၂၀၁၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လက်နက်ကိုင် ထိတွေ့မှု ၉၂ ကြိမ်နှင့် ဒေသန္တရ လက်လုပ်မိုင်း အသုံးပြုတိုက်ခိုက်မှု ၁၇ ကြိမ်ဖြစ်ပွားပြီး ဧပြီလထက် အကြိမ်အရေအတွက်ပိုများဟု MIPS လစဉ်မှတ်တမ်း၌ ဖော်ပြ

၂၀၁၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လက်နက်ကိုင် ထိတွေ့မှု ၉၂ ကြိမ်နှင့် ဒေသန္တရ လက်လုပ်မိုင်း အသုံးပြုတိုက်ခိုက်မှု ၁၇ ကြိမ်ဖြစ်ပွားပြီး ဧပြီလထက် အကြိမ်အရေအတွက်ပိုများဟု MIPS လစဉ်မှတ်တမ်း၌ ဖော်ပြ
Published 17 June 2018

ဧပြီ ၄ ရက်က International Business Center တွင် Norwegian People’s Aid မှ အဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်း ရှင်းလင်းရေး သရုပ်ပြနေစဉ်

၂၀၁၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လက်နက်ကိုင်ထိတွေ့မှု (Armed Clash) ၉၂ ကြိမ်နှင့်  ဒေသန္တရ လက်လုပ်မိုင်း အသုံးပြုသည့် တိုက်ခိုက်မှု (Improvised Explosive Devices Attack) ၁၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း Myanmar Institute for Peace and Security (MIPS) ၏ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့်ရေး အချက်အလက် ဒေတာဘေ့စ် (Township-based Conflict Monitoring System Data-base) တွင် မှတ်တမ်းတင်ထားသော အချက်အလက်များအရ သိရသည်။

MIPS ၏ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေး အချက်အလက် ဒေတာဘေ့စ် မှတ်တမ်းများအရ ၂၀၁၈ ခုနှစ် ဧပြီလတွင် လက်နက်ကိုင်ပဋိပက္ခ (Armed Incidents) (လက်နက်ကိုင်ထိတွေ့မှုနှင့် ဒေသန္တရ လက်လုပ်မိုင်း အသုံးပြုသည့် တိုက်ခိုက်မှု) ၇၃ ကြိမ်ဖြစ်ပွားခဲ့ရာမှ ၂၀၁၈ ခုနှစ် မေလတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှု ၁၀၉ ကြိမ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထို့အတူ ဧပြီလအတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှုများမှာ မြို့နယ် ၂၁ မြို့နယ်တွင်သာ ဖြစ်ပွားခဲ့သော်လည်း မေလတွင်မူ မြို့နယ်ပေါင်း ၂၅ မြို့နယ်အထိ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ကို တွေ့ရကြောင်း သိရသည်။

သို့သော် မေလတွင် လက်နက်ကိုင်ထိတွေ့မှုတိုက်ပွဲ အကြိမ်အရေအတွက် ပိုများလာခဲ့သော်လည်း တိုက်ပွဲကြီး ဖြစ်ပွားမှုအကြိမ် အရေအတွက်မှာမူ ဧပြီလအောက် နည်းပါးနေသည်ကို တွေ့ရကြောင်း MIPS ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

“တိုက်ပွဲအရေအတွက်က မေလမှာတော့ ပိုများလာတယ်။ ဒါပေမဲ့ တိုက်ပွဲကြီးတွေ လျော့သွားတယ်ပေါ့။ မေလမှာတော့ တိုက်ပွဲထိတွေ့မှုတွေတော့ ပိုများလာတယ်။ တိုက်ပွဲကြီးတွေတော့ လျော့လာတယ်ဆိုတဲ့ သဘောပါ။ စစ်ရဲ့သဘောသဘာဝအရ Adjustment ပေါ့။ ဒီလိုလုပ်ကြတယ် လို့တော့မြင်တယ်။ တစ်ဖက်က စစ်နည်းဗျူဟာ ပြောင်းတဲ့အလားအလာ တွေ့ရတယ်။ အထူးသဖြင့် KIO ဘက်ကဆိုရင် သူတို့က အရင်တုန်းက စခန်းထိုင်တိုက်တဲ့ စစ်ပွဲသဏ္ဌာန်ကနေပြီးတော့ ပြောက်ကျား စစ်သဏ္ဌာန်ကို ပိုပြီးပြောင်းလာတာကို တွေ့ရတယ်။ အဲဒီအလားအလာကို တွေ့ရတယ်။ တပ်မတော်ဘက်ကလည်း ဒါနဲ့ပတ်သက်ပြီးတော့ အချို့တပ်မတွေကို ပြန်ရုပ်ပြီးတော့ သူတို့လည်း စစ်ပွဲပုံသဏ္ဌာန်တွေ ပြောင်းလာတာကို တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ ကချင်ပြည်နယ် စစ်မြေပြင်ပေါ် တွေ့နေရတာကတော့ နှစ်ဖက်စလုံးကနေပြီးတော့ သူတို့ရဲ့ တိုက်နည်းတိုက်ဟန်တွေ ပြောင်းလာမယ့် အလားအလာတွေကို တွေ့ရပါတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

မေလအတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံး ကြုံတွေ့ရသည့် မြို့နယ်များမှာ ကချင်ပြည်နယ်ရှိ ဖားကန့်မြို့ နယ်နှင့် တနိုင်းမြို့နယ်၊ ရှမ်းပြည်နယ်ရှိ မူဆယ်မြို့နယ်များဖြစ်ကြောင်း သိရသည်။

လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ၌ တပ်မတော်နှင့် KIA အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ဧပြီတွင် ၃၈ ကြိမ်သာရှိခဲ့ရာမှ မေလတွင် ယင်းအဖွဲ့အစည်း နှစ်ဖွဲ့အကြား ထိတွေ့မှု ၅၅ ကြိမ်အထိ မြင့်တက်လာကြောင်း၊ ထိုကဲ့သို့ တိုက်ပွဲအရေအတွက် မြင့်မားလာသော်လည်း KIA အထိုင်စခန်းများကို သိမ်းပိုက်ရန် ရည်ရွယ်၍ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့နှင့် တိုက်ခိုက်မှု အရေအတွက်မှာ ဧပြီလနှင့် နှိုင်းယှဉ်လျှင် ကျဆင်းသွားကြောင်း MIPS က ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

ထို့အတူ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု (Nothern Alliance) အဖွဲ့က တပ်မတော် စစ်ကြောင်းများကို နေရာဒေသ အများအပြားတွင် အကြိမ်များစွာ တန်ပြန်တိုက်ခိုက်ခဲ့ခြင်းကြောင့် မေလအတွင်း လက်နက်ကိုင် ထိတွေ့မှု အရေအတွက် ပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း၊ တပ်မတော်နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အကြားတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြားတွင် ထိတွေ့မှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း MIPS က ဖော်ပြထားသည်။

မေ ၁၇ ရက်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး နောက်တွင်မူ တပ်မတော်နှင့် KNU လက်အောက်ခံ KNLA အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ရပ်တန့်သွားကြောင်း သိရသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားမှု အချက်အလက် ကောက်ယူခဲ့သည့် ပုံစံများနှင့် ပတ်သက်၍ ဒေါက်တာမင်းဇော်ဦးက “ကျွန်တော်တို့မှာ ဒေတာကောက်တဲ့စနစ်ရှိတယ်။ အဲဒီစနစ်မှာ မြေပြင်ကတာဝန်ရှိတဲ့ သူတွေက ကောက်တယ်။ နောက်ပြီးတော့ လုံခြုံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သူတို့ဆီက အတည်ပြုတာ မျိုးတွေရှိတယ်။ မြေပြင်ကနေ အတည်ပြုတာတွေရှိတယ်။ ဂျာနယ်တွေ၊ Report တွေကနေပြီးတော့ ကြည့်တာတွေရှိတယ်။ သတင်းထုတ်ပြန်တာတွေပြန်ပြီး အတည်ပြုတာမျိုး ပုံစံတွေနဲ့ စစ်တမ်းယူပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ စစ်ရေးတင်းမာမှုများ မြင့်တက်နေဆဲဖြစ်ပြီး ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်သည့် အလားအလာကို တွေ့ရှိရကြောင်းနှင့် ၂၀၁၈ ခုနှစ် မေလအတွင်း စစ်ဘက်ပစ်မှတ် မဟုတ်သော အရပ်သားဆိုင်ရာ ပစ်မှတ်များကို ဖောက်ခွဲတိုက်ခိုက်မှု အရေအတွက် လျော့ကျသွားသော်လည်း ဖြစ်ပွားနိုင်ခြေ မြင့်မားနေဆဲဖြစ်ကြောင်း MIPS က သုံးသပ်ဖော်ပြ ထားသည်။

 

Most Read

Most Recent