ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရမည့်အချက်များ သတ္တမအကြိမ် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရမည့်အချက်များ သတ္တမအကြိမ် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည်
Published 11 July 2018

ကျင်းပပြီးစီးခဲ့သည့် ဆဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်ရမည့် အချက်များအား သတ္တမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ဦးသိန်းမြင့်က ပြောကြားသည်။

“လာမယ့် သတ္တမအကြိမ် လွှတ်တော်မှာ စည်ပင်ဥပဒေနဲ့ ပတ်သက်ပြီး ပြင်စရာလေးတွေရှိတယ်။ နည်းနည်းပါးပါးပေါ့၊ စည်ပင်ဥပဒေမှာ အခွန်ကို နိုင်ငံခြားငွေနဲ့ မပေးရတော့ဘူး။ မြန်မာငွေနဲ့ပဲ သုံးရတော့မယ် အခြားအချက် အနည်းငယ်လောက် ပြန်ပြင်ရမှာ” ဟု ဦးသိန်းမြင့်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌမှ ရန်ကုန်တိုင်းအတွင်း ကုန်တင်ကုန်ချဥပဒေ၊ ရေချိုငါးလုပ်ငန်း ဥပဒေ၊ အသေးစား အလတ်စား လုပ်ငန်းဥပဒေ၊ အသေးစား လျှပ်စစ်ဥပဒေ၊ ရန်ကုန်တိုင်း သီးခြားအလံနှင့် မြေယာခွန်ဥပဒေများနှင့် ပတ်သက်ပြီး အသစ်ရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်းများပြုလုပ်ရန် ညွှန်ကြားထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒုတိယအချက်က ကုန်တင်ကုန်ချဥပဒေ၊ ရေချိုငါးဥပဒေ၊ အသေးစား အလတ်စား လုပ်ငန်းဥပဒေ၊ နောက်တစ်ခုက အသေးစား လျှပ်စစ်ဥပဒေ၊ ရန်ကုန်တိုင်း သီးခြားတံဆိပ်နဲ့ အလံပေါ့၊ နောက်မြေယာခွန် ဥပဒေတွေ အဲဒီထဲမှာမှ ရေချိုငါးနဲ့ မြေယာခွန် ဥပဒေကို ဒီမတိုင်ခင်မှာ လုပ်ထားပေးပါဆိုပြီး လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးလိုက်တယ်။ အမှန်မှန်တော့ ရေချိုငါးက ရှိပြီးသား။ အခုကတော့ ပြင်ဆင်တဲ့ ဥပဒေပေါ့။ မြေယာခွန်ဥပဒေက အရင်တုန်းက ပြည်ထောင်စုက အခုတိုင်းနဲ့ ပြည်နယ်အလိုက် လုပ်ခိုင်းတာ ကုန်တင်ကုန်ချကလည်း အရင်ကရှိပြီးသား ပြင်ဆင်တဲ့ ဥပဒေပဲ။ အသေးစား အလတ်စား ဥပဒေကတော့ အသစ်။ အရင်တုန်းက ပြည်ထောင်စုကပဲ အခုတိုင်းနဲ့ပြည်နယ်ကို ခွဲပေးလိုက်တယ်။ အသေးစား လျှပ်စစ်ဥပဒေက အသစ်။ အခုမှ လုပ်မှာ။ ရန်ကုန်တိုင်းအလံက ရှိပြီးသားပဲ အဲဒါကလည်း ပြင်ရမှာ” ဟု ဦးသိန်းမြင့်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေတွင် ပုဒ်မပေါင်း ၃၃၇ ခု၊ အခန်း ၃၁ ခန်းဖြင့် ဖွဲ့စည်းထားပြီး ပြစ်မှု၊ ပြစ်ဒဏ် ၁၆၈ ခု ဥပဒေအရ အရေးယူ အပြစ်ပေးနိုင်မှုများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေကို ဇွန် ၂၅ ရက်နှင့် ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဥပဒေပါအခန်း၊ အပိုဒ်ခွဲ၊ အပိုဒ်ခွဲငယ်များ၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဖြည့်စွတ်ခြင်းများကို ဆွေးနွေးပြီး အတည်ပြုပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဇွန် ၂၈ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုး လိုက်ခြင်းဖြစ်သည်။

 

Most Read

Most Recent