၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပရန်လျာထားပြီး ညီလာခံသို့ AA ၊ MNDAA ၊ TNLA သုံးဖွဲ့အား ဖိတ်ကြားရန် တပ်မတော်နှင့် အစိုးရ ဆက်လက်ညှိနှိုင်းရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပရန်လျာထားပြီး ညီလာခံသို့ AA ၊ MNDAA ၊ TNLA သုံးဖွဲ့အား ဖိတ်ကြားရန် တပ်မတော်နှင့် အစိုးရ ဆက်လက်ညှိနှိုင်းရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 26 June 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပနေသည့် မြင်ကွင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပရန်လျာထားပြီး ညီလာခံသို့  AA ၊ MNDAA ၊ TNLA သုံးဖွဲ့အား ဖိတ်ကြားရန် တပ်မတော်နှင့်အစိုးရ ဆက်လက်ညှိနှိုင်းရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “ညီလာခံကျင်းပမယ့်ရက်ကိုလည်း ကျွန်တော်တို့ ဇူလိုင် ၁၁ ရက်က စကျင်းပဖို့ပေါ့။ အရင် UNFC ဆွေးနွေးနေတဲ့ DPN ထဲကဆိုရင် KNPP ဖိတ်ကြားဖို့ UPDJC ကို တင်ပြမယ်။ ကျန်တဲ့ ANC တော့ ကျွန်တော်တို့ မဖိတ်တော့ဘူး။ “ဝ” ၊ မိုင်းလား၊ SSPP ၊ KIA ဖိတ်ပါမယ်။ ဟိုသုံးဖွဲ့မှာတော့ ကျွန်တော်တို့ ထပ်ပြီးညှိဖို့ရှိသေးတယ်။ သုံးဖွဲ့နဲ့ပတ်သက်လို့ အတိအကျ ဘယ်လိုလာမလဲဆိုတာ အတိအကျတော့ မပြောနိုင်သေးဘူး။ အစိုးရနဲ့ တပ်မတော်နဲ့ ညှိမှာ။ အစိုးရနဲ့ တပ်မတော်ညှိပြီးတော့ သုံးဖွဲ့လုံးဖိတ်မလား။ ဒါလေးတွေ အတည်ပြုဖို့ရှိပါတယ်။ သို့သော် မူအားဖြင့်တော့ ဒီညီလာခံက အားလုံးပါဝင် ဖို့မှန်းတဲ့အတွက် အားလုံးပါဝင်ရေးမူနဲ့ပဲ ချဉ်းကပ်တယ်။ သို့သော် နောက်ဆုံးအပြီးသတ်ထပ်ပြီးလုပ်ဖို့ လိုသေးတယ်” ဟု ပြောကြားသည်။

ဇွန် ၂၅ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် UPDJC အတွင်းရေးမှူး အဖွဲ့အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအား လေးရက်ကျင်းပရန် လျာထားပြီး အဆိုပါညီလာခံတွင် ညီလာခံအခင်း အကျင်းတချို့ ပြောင်းလဲမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

“ညီလာခံကတော့ ပုံမှန်အားဖြင့်ကတော့ ငါးရက်ပေါ့။ ၁၁ ရက်နေ့က စလုပ်မယ်။သို့သော် လေးရက်လောက်ဆိုရင် အဆင်ပြေမလားပေါ့။ ဒါလည်း လုပ်ငန်းကော်မတီ အစည်းအဝေးတွေအပေါ်၊ သဘောထားတွေ ဘယ်လောက်ရမလဲပေါ်မူတည်ပြီးတော့ ညီလာခံရက်က ဘယ်လောက်ဆိုတာဖြစ်မယ်။ ပြောင်းမယ်ဆိုတာက အရင်ညီလာခံ ဒုတိယအစည်းအဝေးတုန်းက ကဏ္ဍအလိုက် အစည်းအဝေးတွေကို အလေးထားပြီးဆောင်ရွက်တယ်။ အခုဟာကတော့ ကဏ္ဍအလိုက်တွေ လုပ်မယ်။ သို့သော်အစုအဖွဲ့အလိုက် အစည်းအဝေးတွေကို အဓိကဦးစားပေးမယ်။ အချိန်ပိုပေးမယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

၎င်းက “ဒီညီလာခံမှာကျတော့ နိုင်ငံရေး ကိစ္စမှာတော့ အထူးသဖြင့် အရေးကြီးတဲ့ နိုင်ငံရေး Package ကိစ္စမပါသော်လည်း လူနည်းစုအခွင့်အရေး၊ ကျား / မတန်းတူရေး ဒီကိစ္စတွေကို နိုင်ငံရေးပိုင်းမှာ အလေးထားပြီးဆွေးနွေးမယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ အထူးသဖြင့် ဒီလုပ်ငန်းကော်မတီတချို့ ကိစ္စရပ်တွေ ဆွေးနွေးသွားမယ်။ ဆွေးနွေးတဲ့ဟာကလည်း EAO နဲ့ တပ်မတော် အလွတ်သဘောဆွေးနွေးပွဲမှာ သဘောတူတဲ့အချက်တွေအပေါ် အခြေခံပြီး ဆွေးနွေးမယ်” ဟု ဆက်လက်ပြောကြားသည်။

၂၁ ကြိမ်မြောက် UPDJC အတွင်းရေးမှူး အဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ချက်ပေါင်း ၁၅ ခု ချမှတ်နိုင်ခဲ့ပြီး လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အလွတ်သဘောညှိထားသည့် သဘောတူညီချက်များအပေါ် အခြေခံပြီး လုပ်ငန်းကော်မတီအစည်းအဝေးများတွင် ဆွေးနွေးမှုစတင်ရန် သဘောတူခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

Most Read

Most Recent