးဆောင်ရွက် သွားပါမယ်” ဟု ၎င်းက ပြောကြားသည်။

မော်လမြိုင်မြို့တွင် သြဂုတ် ၂၁ ရက်က ပြုလုပ်ခဲ့သော မွန်နိုင်ငံရေးပါတီအသစ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ မွန်အမျိုးသား ကိုယ်စားပြုပါတီ အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် မွန်နိုင်ငံရေး အင်အားစုများ၏ တွေ့ဆုံဆွေးနွေးပွဲ၌ ယင်းကဲ့သို့ သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် နှစ်ပါတီပူးပေါင်းမှု အကောင်အထည်ဖော်ရေး ကော်မတီ၏ ဇူလိုင်၂၁ ရက်က ပြုလုပ်ခဲ့သော စတုတ္ထအကြိမ် ဆွေးနွေးမှုအပြီး မွန်နိုင်ငံရေးပါတီ နှစ်ပါတီပေါင်းစည်းရေး အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် မွန်နိုင်ငံရေးပါတီသစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ ပါတီဗဟိုကော်မတီဝင်များ ရွေးချယ်သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် မွန်နိုင်ငံရေး ညီလာခံမှ ဖွဲ့စည်းပေးခဲ့သည့် မွန်အမျိုးသားကိုယ်စားပြုပါတီ အကောင်အထည်ဖော်ရေး ကော်မတီနှင့်လည်း သြဂုတ် ၆ ရက်က တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သဘောတူညီမှုများ ရရှိခဲ့ကြောင်းနှင့် ရှေ့ဆက်ဆွေးနွေး ညှိနှိုင်းမှုများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent